အသက်မပြည့်သေးသူ မိန်းကလေးငယ်ကို အမျိုးသားများနှင့် အတင်းအကျပ်ပေါင်းသင်းစေမှုဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့၌ အမျိုးသမီးလေးဦးနှင့် အဓမ္ဓပြုကျင့်ခဲ့သူ ဒုတပ်ကြပ်တစ်ဦးကို ဇူလိုင် ၃ တွင် ဖမ်းဆီးလိုက်သည်ဟု မြို့နယ်ရဲစခန်းမှူး ဒုရဲမှူးစိုးမိုးထွန်းက ပြောသည်။
နမ့်စန်မြို့ရှိ တိန်းချောင်းသဘာဝရိပ်သာ မိဘမဲ့ဂေဟာတွင် နေထိုင်နေသည့် အဆိုပါ မိန်းကလေးငယ်၏ အမှုနှင့်ပတ်သက်၍ ဦးဆောင်ပါဝင်ခဲ့သူ ခမ်းလီသောက်ရေသန့်လုပ်ငန်းပိုင်ရှင် တိန်းချောင်းသဘာဝ ရိပ်သာတာဝန်ခံ ဒေါ်မိုးမိုး၊ ဒေါ်စိုးမိုး (ခ) ဒေါ်မိုးမိုးမြိုင်နှင့် ညီမ ဒေါ်မိုးလှိုင်၊ ၎င်းတို့၏ အလုပ်သမား ဒေါ်သင်းသင်းစောတို့အပြင် အဓမ္မပြုကျင့်သူ အမှတ် ၉၃၁ ထောက်ပို့တပ်မှ ဒုတပ်ကြပ် ကျော်ကျော်ဆန်း တို့ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
Myanmar Now က ဖတ်ရှုခဲ့ရသည့် ကာယကံရှင်မိန်းကလေး၏ စစ်ခုံရုံး ထွက်ဆိုချက်မှတ်တမ်းများ၊ ရှေ့နေချုပ်ရုံးနှင့် သမ္မတရုံးအပါအဝင် ဌာနဆိုင်ရာများသို့ တရားလိုဖြစ်သူ နမ့်စန်မြို့ ရပ်ကွက် (၁) အုပ်ချုပ်ရေးမှူး၏ တိုင်ကြားစာများအရ မိန်းကလေးငယ် အသက် ၁၁ နှစ်အရွယ် ၂၀၁၆ တွင် ၎င်း၏ အဒေါ်ဖြစ်သူက တိန်းချောင်းသဘာဝရိပ်သာသို့ ပို့ဆောင်ခဲ့သည်ဟု သိရသည်။
ရိပ်သာသို့ ရောက်ပြီး နှစ်နှစ်ကျော်အကြာ ၂၀၁၈ တွင် ရိပ်သာ၏ ယာဉ်မောင်းဖြစ်သူ အသက် ၆၀ အရွယ် ဦးတင်မောင်လတ်က မိန်းကလေးငယ်ကို အဓမ္မပြုကျင့်မှု စတင်ကျူးလွန်ခဲ့သည်ဟု တိုင်ကြားစာများအရ သိရသည်။ ဦးတင်မောင်လတ်၏ အကြိမ်ကြိမ်အဓမ္မပြုကျင့်မှုကို သိရှိပြီးနောက် ရိပ်သာတာဝန်ခံ ဒေါ်မိုးမိုးက အဆိုပါမိန်းကလေးကို နမ့်စန်မြို့ အမှတ် (၁) ရပ်ကွက်ရှိ ဒေါ်စိုးမိုး၏နေအိမ်တွင် အပ်နှံထားခဲ့သည်ဟု ရေးသားထားသည်။
သို့သော်လည်း အဆိုပါ စွပ်စွဲချက်မှာ မမှန်ကန်ကြောင်း ဦးတင်မောင်လတ်၏ ဇနီးက Myanmar Now ကို ပြောသည်။ မိန်းကလေးငယ်၏ စွပ်စွဲချက်များတွင် ပါဝင်သည့် ရိပ်သာယာဉ်မောင်း ဦးတင်မောင်လတ်၏မိသားစုနှင့်အတူ လေးညအိပ်ခရီးစဉ်တစ်ခုသွားခဲ့သည်ဟူသော အချက်မှာမူ မှန်ကန်ကြောင်း၊ သို့သော် အကြိမ်ကြိမ်အဓမ္မပြုကျင့်သည်ဆိုသည့် စွပ်စွဲချက်မှာ မဟုတ်မှန်ကြောင်း ၎င်းက ပြောသည်။
ဒေါ်စိုးမိုး၏အိမ်တွင် မိန်းကလေးငယ် နေထိုင်စဉ် ယင်းအိမ်ရှိ အသက် ၃၀ အရွယ် အလုပ်သမား ကိုဝတုတ်ဆိုသူနှင့် အတူအိပ်ခိုင်းရန် အဆိုပါ အမျိုးသမီးလေးဦးက ကြိုးပမ်းခဲ့သည်ဟု တိုင်ကြားစာများအရ သိရသည်။
