သတင်း

လေးနှစ်အရွယ် ယောက်ျားလေးအား အဓမ္မပြုကျင့်သည်ဆိုသော အမျိုးသားကို တရားစွဲ

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပေါက်ကံမြို့နယ်တွင် လေးနှစ်အရွယ်ကလေးငယ် (ယောက်ျားလေး) ကို ဓမ္မတာနှင့်ဆန့်ကျင်သော အဓမ္မပြုကျင့်သည်ဟူသော စွပ်စွဲချက်ဖြင့် အသက် ၅၀ ကျော်အရွယ် အမျိုးသားကို ဩဂုတ် ၂၆ တွင် အရှေ့ပိုင်းခရိုင်တရားရုံး၌ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၇၇ ဖြင့် တရားစွဲဆိုခဲ့သည်။ 

အသက်လေးနှစ်အရွယ် ယောက်ျားလေးကို ဓမ္မတာနှင့် ဆန့်ကျင်သော အဓမ္မပြုကျင့်မှုကို ဇူလိုင် ၂၇ တွင် သိရှိပြီးနောက် ကလေးငယ်၏ မိသားစုက ရဲစခန်းသို့ တိုင်ကြားခဲ့ရာ ပြစ်မှုကျူးလွန်သည်ဆိုသောအမျိုးသားကို ဖမ်းဆီးခဲ့သည်။ 

“သိစေချင်ပါတယ်။ ဒီခေတ်ကြီးမှာ ယောက်ျားလေးမှ မဟုတ်ဘူး။ မိန်းကလေးမှ မဟုတ်ဘူး။ လုပ်တဲ့သူတွေ ရှိပါတယ်။ ကိုယ့်သားသမီးကိုယ် သေသေချာချာလေး စောင့်ရှောက်ကြပါလို့။ ကျွန်မတို့ကို နမူနာယူပါ၊ ကြည့်ပါလို့။ ကျွန်မတို့လို အဖြစ်ဆိုးမျိုးနဲ့ နောက်လူတွေ မကြုံစေချင်ဘူး။ နောက်ကလေးတွေ မဖြစ်စေချင်ဘူး” ဟု နစ်နာသူမိသားစုဝင်များက ဆိုသည်။

အဓမ္မပြုကျင့်ခံရသဖြင့် ကလေးငယ်၏ စအိုကွဲ၍ စုတ်ပြဲဒဏ်ရာရရှိခဲ့ပြီး ရန်ကင်းကလေးဆေးရုံတွင် နှစ်ရက်ကြာ ကုသမှုခံယူခဲ့ရကြောင်း၊ နောက်ဆက်တွဲဝေဒနာအဖြစ် ကလေးငယ်မှာ ဝမ်းသွားလျှင် နာကျင်ခြင်း၊ တစ်ယောက်တည်းမနေရဲခြင်း၊ စိတ်မရှည်ဘဲ ပစ္စည်းများပစ်ချခြင်း၊ အမူအကျင့်များ ကြမ်းတမ်းလာကြောင်း ကလေးငယ်၏ မိခင်နှင့် အဒေါ်ဖြစ်သူတို့က ဆိုသည်။ 

“ကလေးက ဆီးလည်း မသွားဘူး။ ဝမ်းလည်း မသွားဘူး။ မှန်ပြောင်းနဲ့ ကြည့်ပြီး ဆေးရုံက ဆင်းလာတဲ့အထိလည်း အိမ်သာတက်ဖို့ကို အရမ်းကြောက်တယ်။ သူ အီးပါချင်တယ်ပြောရင် သားရေ တည်မယ်၊ ဆေးရုံက ဝမ်းသွားဖို့ လွယ်အောင် လိမ်းဆေးလေးပေးထားတယ်။ အဲဒါလေးကို လိမ်းမယ်ဆိုလည်း အလိမ်းမခံဘူး။ အဲဒါမြင်တာနဲ့ သူ့ကို လက်နဲ့ ထပ်ထိုးမယ်လို့ ထင်နေတယ်” ဟု ၎င်းတို့က ဆိုသည်။

(ယခုသတင်းတွင် နစ်နာသူမိသားစု၏ တောင်းဆိုချက်နှင့် သတင်းဖော်ပြခြင်းဆိုင်ရာကျင့်ဝတ်အရ သက်ဆိုင်သူများ၏ အမည်များကို ဖော်ပြခြင်း မရှိပါ။) 

ပုဒ်မ ၃၇၇ ဖြင့် တရားစွဲဆိုခံထားရသူမှာ ကလေးငယ်နှင့် မျက်နှာချင်းဆိုင်အိမ်တွင် နေထိုင်သူဖြစ်ပြီး လေးနှစ်အရွယ် အဆိုပါကလေးငယ်ကို ခေါ်ယူဆော့ကစားလေ့ရှိကြောင်း ကလေးငယ်၏ မိသားစုဝင်များက ဆိုသည်။ 

အမှုကျေအေးပေးရန် ဖျောင်းဖျညှိနှိုင်းမှုများ ရှိသော်လည်း ယခုခေတ်တွင် ယောက်ျားလေးလည်း အဓမ္မပြုကျင့်ခံရနိုင်ကြောင်း၊ ၎င်းတို့အဖြစ်ကို နမူနာကြည့်ကာ ကိုယ့်ကလေးကို ဂရုစိုက်ကြစေလို၍ တရားစွဲဆိုခြင်းဖြစ်ကြောင်း နစ်နာသူကလေးငယ်၏ မိသားစုဝင်များက ဆိုသည်။

“သက်ငယ်မုဒိမ်းမှာ မိန်းကလေးတွေကတော့ ဖြစ်လေ့ဖြစ်ထရှိပေမဲ့ နာကျင်ရတာခြင်းကတော့ အတူတူပါပဲ။ လူမမည် ကလေးလေးပါ။ စအိုကို ဒီလိုအလုပ်ခံရတာပါ။ နာကျင်ရတာခြင်းကတော့ အတူတူပါပဲ။ ကျွန်မတို့ တစ်မိသားစုလုံး တစ်ဆွေလုံးတစ်မျိုးလုံး အကုန်လုံး ရင်နဲ့မဆန့်အောင် ခံစားရပါတယ်” ဟုလည်း ၎င်းတို့က ဆိုသည်။

အဆိုပါအမှုကို အရှေ့ပိုင်းခရိုင်တရားရုံး၌ လာမည့်သီတင်းပတ်တွင် ရုံးထုတ်၍ စတင်စစ်ဆေးမည်ဖြစ်သည်။ ဓမ္မတာနှင့် ဆန့်ကျင်သော အဓမ္မပြုကျင့်မှု ပုဒ်မ ၃၇၇ အရ ပြစ်မှုထင်ရှားပါက ထောင်တစ်သက်တစ်ကျွန်း (၂၀ နှစ်)ဖြစ်စေ၊ ၁၀ နှစ်အထိဖြစ်စေ ချမှတ်နိုင်သည်။ 

Show More

Related Articles

Back to top button