
လွန်ခဲ့သည့်တစ်နှစ်ကျော်က အသက်ရှစ်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို ခိုးယူ အဓမ္မပြုကျင့်ပြီး မန္တလေး-ပြင်ဦးလွင် ကားလမ်းဘေးတွင် ပစ်ထားခဲ့သည့် တရားခံကို ပြင်ဦးလွင်ခရိုင်တရားရုံးက မုဒိမ်းမှု၊ လူခိုးမှု၊ အပြင်းအထန် နာကျင်စေမှုတို့ဖြင့် ထောင်ဒဏ် နှစ် ၃၀ သီးခြားကျခံစေရန် ယနေ့ အမိန့်ချလိုက်သည်။
မန္တလေးမြို့နေ အသက် ၂၉ နှစ်ရှိ သီဟနိုင် (ခေါ်) အငယ်လေးသည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့က ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန် (၂) တွင်နေထိုင်သည့် မိန်းကလေးငယ်ကို မုဒိမ်းပြုကျင့်မှုအတွက် အလုပ်နှင့်ထောင်ဒဏ် နှစ် ၂၀၊ လူခိုးမှုအတွက် အလုပ်နှင့်ထောင်ဒဏ် ငါးနှစ်၊ အပြင်းအထန် နာကျင်စေမှုအတွက် အလုပ်နှင့်ထောင်ဒဏ် ငါးနှစ်စီကို သီးခြားစီကျခံစေရန် အမိန့်ချမှတ် ခံခဲ့ရခြင်းဖြစ်သည်။
အဆိုပါ မိန်းကလေးငယ်သည် အဆိုပါနေ့က မွန်းလွဲ ၁ နာရီခန့်တွင် မိဘများ၏ အလုပ်ရုံမှ စက်ဘီးဖြင့် တစ်ယောက်တည်း ဈေးဝယ်ထွက်ခဲ့ပြီးနောက် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပြီး နောက်တစ်ရက်အကြာတွင် ပျောက်ဆုံးသွားသည့် နေရာမှ မိုင် ၃၀ ခန့်အကွာ မန္တလေး – ပြင်ဦးလွင် ကားလမ်းဘေး ချုံပုတ်ထဲတွင် အဓမ္မပြုကျင့် ခံခဲ့ရဖွယ်ရှိသည့် လက္ခဏာများဖြင့် ပြန်လည်တွေ့ရှိခဲ့သည်။
ကလေးငယ် ပျောက်ဆုံးသွားသည့် လမ်းကြောင်းတစ်လျှောက်ရှိ လုံခြုံရေးကင်မရာ CCTV မှတ်တမ်းများအရ အသက် ၃၀ မှ ၄၀ အတွင်းရှိသည့် ဆံပင် အဝါရောင် ဆေးဆိုးထားသည့် အမျိုးသားတစ်ဦးသည် ကလေးငယ်အား ဆိုင်ကယ်ဖြင့် ခေါ်ယူသွားသည်ကို တွေ့ရှိခဲ့ရပြီးနောက် ရဲတပ်ဖွဲ့က လိုက်လံစုံစမ်းရာ ပျောက်ဆုံးသည့်နေ့မှ တစ်လကျော်အကြာတွင် တရားခံကို ရှမ်းပြည်နယ် တောင်ကြီးမြို့အနီးတွင် ဖမ်းဆီးရမိခဲ့သည်။
“ကလေးမလေးက မျက်လုံးဒဏ်ရာကြောင့် အာရုံကြောချို့ယွင်းသွားတယ်။ ဒဏ်ရာက ထိုးကြိတ်လို့ ဖြစ်တာလို့ ထင်ပါတယ်။ တရားရုံးက ဘယ်လိုကြောင့် အဲဒီဒဏ်ရာရသလဲ ထည့်ပြောမသွားပါဘူး” ဟု အဆိုပါအမှုတွင် လိုက်ပါကူညီဆောင်ရွက်ပေးခဲ့သည့် စက်မှုဇုန် (၂) မှ ဓမ္မိကလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးကျော်မြင့်နိုင်က ဆိုသည်။
အဆိုပါမိန်းကလေးငယ်အမှုတွင် တက်ကြွစွာပါဝင်ဝန်းရံခဲ့သူများကမူ တရားခံရရှိသည့်ပြစ်ဒဏ်များအနက် ထိခိုက်နာကျင်စေမှုအတွက် ပြစ်ဒဏ်က နည်းသည်ဟု မြင်ကြောင်း ပြောသည်။
“(မုဒိမ်းမှု) အတွက် ပုံမှန် နှစ် ၂၀ အမိန့်ချတာ ကျွန်မတို့လက်ခံတယ်၊ ကလေးလေးက မျက်လုံးထိခိုက်ပြီး အမြင်အာရုံ ချို့ယွင်းသွားတယ်၊ အဲဒီအတွက်ပေးတဲ့ ပြစ်ဒဏ်ငါးနှစ်က မမျှတဘူးလို့မြင်တယ်၊ အဲဒီအတွက် ကလေးမိဘတွေနဲ့ ကျွန်မတို့ လိုက်ပါကူညီပေးတဲ့ အဖွဲ့တွေက အဖြေရှာပြီး တစ်ခုခု ဆက်လုပ်သွားပါ့မယ်” ဟု မန္တလေးအခြေစိုက် ကလေးသူငယ်နှင့် အမျိုးသမီးအကြမ်းဖက်ခံရမှု တားဆီးကာကွယ်ပပျောက်ရေးကွန်ရက်မှ မမြအေးငြိမ်းက ပြောသည်။