သတင်း

အလုပ်သမားသံအရာရှိ လာဘ်စားကြောင်း အထောက်အထားရှိသည့်အမှုဖြင့် စတရားစွဲဟု အဂတိကော်မရှင်ပြော

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိဟောင်း ဦးစန်းမောင်ဦးသည် ပြည်ပအလုပ်အကိုင် ရှာဖွေရေးကုမ္ပဏီတစ်ခုထံမှ ထိုင်းဘတ် ၄၀,၀၀၀ (ကျပ်သိန်း ၂၀ နီးပါး) ကို ၂၀၁၈ ခုနှစ်အတွင်း နှစ်ကြိမ်ခွဲ ရယူခဲ့သည်ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ပြောသည်။

ဇန်နဝါရီလ ၇ ရက် ယမန်နေ့က ရန်ကုန်တိုင်းတရားလွှတ်တော် ရုံးချိန်းတွင် တရားလိုဖြစ်သည့် ကော်မရှင် လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုးကျော်လွင်က တရားခွင်၌ ထွက်ဆိုခြင်းဖြစ်သည်။

ကော်မရှင်သည် ပြီးခဲ့သည့်နိုဝင်ဘာလအတွင်း ဦးစန်းမောင်ဦးကို စတင်အမှုဖွင့်စဉ်က ၎င်းသည် တစ်ဒါဇင်ကျော်သော ကုမ္ပဏီများထံမှ သန်းနှင့်ချီသော ထိုင်းဘတ်ငွေများကို လာဘ်ရယူခဲ့ကြောင်း တိုင်ကြားစာ ရရှိခဲ့သည်ဟု ထုတ်ပြန်ခဲ့သော်လည်း အထောက်အထား အခိုင်အလုံ ပြနိုင်သော ယခုဖြစ်စဉ်ဖြင့်သာ စတင်စွဲဆိုခဲ့ခြင်းဖြစ်သည်ဟုလည်း ၎င်းကပြောသည်။

လာဘ်ရယူသည့် ကိစ္စနှင့် ပတ်သက်ပြီး ပြည်ပအလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီအချို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးခဲ့သော်လည်း ကုမ္ပဏီအချို့မှာ အဆင်ပြေသည့်ငွေပမာဏ ပေးခဲ့ကြောင်းသာ ထွက်ဆိုကြပြီး ခိုင်လုံသည့် သက်သေမပြနိုင်ကြောင်း ဦးမိုးကျော်လွင်က ရုံးချိန်းအပြီးတွင် မီဒီယာများကို ပြောသည်။

သက်သေ ခိုင်ခိုင်မာမာ ပြနိုင်တာကို တရားစွဲရတာဟု ၎င်းက ပြောသည်။

ဦးစန်းမောင်ဦးသည် ထိုင်းနိုင်ငံတွင် တာဝန်ထမ်းဆောင်ခဲ့သည့် တစ်နှစ်ခွဲခန့် ကာလအတွင်း ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီများထံမှ လာဘ်ငွေ အကြိမ်ကြိမ် ရယူခဲ့သည်ဟုဆိုကာ ဆယ်နှစ်အထိ ထောင်ဒဏ်ချနိုင်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ တရားစွဲခံထားရသည်။

အလုပ်သမားသံအရာရှိဟောင်းသည် လာဘ်ငွေ စုစုပေါင်း ကျပ်သိန်း ၂၀၀၀ ကျော် (ထိုင်းဘတ် ၄ ဒသမ ၃ သန်းကျော်) ရယူခဲ့သည်ဟု ကုမ္ပဏီများက ကော်မရှင်ထံ တိုင်ကြားခဲ့ကြောင်း၊ လာဘ်ရယူသည့်ဖြစ်စဉ်များကို ကော်မရှင်ကလည်း စစ်ဆေးတွေ့ရှိသည့်အတွက် ၎င်းကို ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့မရဲစခန်း၌ အမှုဖွင့်တရားစွဲဆိုခဲ့ကြောင်း နိုဝင်ဘာ ၇ ရက်တွင် ကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သည်။

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၂၃၄ အရ တစ်နှစ်အတွင်း ကျူးလွန်သည့် အမျိုးအစားတူ ပြစ်မှုသုံးခုကို ပေါင်းစပ်၍ စွဲချက်တစ်ခု တင်နိုင်ရာ ကော်မရှင်သည် ဦးစန်းမောင်ဦးကို အမှုရှစ်မှုဖွင့်ကာ တရားစွဲဆိုထားကြောင်းလည်း ဦးမိုးကျော်လွင်က Myanmar Now ကို ပြောသည်။

ကျန်သည့်ဖြစ်စဉ်များနှင့် ပတ်သက်၍ အသေးစိတ်များကို မပြောနိုင်သေးကြောင်း ၎င်းက ပြောသည်။

လာဘ်ငွေယူရာတွင် သံအရာရှိဟောင်းကို အားပေးကူညီကြောင်း ကော်မရှင်က စွပ်စွဲထားသည့် ဒေသခန့်ဝန်ထမ်း ဦးသန်းထိုက်စိုး (ခ) ကိုစိုးနှင့် ဦးစောပြည့်ငြိမ်း (ခ) စောဂျက် တို့ကိုလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆၊ ၆၃ တို့ဖြင့် အမှုဖွင့်ထားသော်လည်း ၎င်းတို့မှာ တိမ်းရှောင်နေဆဲ ဖြစ်သည်ဟု သိရသည်။

ကျူးလွန်ရန် အားပေးကူညီသူကိုလည်း ပုဒ်မ ၆၃ အရ တူညီသော ပြစ်ဒဏ်ချမှတ်နိုင်သည်။

အဆိုပါအမှု၏ နောက်ထပ် ရုံးချိန်းမှာ ဇန်နဝါရီလ ၁၄ ရက် ဖြစ်သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးဖော်ထုတ်ခဲ့သည့် အကျင့်ပျက်ခြစားမှုများအနက် တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဟောင်း ဒေါက်တာသန်းထွဋ် စသည်တို့မှာ ရာထူးအကြီးဆုံးအမှုများ ဖြစ်သည်။

Show More

Related Articles

Back to top button