သတင်း

ထိုင်းက ပြန်ပို့စဉ် BGF ပစ်ခတ်ဖမ်းဆီးသူ ၃ ဦးအနက် ၁ ဦး သေဆုံး

ဧပြီ ၃ တွင် ထိုင်းအစိုးရက မြန်မာနိုင်ငံဘက် လွှဲပြောင်းပြီးနောက် နယ်စပ်တွင် ကရင်နယ်ခြားစောင့်တပ် BGF က ပစ်ခတ်ဖမ်းဆီးလိုက်သည့် Lion Battalion Commando တပ်ဖွဲ့ဝင် ၃ ဦးအနက် ၁ ဦး သေဆုံးသွားသည်ဟု သိရသည်။

၂၆ နှစ်အရွယ် စောဖြိုးလေးသည် ရင်ဘတ်ကျည်ဖောက်ထွင်းဒဏ်ရာဖြင့် နာရီပိုင်းအကြာတွင် သေဆုံးသွားသည်ဟု စစ်ကြောင်း၏ ပြန်ကြားရေးတာဝန်ခံက Myanmar Now ကို ယမန်နေ့ (ဧပြီ ၉ ရက်) ညပိုင်းက ပြောသည်။

“စောဖြိုးလေးကတော့ ဆုံးသွားပါပြီ။ တပ်တွင်းသတင်းပေးတဲ့သူက လူတစ်ယောက်တော့ ဆုံးသွားပြီ၊ ဆေးတော့ ကုလိုက်သေးတယ်လို့ ကျွန်တော်တို့ကို သတင်းလှမ်းပို့ပါတယ်” ဟု သူက ပြောသည်။

ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိထားသည့် ၃၈ နှစ်အရွယ် ဒုစစ်ကြောင်းမှူး ကိုသီဟ၊ ၃၁ နှစ်အရွယ် ကိုထက်နေဝင်းတို့မှာ မွန်ပြည်နယ် မော်လမြိုင်မြို့ စစ်ကြောရေးစခန်းတွင် ရောက်နေသည်ဟုလည်း ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

“ကျွန်တော်တို့ ပြန်သိရတာက ၃ ဦးလုံးကို ခေါင်းစွပ်၊ ကြိုးတုပ်ပြီး ကားပေါ်မှာ လှဲချပြီး ခေါ်သွားကြတယ်” ဟု သူက ဆက်ပြောသည်။

Lion Battalion Commando တပ်ဖွဲ့ဝင်များကို မြန်မာဘက်ခြမ်းတွင် BGF တို့ ဖမ်းဆီးထားစဉ်။ ဆေးမင်ကြောင်၊ ထိုင်းတွင် ဖမ်းဆီးခံရစဉ် ဝတ်ဆင်ထားသော အဝတ်အစားများနှင့် တူညီနေသည်ကို ပုံတွင် တွေ့ရသည်။

သေဆုံးသွားသူ၏ ရုပ်အလောင်းကို ပြန်မရရှိကြောင်း ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

ပစ်ခတ်ဖမ်းဆီးခံရပြီး ရိုက်ကူးထားသည်ဟု ယူဆရသည့် ဓာတ်ပုံများတွင် မော်တော်ယာဉ်အတွင်း မျက်လုံးစည်းနှောင်ထားပြီး ခြေနှင့် လက်တို့ကိုလည်း လက်ထိတ်များခတ်ကာ ချုပ်နှောင်ခံထားရသော တပ်ဖွဲ့ဝင် ၂ ဦးကို တွေ့ရသည်။

ထိုင်းတွင် ဖမ်းဆီးခံရခြင်းမှာ မတ် ၂၅ ရက်နေ့က ကော့ကရိတ်မြို့နယ် ကျုံဒိုးတိုက်ပွဲအတွင်း ရရှိခဲ့သည့် ဒုစစ်ကြောင်းမှူး ကိုသီဟ၏ ဒဏ်ရာအတွက် ဆေးကုသမှုခံယူရန် ၎င်းတို့ ၃ ဦး ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ သွားရောက်စဉ် လမ်းတွင် ထိုင်းအာဏာပိုင်များနှင့် ရင်ဆိုင်ခဲ့ရခြင်းကြောင့် ဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) မှ တာဝန်ရှိသူအချို့နှင့် ထိုင်း-မြန်မာနယ်စပ် အရပ်ဘက်အဖွဲ့အစည်းအချို့က ထို ၃ ဦး လွတ်မြောက်ရေးအတွက် ထိုင်းအာဏာပိုင်များနှင့် သွားရောက်တွေ့ဆုံညှိနှိုင်းခဲ့သော်လည်း နောက်တစ်နေ့ (ဧပြီ ၄ ရက်နေ့) မှသာ ပြန်လာရန် ပြောဆိုခဲ့ကြောင်း သိရသည်။

