
တူမတော်စပ်သူ ၁၂ နှစ်အရွယ် မိန်းကလေးငယ်ကို မုဒိမ်းကျင့်၊ ရေနှစ်သတ်မှုဖြင့် ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ ကြိမ်ချောင်းကြီးကျေးရွာအုပ်စုရှိ ဘင်္ဂလားကျေးရွာတွင် ကိုရဲမင်းဦးအမည်ရှိ အမျိုးသားတစ်ဦးကို အမှုဖွင့်ဖမ်းဆီးထားသည်။
ကျူးလွန်သူ အမျိုးသားကို ဘင်္ဂလားကျေးရွာသားများက အခင်းဖြစ်ပွားသည့် ဩဂုတ် ၁၀ တွင်ပင် ကြိမ်ချောင်းကြီးကျေးရွာ နယ်မြေခံရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဖမ်းဆီးခဲ့ပြီး နှစ်ရက်အကြာတွင် ဘိုကလေးမြို့နယ်တရားရုံး၌ သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုပုဒ်မတို့ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့သည်။
“သေဆုံးသူရဲ့မိန်းမကိုယ်မှာ လတ်တလော ထိုးသွင်းထားတဲ့ဒဏ်ရာ တွေ့ရတယ်။ သေဆုံးရတဲ့အကြောင်းရင်းက ရေနစ်မွန်းပြီးတော့ သေသွားတယ်” ဟု ကြိမ်ချောင်းကြီးကျေးရွာစခန်းမှူးဌေးဇော်က ပြောသည်။
ဘင်္ဂလားကျေးရွာသည် ဘိုကလေးမြို့မှ ၁၇ မိုင်ကျော်အကွာတွင်ရှိပြီး အိမ်ခြေ ၂၅၀ ခန့်ရှိကာ အသက်မွေးဝမ်းကျောင်းအဖြစ် လယ်နှင့်ရေလုပ်ငန်းလုပ်ကိုင်ကြသည်။ ရွာသည် မိချောင်းများနေထိုင်ကျက်စားသည့် ဒီရေချောင်းတစ်ခုနှင့် ကပ်လျက်တည်ရှိပြီး တစ်အိမ်နှင့်တစ်အိမ် အလှမ်းဝေးသည်။
သေဆုံးသူမိန်းကလေးငယ်သည် စတုတ္ထတန်းကျောင်းသူတစ်ဦးဖြစ်ပြီး ကျူးလွန်သူ ၂၇ နှစ်အရွယ် ကိုရဲမင်းဦးမှာ ၎င်းတို့လယ်တွင် လာရောက်အလုပ်လုပ်နေသူတစ်ဦးဖြစ်ကာ ဦးလေးဝမ်းကွဲ တော်စပ်သည်။
အလုပ်ပြီးချိန် ညနေ ၃ နာရီခန့်တွင် ကိုရဲမင်းဦးသည် မိန်းကလေးငယ်ကို ပေတစ်ရာခန့်အကျယ်ရှိ ချောင်းတစ်ဖက်ကမ်းသို့ လှေဖြင့် လိုက်လံပို့ဆောင်ခိုင်းခဲ့ကြောင်း၊ ပို့ခိုင်းသည့်နေရာနှင့် တစ်မိုင်ခန့်အကွာသို့ ခေါ်ဆောင်သွားခံခဲ့ရပြီး အသတ်ခံခဲ့ရကြောင်း မိသားစုဝင်များက ပြောသည်။
ကိုရဲမင်းဦးကို ချောင်းတစ်ဖက်ကမ်းလိုက်ပို့ပြီး နှစ်နာရီကြာသည်အထိ ပြန်မလာသဖြင့် မိန်းကလေးငယ်ကို လိုက်ရှာခဲ့သည်ဟု သေဆုံးသူ၏မိခင် ဒေါ်သင်းသင်းခိုင်က ပြောသည်။
ည ၉ နာရီခန့်တွင် သေဆုံးသူဝတ်ဆင်ထားခဲ့သည့် ထဘီကို ကုန်းပေါ်တွင်လည်းကောင်း၊ ရုပ်အလောင်းကိုမူ ထဘီနှင့် ၇ ပေခန့်အကွာ ချောင်းထဲတွင် နစ်မြုပ်လျက်လည်းကောင်း၊ လှေကို အလောင်းနှင့် ၁၅ ပေခန့်အကွာတွင်လည်းကောင်း အသီးသီးတွေ့ရှိခဲ့သည်ဟု အလောင်းရှာဖွေရေးတွင် ပါဝင်ခဲ့သည့် ရဲဝန်ထမ်းတစ်ဦးက ဆိုသည်။
