တရားခံ ဖော်ထုတ်နိုင်ခြင်းမရှိသေးသည့် နိုင်ငံကျော်ဗစ်တိုးရီးယားအမှုတွင် နှစ်ကြိမ်တိုင် ဖမ်းဆီးခံရပြီး မုဒိမ်းမှု ပုဒ်မ ၃၇၆ ဖြင့် ခြောက်လကျော်ကြာ အချုပ်သားဘဝဖြင့် တရားရင်ဆိုင်ခဲ့ရသူ ကိုအောင်ကြီး(ခ) ကိုအောင်ကျော်မျိုးက ၎င်း၏ နစ်နာမှုအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ ကျပ်သိန်း ၅,၀၀၀ ရလိုကြောင်း တရားစွဲဆိုလိုက်သည်။
ဗစ်တိုးရီးယားအမှုကို ကိုင်တွယ်စစ်ဆေးခဲ့သည့် နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးတွင် တရားမမှုအဖြစ် ယနေ့ (ဒီဇင်ဘာ ၈ရက်) တင်သွင်းလျှောက်ထားခြင်းဖြစ်ပြီး ကိုအောင်ကြီး၏ အဆိုလွှာကို တရားရုံးကလည်း လက်ခံလိုက်သည်ဟု ကိုအောင်ကြီးဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင် ဇော်က Myanmar Nowကို ပြောသည်။
“မမှန်မကန်တရားစွဲဆိုချုပ်နှောင်ခံရသည့်အတွက် နစ်နာကြေးငွေ ကျပ် သိန်းငါးထောင်ရလိုမှုဆိုပြီးတော့ အဲဒီလိုစွဲပါတယ်။ စွဲတဲ့တာဝန်ရှိတဲ့လူဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့တစ်ခုလုံးလို့ ကျွန်တော်တို့ ယူဆတဲ့အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ကိုအောင်ကြီးကစွဲတယ်။ ရဲချုပ်(ရဲဒုတိယဗိုလ်ချုပ်ကြီးအောင်ဝင်းဦး) အနေနဲ့ အပြည့်အဝတာဝန်ယူနေတာ၊ ကြီးကြပ်ကွပ်ကဲနေတာဖြစ်တဲ့အတွက် သူ့ကိုရှေ့က တပ်ပြီးစွဲတယ်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့်နှစ်အတွင်း နေပြည်တော်ရှိ WisdomHill မူကြိုကျောင်းတွင် တက်ရောက်နေသည့် သုံးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦး (ဗစ်တိုးရီးယားဟု လူအများက အမည်ဝှက်ပေးထားသူ) မဖွယ်မရာပြုကျင့်ခံရမှုကို ဆေးဘက်ဆိုင်ရာက အတည်ပြုပေးထားခဲ့သော်လည်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည့် ကိုအောင်ကြီးမှာ ကျူးလွန်သူမဖြစ်နိုင်၍ ဒက္ခိဏခရိုင်တရားရုံးက ၂၀၁၉ ဒီဇင်ဘာ ၁၈ ရက်တွင် တရားရှင်လွှတ်ပေးခဲ့သည်။ ထို့နောက်တွင်လည်း ရဲတပ်ဖွဲ့က မည်သူ့ကိုမျှ တရားခံအဖြစ် တရားရုံးတော်ရှေ့မှောက်သို့ ခေါ်ဆောင်လာနိုင်ခြင်း မရှိခဲ့ပေ။
ယခုကဲ့သို့ ရဲတပ်ဖွဲ့ကို ကိုအောင်ကြီး၏ တရားစွဲဆိုမှုအပေါ် ဒက္ခိဏခရိုင်တရားရုံးက တရားမမှုကြီး အမှတ် ၃၁၂/၂၀၂၀ဖြင့် လက်ခံလိုက်ပြီး အဆိုပြုလွှာကို စိစစ်ရန် ဒီဇင်ဘာ ၁၈ရက်သို့ ပြန်လည်ချိန်းဆိုထားပြီး ယင်းနောက်တွင် တရားရုံးလုပ်ငန်းစဉ်အရ စွဲဆိုခံရသူရဲတပ်ဖွဲ့ထံမှ ငြင်းချက်ကို လက်ခံကြားနာရန် တရားရုံးက ရက်ချိန်းထပ်မံပေးဖွယ်ရှိသည်ဟုလည်း ဦးခင်မောင်ဇော်က ပြောသည်။
နိုင်ငံတကာတွင် မဟာဗျူဟာမြောက်တရားစွဲဆိုမှုအဖြစ် သတ်မှတ်ခေါ်ဆိုလေ့ရှိသည့် အစိုးရအဖွဲ့အစည်းတစ်ခုကို တရားစွဲဆိုသည့် အဆိုပါအမှုမျိုး မြန်မာနိုင်ငံတွင် မရှိသေးသလို တရားရုံးမထီမဲ့မြင်မှုနှင့် ငြိစွန်းနိုင်၍ ကိုအောင်ကြီးအမှု၏ အလားအလာကို သုံးသပ်ပြောဆိုရန် စောနေသေးကြောင်း ဦးခင်မောင်ဇော်က ဆိုသည်။
အဆိုပါအမှုကို မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်း၏ လူ့အခွင့်အရေးဆပ်ကော်မတီက အခမဲ့ တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ပြီး ၎င်းအပါအဝင် နေပြည်တော်အခြေစိုက် အခြားရှေ့နေနှစ်ဦးက လိုက်ပါဆောင်ရွက်ပေးမည်ဟု ဦးခင်မောင်ဇော်ထံမှ သိရသည်။
အဆိုပါအမှုတွင် ခြောက်လကျော်ကြာ တရားရင်ဆိုင်ခဲ့ရသူ ကိုအောင်ကြီးက ရဲတပ်ဖွဲ့ကို တရားစွဲဆိုခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးကျော်သီဟကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။
ကာယကံရှင်ကိုအောင်ကြီး၏ မိခင် ဒေါ်ရီက “လူဆိုတာ သိက္ခာဆိုတာရှိတယ်။ ကျွန်မသား လူပျိုအရွယ်လေး သိက္ခာကျသလို ကျွန်မတို့(မိသားစု) အကုန်လုံး သိက္ခာကျတယ်လေ။ အဲဒီအတွက် မကျေနပ်လို့ ပြန်ပြီးတော့ တရားစွဲတာ”ဟု Myanmar Now ကို သည်။
ဗစ်တိုးရီးယားကလေးငယ်အမှုတွင် ဝန်းရံခဲ့သူ လယ်ဝေးမြို့နေ ဦးအောင်နိုင်က “အောင်ကြီးအနေနဲ့ ဒီလိုတရားပြန်စွဲတဲ့အပေါ်မှာ ပြည်သူတစ်ယောက်အနေနဲ့ လှိုက်လှိုက်လှဲလှဲဝမ်းသာတယ်။ ဂုဏ်ယူတယ်။ ဒီလိုလူမျိုးပြန်တုံ့ပြန်မှ နောင်အနာဂတ်မှာ ဒါမျိုးတွေ မလုပ်ရဲအောင် ထိရောက်စေတာပေါ့” ဟု ပြောသည်။