ဧပြီလ ၄ ရက်နေ့တွင် မဲဆောက်မြို့ရှိ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနသို့ သွားရောက်သည့်အခါတွင် ထို ၃ ဦးကို BGF အဖွဲ့ထံသို့ လွှဲပြောင်းလိုက်ပြီးဖြစ်နေကြောင်း သူက ဆိုသည်။

မဲဆောက်မြို့နှင့် ၁၃ မိုင်သာ ကွာဝေးသော နေရာမှ မြန်မာနိုင်ငံဘက်ခြမ်း မယ်ထော်သလေးကျေးရွာအနီးရှိ BGF တပ်ဖွဲ့ရှိရာ အင်ကြင်းမြိုင်သို့ စက်လှေဖြင့် ပြန်ပို့လိုက်ခြင်းဖြစ်သည်။

လှေပေါ်အရောက်တွင် တပ်ဖွဲ့ဝင် ၃ ဦးအနက် ၂ ဦးမှာ လွတ်မြောက်ရန် ကြိုးစားခဲ့သည့်အချိန်တွင် BGF အဖွဲ့က ပစ်ခတ်ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုင်းအစိုးရက ထို ၃ ဦးကို နယ်ခြားစောင့်တပ်ထံ ပို့လိုက်ခြင်းသည် ဂျီနီဗာစာချုပ်ပါ ပြဋ္ဌာန်းချက်၊ ထိုင်းဥပဒေ၊ နိုင်ငံတကာဥပဒေတို့ကို ချိုးဖောက်ရာရောက်ဖွယ်ရှိသည်ဟု ထိုင်းနိုင်ငံမှ အတိုက်အခံပါတီငယ်တစ်ခုဖြစ်သည့် The Commoners’ Party က ဧပြီ ၈ တွင် ကြေညာသည်။

“ရက်စက်ကြမ်းကြုတ်သည့် မြန်မာစစ်အုပ်စုအလိုကျ လုပ်ဆောင်သည့်” ထိုင်းအစိုးရ၏ လုပ်ရပ်ကို ပါတီက ဆန့်ကျင်ကန့်ကွက်လိုက်ပြီး ထိုသုံးဦးကို နယ်စပ်ဖြတ်ပို့ဆောင်ခြင်းနှင့် ပတ်သက်၍ အများပြည်သူကို ရှင်းပြရန်လည်း တောင်းဆိုလိုက်သည်။

ထိုင်းအာဏာပိုင်တို့က အဘယ်ကြောင့် ထိုသို့ လွှဲပြောင်းခြင်းဖြစ်ကြောင်း ထုတ်ပြန်ခြင်း မရှိသေးပေ။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းမှစ၍ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့သို့ ခိုလှုံလာကြသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ ၅၀,၀၀၀ နှင့်အထက် ရှိနေကြောင်း ဘန်ကောက်ပို့စ်သတင်းစာက ပြီးခဲ့သည့်မတ်လအတွင်း ရေးသားဖော်ပြခဲ့ဖူးသည်။

မဲဆောက်မြို့တွင် တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသားများကို ထိုင်းရဲများက နေ့စဉ် ဖမ်းဆီးနေပြီး ပြန်လည်လွတ်မြောက်ရေးအတွက် ညှိနှိုင်းပါက ငွေတောင်းယူပြီး ပြန်လွှတ်ပေးလေ့ရှိကြောင်း၊ ဘတ်ငွေ ရာဂဏန်း ထောင်ဂဏန်း ပေးရသူများရှိသလို တစ်ဦးလျှင် ဘတ်နှစ်သောင်း (ကျပ် ၁၂ သိန်းခန့်) အထိ ပေးမှ ပြန်လွတ်လာသူများလည်း ရှိကြောင်း သိရသည်။

Lion Battalion Commando စစ်ကြောင်းမှ တပ်ဖွဲ့ဝင် ၃ ဦး ပစ်ခတ်ဖမ်းဆီးခံလိုက်ရပြီး သုံးရက်ခန့်အကြာ ဧပြီလ ၆ ရက်နေ့မှစ၍ မြဝတီမြို့အနီးရှိ ရွေကုက္ကိုလ်မြို့သစ်စီမံကိန်းအနီးတွင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီ၊ BGF တို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်။

ထိုင်း-မြန်မာကုန်သွယ်ရေးတွင် အဓိက အရေးပါသည့် အာရှလမ်းမကြီး၏ မြဝတီ- ကော့ကရိတ်လမ်းပိုင်းကို ဧပြီလ ၆ ရက်နေ့မှ ၂၁ ရက်နေ့အထိ ပိတ်လိုက်ကြောင်း ပူးပေါင်းတပ်က ကြေညာထားသည်။

လတ်တလောတွင် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ရပ်တန့်နေသည်။

ယခုရက်ပိုင်းအတွင်း ရွေကုက္ကိုလ်အနီး ကျေးရွာများတွင် ရက်ဆက်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံ ၉,၀၀၀ ကျော် သောင်ရင်းမြစ်ကို ဖြတ်ကူးကာ ထိုင်းနိုင်ငံဘက်ခြမ်းတွင် တိမ်းရှောင်နေကြရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button