အလောင်းတွေ့ရှိသဖြင့် လူသေမှုဖြင့်သာ မူလက အမှုဖွင့်ဆောင်ရွက်ခဲ့သော်လည်း ဆေးစစ်ချက်နှင့် စွပ်စွဲခံရသူ ကိုရဲမင်းဦးကိုယ်တိုင် မုဒိမ်း၊ လူသတ်မှုကျူးလွန်ကြောင်း ဝန်ခံထွက်ဆိုသဖြင့် သက်ငယ်မုဒိမ်း၊ လူသတ်မှုတို့ဖြင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆၊ ၃၀၂ တို့အရ ပြောင်းလဲအမှုဖွင့်ခဲ့သည်ဟု စခန်းမှူးဌေးဇော်က ပြောသည်။
ရင်ခွဲရုံ၏ ဆေးစစ်ချက်အဖြေအရ မိန်းကလေးငယ်၏ အင်္ဂါတွင် ချို့ယွင်းမှုဖြစ်နေပြီး အဆုတ်ထဲတွင် ရေစများတွေ့ရသဖြင့် ရေနှစ်သတ်ခံခဲ့ရခြင်းဖြစ်သည်ဟု ဆရာဝန်က ပြောကြောင်း သေဆုံးသူ၏ အဘိုး ဦးဘိုက ဆိုသည်။
မိန်းကလေးငယ်၏ အလောင်းအနီးတစ်ဝိုက်ရှိ မြက်ပင်များ ပြတ်နေသည်ကို တွေ့ရသဖြင့် မသေခင်ရုန်းကန်ထားသည်ဟု မှတ်ယူရကြောင်း မိသားစုဝင်များက ပြောသည်။

မိဘများဖြစ်သူ ဦးကျော်ဇင်ထိုက်နှင့် ဒေါ်သင်းသင်းခိုင်တို့တွင် သမီးသုံးဦးရှိပြီး သေဆုံးသူမိန်းကလေးမှာ အကြီးဆုံးဖြစ်သည်။ အမှုဖြစ်ပွားပြီးနောက် မိခင်မှာ သမီးဖြစ်သူများကို မည်သူနှင့်မျှ အတူတူသွားရန် စိတ်မချတော့ဟု ဆိုသည်။
“ခုတော့ ကျန်တဲ့သားသမီးတွေကို ဘေးကို ဘယ်သူနဲ့မှလည်း မလွှတ်တော့ဘူး။ ကိုယ်နဲ့ပဲ ထားတော့မယ်လို့။ ကိုယ်သွားတဲ့နေရာကို ခေါ်မယ်လေ။ ဘယ်လိုလူမျိုးနဲ့မှ မလွှတ်တော့ဘူး။ ကုန်ကုန်ပြောရရင် ဖအေနဲ့တောင် မလွှတ်တော့ဘူး” ဟု ဒေါ်သင်းသင်းခိုင်က ပြောသည်။
သက်ငယ်မုဒိမ်း၊ လူသတ်မှုတို့ဖြင့် ဖမ်းဆီးစွပ်စွဲခံထားရသူ ကိုရဲမင်းဦးကို ဩဂုတ် ၁၂ တွင် ဘိုကလေးမြို့နယ်တရားရုံး၌ ရုံးထုတ်ရမန်ယူပြီးနောက် ဖျာပုံအကျဉ်းထောင်သို့ ဆက်လက်ပို့ဆောင်ခဲ့သည်။
၂၀၁၉ နှစ်စမှ ယခုအချိန်အထိ ကြိမ်ချောင်းကြီးကျေးရွာအုပ်စုတွင် သက်ငယ်မုဒိမ်းအမှုအခင်း ၅ ခုကို အမှုဖွင့်အရေးယူထားပြီး ယခုအမှုတွင်သာ မုဒိမ်းပြုကျင့်ခံရသူ အသတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ကျေးရွာစခန်းမှူးဌေးဇော်က ပြောသည်။
သက်ငယ်မုဒိမ်းမှုများ ဖြစ်ပွားမှုလျော့နည်းရေး ထိုဒေသသို့ ရဲတပ်ဖွဲ့နှင့် အရပ်ဘက်အဖွဲ့အစည်းများ လာရောက်အသိပညာပေး ဟောပြောလှုံ့ဆော်သော်လည်း ဒေသခံအများစုမှာ စားဝတ်နေရေးကျပ်တည်းသဖြင့် လာရောက်နားထောင်နိုင်ခြင်းမရှိဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်က ဆိုသည်။