
(မန္တလေး) – မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန်(၂) တွင် ယမန်နေ့က ပျောက်ဆုံးသွားသည့် အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်အား ပျောက်ဆုံးသွားသည့် နေရာမှ မိုင် ၃၀ ခန့်အကွာ မန္တလေး – ပြင်ဦးလွင် ကားလမ်းဘေး ချုံပုတ်ထဲတွင် အဓမ္မပြုကျင့် ခံခဲ့ရဖွယ်ရှိသည့် လက္ခဏာများဖြင့် ယနေ့နံနက်တွင် ပြန်လည်တွေ့ရှိခဲ့သည်။
ကျန်းမာရေးကြောင့် ကျောင်းမသွားဖြစ်သည့် ကလေးငယ်သည် ယမန်နေ့ နေ့လယ် ၁ နာရီခန့်တွင် စက်မှုဇုန်အတွင်းရှိ သူ၏မိဘများ၏ အလုပ်ရုံမှ စက်ဘီးဖြင့် မုန့်ထွက်ဝယ်စဉ် ပျောက်ဆုံးသွားခြင်းဖြစ်သည်။
“အဓမ္မပြုကျင့်ခံရတာ မှန်ပါတယ်။ အခု ကလေးက ပြင်ဦးလွင်ဆေးရုံ အထူးကြပ်မတ်ဆောင်မှာပါ။ ခွဲစိတ်အပြီး သတိရတစ်ချက် မရတစ်ချက်ဖြစ်နေပါတယ်” ဟု ဓမ္မိက လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးကျော်မြင့်နိုင်က ပြောသည်။
ကလေးငယ်အား ယနေ့နံနက် ၈ နာရီခန့်တွင် စျေးသည်တစ်ဦးက တောတွင်းလမ်းမအနီး တွေ့ရှိခဲ့ခြင်းဖြစ်ပြီး သူနှင့်အတူ ပျောက်ဆုံးသွားသည့် စက်ဘီးကိုတော့ မတွေ့ရဟု သုံးတောင်အုပ်ချုပ်ရေးမှူး ဦးပြည့်စုံက ပြောသည်။
“တစ်နေရာမှာ ကျူးလွန်ပြီး လာပစ်ထားဟန်ရှိတယ်။ အဲဒီနေရာမှာတော့ ခြေရာလက်ရာမရှိဘူး” ဟု ၄င်းက ပြောသည်။
မိန်းကလေးငယ် ပျောက်ဆုံးသွားသည့်နေရာများမှ လုံခြုံရေးကင်မရာတွင် ၄င်းနှင့်အတူ တွေ့ရှိသည့် အင်္ကျီအနက်ရောင်ဝတ် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကိုလည်း ရဲက လိုက်လံရှာဖွေနေသည်။
“အခုလမ်းကြောင်းတစ်လျှောက်က CCTV (လုံခြုံရေးကင်မရာ) မှတ်တမ်းတွေလိုက်စစ်နေပါတယ်။ စက်မှုဇုန်ထဲ သွားပြီးမှ မြင်တွေ့လိုက်တဲ့သက်သေတွေ သွားစစ်နေပါတယ်။ အပူတပြင်းစုံစမ်းနေပါတယ်” ဟု ပြင်စာရဲစခန်းစခန်းမှူး ရဲအုပ်ဝင်းဗိုလ်ကပြောသည်။
အဆိုပါ အဖြစ်အပျက်အတွက် ရဲက ထောင်ဒဏ် နှစ် ၂၀ အထိချနိုင်သည့် အဓမ္မကျင့်မှု၊ အမြင့်ဆုံးထောင်ဒဏ် ၇ နှစ်အထိ ကျခံရနိုင်သည့် ကလေးခိုးမှု၊ သာမန်လက်နက်ဖြင့် အပြင်းအထန်နာကျင်စေမှု ဖြင့် အမှုဖွင့်ထားသည်။



