သတင်း

ကျပ်သိန်း ၅၀၀၀ ရလိုကြောင်း တရားစွဲဆိုမှုအတွက် ရဲချုပ်ကို တရားရုံးဆင့်ခေါ်မည် 

ဗစ်တိုးရီးယားအမှုတွင် ၆ လကျော်ကြာ အချုပ်သားဘဝဖြင့် အမှုရင်ဆိုင်ခဲ့ရသူ ကိုအောင်ကြီး (ခ) ကိုအောင်ကျော်မျိုးက ကျပ်သိန်း ၅,၀၀၀ ရလိုကြောင်း တရားစွဲဆိုမှုကို တရားရုံးက အတည်ပြုလိုက်ပြီး ရဲချုပ်၊ ဒုရဲချုပ်ကိုယ်တိုင် သို့မဟုတ် ကိုယ်စားလှယ်ဖြင့် ချေပလွှာထုတ်ရန် ဆင့်ခေါ်မည်ဖြစ်ကြောင်း သိရသည်။ 

ကိုအောင်ကြီး၏ တရားမမှုအဖြစ် လျှောက်ထားမှုကို ယနေ့ (ဒီဇင်ဘာ ၁၈) တွင် နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးက ပြင်ဆင်ချက်မရှိ အတည်ပြုလိုက်သည်ဟု ကိုအောင်ကြီးဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က တရားခွင်အပြီး သတင်းထောက်များကို ပြောသည်။ 

“ကျွန်တော်တို့ အဆိုလွှာမှာ အကျအပေါက်၊ အလွဲအမှား မရှိဘူး။ အဲဒီအတွက်ကြောင့် ဒီအဆိုလွှာကိုပဲ (ရဲတပ်ဖွဲ့) တစ်ဖက်ကို ပေးမယ်ဆိုပြီးတော့ ဒီအဆိုလွှာနဲ့အတူ တစ်ဖက်ကို (ချေပလွှာ) ငြင်းချက်သမ္မန်စာထုတ်ဖို့ အမိန့်ချလိုက်တယ်”ဟု ၎င်းက ပြောသည်။

လာမည့်ရုံးချိန်းကို ဇန်နဝါရီ ၁၅ ရက်သို့ ချိန်းဆိုလိုက်ပြီး ကိုအောင်ကြီးဘက်မှ အမည်နာမတပ် စွဲဆိုထားသည့် ရဲချုပ် ရဲဒုတိယဗိုလ်ချုပ်ကြီးအောင်ဝင်းဦးကိုယ်တိုင် (သို့မဟုတ်) ကိုယ်စားလှယ် (ရှေ့နေ) ဖြင့် လာရောက်၍ ချေပလွှာတင်ရန် တရားရုံးက ညွှန်ကြားရန်ရှိသည်ဟုလည်း ဦးခင်မောင်ဇော်က ပြောသည်။

နေပြည်တော်ရှိ WisdomHill မူကြိုကျောင်းတွင် တက်ရောက်နေသည့် သုံးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦး (ဗစ်တိုးရီးယားဟု လူအများက အမည်ဝှက်ပေးထားသူ) မဖွယ်မရာပြုကျင့်ခံရမှုကို ရဲတပ်ဖွဲ့က ဖမ်းဆီးရုံးတင်ခဲ့သည့် ကိုအောင်ကြီးမှာ ကျူးလွန်သူမဖြစ်နိုင်၍  ဒက္ခိဏခရိုင်တရားရုံးက ၂၀၁၉ ဒီဇင်ဘာ ၁၈ ရက်တွင် တရားရှင်လွှတ်ပေးခဲ့သည်။ 

အဆိုပါ အမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့အနေဖြင့် အခြားမည်သူ့ကိုမျှ တရားခံအဖြစ် တရားရုံးတော်ရှေ့မှောက် ခေါ်ဆောင်လာနိုင်ခြင်း မရှိသည့်အတွက် ၆ လကျော်ကြာ အချုပ်သားဘဝဖြင့် တရားရင်ဆိုင်ခဲ့ရသူ ကိုအောင်ကြီးက ၎င်း၏နစ်နာမှုအတွက် ရဲတပ်ဖွဲ့ကို ပြန်လည်တရားစွဲဆိုခြင်းဖြစ်သည်။

“တစ်နှစ်တိတိအကြာမှာ တရားလိုအဖြစ် ဒီတရားရုံးကို ပြန်ရောက်လာတာပါ။ ကျွန်တော်နဲ့ ကျွန်တော့်မိသားစုရဲ့ ဂုဏ်သိက္ခာနဲ့ ကိုယ်ကျင့်တရားကို အဖတ်ဆယ်တဲ့ပွဲမို့ ဂုဏ်ယူပါတယ်။ ဟိုဟာရပါလို၏၊ ဒီဟာရပါလို၏ဆိုတဲ့ မျှော်လင့်ချက်နဲ့ တရားစွဲတာ မဟုတ်ပါဘူး” ဟု ကျပ်သိန်း ၅,၀၀၀ ရလိုကြောင်း တရားစွဲဆိုမှုနှင့် ပတ်သက်၍ ကိုအောင်ကြီးက Myanmar Now ကို ပြောသည်။

အမှု၏ အလားအလာမှာ တရားမမှုဖြစ်၍ ကာလကြာရှည်ဖွယ်ရှိပြီး အကောင်းဆုံးကို မျှော်လင့်ထားသလို အဆိုးဆုံးကို ရင်ဆိုင်ရန် ပြင်ဆင်ထားသည်ဟုလည်း ရှေ့နေဦးခင်မောင်ဇော်က ပြောသည်။

“မစစ်ခင် ငြင်းချက်ထုတ်ရဦးမယ်။ အဲဒီမတိုင်ခင် မေးခွန်းမေးတာတို့ ရှိသေးတယ်။ တရားမမှုတွေရဲ့ သဘောအရ တရားလို၊ တရားပြိုင်တွေကို ညှိနှိုင်းရေးအရာရှိဆိုတာရှိတယ်။ (ရဲတပ်ဖွဲ့)သူတို့က တစ်ခုခုကမ်းလှမ်းလာရင် ကျွန်တော်တို့ကလည်း အဲဒီတစ်ခုကို လက်ခံနိုင်ရင် ပြီးသွားမှာပေါ့”ဟု ၎င်းက ရှင်းပြသည်။

ရဲတပ်ဖွဲ့ကို တရားစွဲဆိုရန် တရားရုံးသို့ စတင်မလျှောက်ထားမီ နှစ်လကျော်အလိုတွင် တရားမမှု လုပ်ထုံးလုပ်နည်းအရ တရားစွဲဆိုတော့မည်ဖြစ်ကြောင်း အကြောင်းကြားစဉ်ကမူ ရဲတပ်ဖွဲ့ထံမှ တစ်စုံတစ်ရာ ဆက်သွယ်ပြောဆိုလာခြင်း မရှိဟုလည်း ဦးခင်မောင်ဇော်က Myanmar Nowကို ပြောကြားဖူးသည်။

ကိုအောင်ကြီး၏ တရားစွဲဆိုမှုကို လက်ခံကြားနာရန် ဆုံးဖြတ်လိုက်သည့် အခြေအနေကို ဒက္ခိဏခရိုင်တရားရုံးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တာဝန်ရှိသူတို့ထံမှ မှတ်ချက်တစ်စုံတစ်ရာ မရသေးပေ။

Show More

Related Articles

Back to top button