
မော်လမြိုင်မြို့နယ်နေ အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို မုဒိမ်းကျင့်သည်ဟုဆိုကာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ ဒုတပ်ကြပ်တစ်ဦးအား ယနေ့ (ဒီဇင်ဘာ ၃၁) တွင် မုပွန်နယ်မြေရဲစခန်း၌ အမှုဖွင့်ထားသည်ဟု နယ်မြေစခန်းမှ ရဲအုပ်အောင်နိုင်ဦးက ပြောသည်။
အသက် ၅၅ နှစ်အရွယ်ရှိ ဒုတပ်ကြပ် အုန်းသန်းဆိုသူကို မိန်းကလေးငယ်၏ ဖခင်ဖြစ်သူက တရားလိုပြုလုပ်တိုင်တန်းမှုကြောင့် မော်လမြိုင်မြို့၊ မုပွန်နယ်မြေရဲစခန်းတွင် (ပ) နံပါတ် ၃၁၀၇/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၇ (ဓမ္မတာနှင့်ဆန့်ကျင်သော ကာမစပ်ယှက်မှု) ဖြင့် အမှုဖွင့်ထားခြင်း ဖြစ်သည်။
“အခုလက်ရှိ စစ်ဆေးဆဲပဲ ရှိပါသေးတယ်၊ ကျွန်တော်တို့ မှုခင်းပိုင်းနဲ့ပတ်သက်ပြီးတော့ အမှုလမ်းကြောင်းအတိုင်း စစ်ဆေးသွားမှာပါ” ဟု ရဲအုပ်အောင်နိုင်ဦးက ယနေ့နေ့လယ်ပိုင်းက ပြောသည်။
ကျူးလွန်ခံရသူမှာ အခြေခံပညာ စတုတ္ထတန်းကျောင်းသူဖြစ်ပြီး အမှုနှင့်ပတ်သက်သည့် ဆေးစစ်ချက်များ ရယူပြီးဖြစ်သည်ဟု ဆက်ပြောသည်။
ဒုတပ်ကြပ်အုန်းသန်းသည် ကျူးလွန်ခံရသူ မိန်းကလေးငယ်၏ မိသားစုဝင် ဆွေမျိုးများနေထိုင်ရာ ခြံဝင်းတွင် ငှားရမ်းနေထိုင်သူဖြစ်ပြီး ဒီဇင်ဘာလ ၂၈ ရက်တွင် ကလေးငယ်အား “မုဒိမ်းပြုကျင့်သည်ကို အိမ်နီးနားချင်းများက လက်ပူးလက်ကြပ်မိခဲ့သည်” ဟု မိန်းကလေး၏ အုပ်ထိန်းသူ က Myanmar Now ကိုပြောသည်။
ဒီဇင်ဘာလ ၂၈ ရက် မတိုင်ခင် တစ်ပတ်ခန့်အတွင်းကလည်း လေးကြိမ်ထက်မနည်း အမျိုးသမီး အင်္ဂါအစိတ်အပိုင်းများ ကိုင်တွယ်ခံခဲ့ရသည်ဟု မိန်းကလေးကပြောပြကြောင်း အဆိုပါအုပ်ထိန်းသူက ဆိုသည်။
ဒုတပ်ကြပ်အုန်းသန်းမှာ အဆိုပါခြံဝင်းရှိ နေအိမ်တွင် သားတစ်ဦး၊ သမီးတစ်ဦး၊ ဇနီးတို့နှင့်အတူ ငှားရမ်းနေထိုင်သည်မှာ တစ်နှစ်ခွဲခန့်ရှိပြီဖြစ်ကြောင်း၊ ကျူးလွန်ခံရသူ မိန်းကလေး၏ဖခင်မှာ ဒီဇင်ဘာလ ၁၈ ရက်နေ့ကတည်းက ခရီးသွားနေကြောင်း ၎င်းကပြောသည်။
တပ်တွင်းစစ်ဆေးနေ
အမှုဖွင့်ရန် လိုက်ပါကူညီနေသည့် အရပ်ဘက်အဖွဲ့အစည်းများ ဒီဇင်ဘာ ၃၀ ရက်နေ့ညက ရဲစခန်းသို့ ရောက်ရှိနေစဉ် တပ်မတော်အရာရှိနှစ်ဦးရောက်ရှိလာပြီး ကျူးလွန်သူကို တပ်တွင်းအရေးယူမည် ဖြစ်သောကြောင့် အမှုမဖွင့်ရန် တားဆီးခဲ့သေးသည်ဟု တောက်ပကြယ်-ဘာသာပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ပံ့ပိုးကူညီသူများအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သိန်းက ပြောသည်။
“နာမည်မေးတာတောင် မပြောဘူး။ အရပ်ဝတ်နဲ့ပဲ ဗိုလ်ကြီးလို့ပြောတယ်၊ ဆေးစစ်တာတောင် သူတို့ဟာသူတို့ စစ်မယ်ပြောတယ်။ ကျွန်တော်တို့ လက်မခံခဲ့ဘူး” ဟု ဦးမြင့်သိန်းက ဆိုသည်။
လက်ရှိတွင် ပြစ်မှုကျူးလွန်သူကို တပ်တွင်းအချုပ်ထဲထည့်ထားပြီး ထွက်ဆိုချက်များကို စစ်ဆေးနေကြောင်း၊ ပြစ်ဒဏ်ထင်ရှား၍ တပ်မှထုတ်ပယ်ပြီးပါက အရပ်ဘက်သို့ ပြန်လည်လွှဲပြောင်းပေးမည်ဖြစ်ကြောင်း အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးမောင်မောင်လတ်က Myanmar Now ကို ဒီဇင်ဘာလ ၃၁ ရက် (ယနေ့) တွင် ပြောသည်။
“အမှန်အတိုင်းပဲပေါ့ ဥပဒေအတိုင်းပဲပေါ့” ဟု ၎င်းက ဆိုသည်။
လာမည့် ဇန်နဝါရီ ၂ ရက် တွင် မိန်းကလေးကို မော်လမြိုင် အထွေထွေရောဂါကု ဆေးရုံကြီးတွင် မှုခင်းဆရာဝန်က ပြန်လည်ဆေးစစ်ချက်ယူမည်ဟု ဦးမြင့်သိန်းက ဆိုသည်။
“သူ့အသက်အရွယ်နဲ့ ဒီလိုလုပ်တဲ့အတွက် ထိုက်တန်တဲ့အပြစ် သူ့ကိုပေးစေချင်တယ်။ သူ့ကို ထိုက်တန်တဲ့အပြစ်မပေးခဲ့ရင် နောင်တစ်ချိန် တခြားတစ်ယောက်ကို ကျူးလွန်မှာပဲ” ဟု မိန်းကလေးကို အုပ်ထိန်းသည့် အမျိုးသမီးက ပြောသည်။