သတင်း

သိန်း ၅၀၀၀ ရလိုကြောင်း တရားစွဲဆိုခံရမှု ညှိနှိုင်းရန်မရှိဟု ရဲတပ်ဖွဲ့အကြောင်းပြန်

ဗစ်တိုးရီးယားအမှုတွင် အချုပ်သားဘဝဖြင့် ၆ လကျော်ကြာ အမှုရင်ဆိုင်ခဲ့ရသူက နစ်နာကြေး ကျပ်သိန်း ၅,၀၀၀ ရလိုမှုဖြင့် ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီးအောင်ဝင်းဦးကို ဦးတည်တရားစွဲဆိုခဲ့ရာတွင် အမှုကို တရားခွင်၌သာ ဖြေရှင်းမည်ဟု ရဲတပ်ဖွဲ့က ယနေ့ (ဇန်နဝါရီ ၁၅) တွင် အကြောင်းပြန်ခဲ့ကြောင်း တရားလိုရှေ့နေက ပြောသည်။ 

နာမည်ကျော် ဗစ်တိုရီးယားသက်ငယ်မုဒိမ်းမှုတွင် ကျူးလွန်သူအဖြစ် စွပ်စွဲခံရပြီးနောက် တရားရှင်လွတ်ခဲ့သည့် ကိုအောင်ကြီး (ခ) အောင်ကျော်မျိုးက ၎င်း၏ နစ်နာမှုအတွက် ရဲတပ်ဖွဲ့ထံမှ သိန်း ၅,၀၀၀ ရလိုကြောင်း နေပြည်တော် ဒက္ခိဏခရိုင်တရားရုံး၌ ဒီဇင်ဘာ ၁၈ တွင် တရားမမှုအဖြစ် လျှောက်ထားခဲ့သည်။ 

အဆိုပါအမှုတွင် တရားပြိုင်ဖြစ်သည့် ရဲချုပ်ကို တရားရုံးက ဆင့်ခေါ်ခဲ့ရာ ယနေ့ရုံးချိန်းတွင် ကိုယ်တိုင်မလာရောက်ဘဲ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဥပဒေဌာနမှ ဒုတိယရဲမှူးကြီးဝင်းမြင့်ကို ကိုယ်စားစေလွှတ်ခဲ့ပြီး ဒက္ခိဏခရိုင်ဥပဒေရုံးမှ ရှေ့နေတစ်ဦးက တရားပြိုင်ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးမည်ဟု အကြောင်းကြားခဲ့ကြောင်း ကိုအောင်ကြီး၏ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။

“ညှိနှိုင်းရေးအရာရှိ (တရားမမှုများအတွက် တရားရုံးက ဖွဲ့စည်းပေးလေ့ရှိသည့် အဖွဲ့ခေါင်းဆောင်) ရှေ့မှာလည်း ကိုအောင်ကြီးနဲ့ ဒုရဲမှူးကြီးဝင်းမြင့် နှစ်ယောက်စလုံးက ညှိနှိုင်းဖို့ မလိုအပ်ဘူး၊ မဖြစ်နိုင်ဘူးလို့ သဘောထားပေးပါတယ်။ တစ်ဖက် (ရဲတပ်ဖွဲ့) ကလည်း ဘာမှမကမ်းလှမ်းဘူး” ဟု ဦးခင်မောင်ဇော်က ပြောသည်။

တရားလိုဖြစ်သူ ကိုအောင်ကြီးကလည်း ငွေရလိုမှုတစ်ခုတည်းကြောင့် ရဲတပ်ဖွဲ့ကို တရားစွဲဆိုခြင်း မဟုတ်၍ ညှိနှိုင်းရန်မရှိဘဲ အမှုကို အဆုံးထိ ရင်ဆိုင်သွားရန်ရှိသည်ဟု ဆိုသည်။​

“ကျွန်တော့်ရဲ့ ကိုယ်ကျင့်တရားရော၊ ဂုဏ်သိက္ခာရော၊ မိသားစုရော အရာအားလုံးကိုခြုံပြီး တရားစွဲတာပါ။ ငွေရေးကြေးရေးကြောင့် အဓိကမဟုတ်ဘူး” ဟု ကိုအောင်ကြီးက ပြောသည်။

နေပြည်တော်ရှိ Wisdom Hill မူကြိုကျောင်းတွင် သုံးနှစ်အရွယ် ကျောင်းသူကလေး (ဗစ်တိုးရီးယားဟု လူအများက အမည်ဝှက်ပေးထားသူ) မဖွယ်မရာ ပြုကျင့်ခံရမှုတွင် ကိုအောင်ကြီးကို ကျူးလွန်သူအဖြစ် ရဲတပ်ဖွဲ့က နှစ်ကြိမ်တိုင် စွပ်စွဲဖမ်းဆီးခဲ့ပြီး ၎င်းသည် အချုပ်ဖြင့် အမှုရင်ဆိုင်ရစဉ် ၆ လတာအတွင်း ၎င်းနှင့် ၎င်း၏မိသားစုသည် ဂုဏ်သိက္ခာ အလွန်ထိခိုက်နစ်နာခဲ့ရသည်ဟု အကြိမ်ကြိမ်ထုတ်ဖော်ပြောဆိုခဲ့သည်။ 

ရဲတပ်ဖွဲ့ကို ကိုအောင်ကြီးက တန်ပြန်တရားစွဲဆိုထားသည့် တရားမမှုကို ရက်ပေါင်း ၅၄၀ (တစ်နှစ်ခွဲ) အတွင်း အပြီးစစ်ရန်၊ နောင်လာမည့် ဖေဖော်ဝါရီ ၁၁ ရုံးချိန်းတွင် တရားပြိုင်ဘက်မှ ရှေ့နေကိုယ်စားလှယ်စာ တင်သွင်းရန် ဒက္ခိဏခရိုင်တရားရုံးက ညွှန်ကြားထားသည်ဟု ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။

“သူတို့ မေးခွန်းတွေ မေးပါမယ်။ စာရွက်စာတမ်း တောင်းကြည့်တာတွေ ရှိနိုင်ပါတယ်။ အဲဒီအတွက် အဆင်သင့်ရှိထားဖို့လည်း တရားသူကြီးက ကျွန်တော်တို့ကို ပြောလိုက်ပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါအမှုနှင့်စပ်လျဉ်း၍ ဒက္ခိဏခရိုင်တရားရုံး၊ ဥပဒေရုံးနှင့် ရဲတပ်ဖွဲ့တာဝန်ရှိသူများထံမှ ယနေ့ နေ့လယ်အထိ မှတ်ချက်တစ်စုံတစ်ရာ မရရှိသေးပေ။

ဗစ်တိုးရီးယားအမှု ပေါ်ပေါက်ပြီး၂၀၁၉ မေလမှ ယနေ့အထိ ရဲတပ်ဖွဲ့က ကိုအောင်ကြီးမှလွဲ၍ မည်သည့်သံသယတရားခံကိုမျှ ထပ်မံဖော်ထုတ် ဖမ်းဆီးတရားစွဲဆိုနိုင်ခြင်း မရှိသေးပေ။

Show More

Related Articles

Back to top button