ထိုသို့ကြိုးပမ်းစဉ် အထမမြောက်သဖြင့် ၂၀၁၉ စက်တင်ဘာ ၈ ညပိုင်းတွင် အိမ်ထောင်ရှိသူ ဒုတပ်ကြပ်ကျော်ကျော်ဆန်းနှင့် ထပ်မံစီစဉ်ခဲ့သည်ဟု ကာယကံရှင် မိန်းကလေးငယ်၏ စစ်ခုံရုံး ထွက်ဆိုချက်မှတ်တမ်းတွင် တွေ့ရသည်။
မိန်းကလေးငယ်ကို ထိုသို့အတင်းအကျပ်စီစဉ်ခိုင်းစေမှုကို ကြားသိရသဖြင့် အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်တင်ဦးက မိန်းကလေးငယ်ကိုယ်စား တရားလိုပြုလုပ်ကာ ၂၀၁၉ စက်တင်ဘာတွင် နမ့်စန်ရဲစခန်း၌ အမှုဖွင့်ခဲ့သည်။
နမ့်စန်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၊ ကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့၊ မြို့နယ်ဥပဒေအထောက်အကူပြုအဖွဲ့များအပါအဝင် နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ရှမ်းပြည်နယ်ရဲမှူးရုံးများသို့လည်း တစ်ပြိုင်တည်း စာပေးပို့ တိုင်ကြားခဲ့သည်ဟု သိရသည်။
အမှုဖွင့်ပြီး ၉ လခန့်အကြာ၂၀၂၀ ဇွန်လ ရောက်မှသာ သက်ဆိုင်ရာရဲစခန်းက တရားစွဲဆိုတင်နိုင်ခဲ့ကြောင်း ဦးအောင်တင်ဦးက Myanmar Now ကိုပြောသည်။
ကာမပွဲစားအဖြစ်ဖြင့် အရွယ်မရောက်သေးသော မိန်းကလေးကို ရှာပေးမှု ရာဇသတ်ကြီးပုဒ်မ ၃၆၆-က နှင့် မုဒိမ်းမှု ပုဒ်မ ၃၇၆ များဖြင့် တိုင်ကြားခဲ့သော်လည်း ကလေးသူငယ်များအခွင့်အရေးကာကွယ်ရေးဥပဒေပုဒ်မ ၁၀၅ (က) (၅) ဖြင့်သာ ရဲတပ်ဖွဲ့က တရားစွဲတင်ခဲ့သည်ဟု ဦးအောင်တင်ဦးက ပြောသည်။
သို့သော်လည်း ထိုအမှုကို နမ့်စန်မြို့နယ်တရားရုံး၌ ဇူလိုင် ၃ ရက်က လေးကြိမ်မြောက် စစ်ဆေးခဲ့ပြီးနောက် မိန်းကလေးငယ်၏အမှုကို မုဒိမ်းမှု ပုဒ်မ ၃၇၆ နှင့် အမှုအခင်းအားပေးကူညီမှု ပုဒ်မ ၁၁၄ တို့ဖြင့် ပြောင်းလဲစစ်ဆေးရန် အမိန့်ချခဲ့သည်။
ကလေးသူငယ်အခွင့်အရေးကာကွယ်ရေးဥပဒေဖြင့် စွဲချက်ကို ပယ်ဖျက်ပြီး သက်ငယ်မုဒိမ်းမှုဖြစ်စဉ်တွင် ပူးပေါင်းပါဝင်မှုဖြင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆/၁၁၄ ဖြင့် ပြောင်းလဲကာ စွဲချက်တင်ခြင်းဖြစ်ကြောင်း တရားစွဲခံထားရသည့် ဒေါ်စိုးမိုးနှင့် ဒေါ်မိုးမိုးလှိုင်တို့၏ရှေ့နေ ဒေါ်ချောကလျာက Myanmar Now ကို ပြောသည်။
လက်ရှိတွင် မိန်းကလေးငယ်ကို အတင်းအဓမ္မပေါင်းသင်းစေမှုဖြင့် ဒေါ်စိုးမိုးနှင့် ညီမ ဒေါ်မိုးမိုးလှိုင်၊ ၎င်းတို့၏ အလုပ်သမား ဒေါ်သင်းသင်းစောတို့ သုံးဦးသည် အချုပ်ဖြင့် တရားရင်ဆိုင်နေရပြီး ဂေဟာတာဝန်ခံဟောင်း ဒေါ်မိုးမိုးမှာ “သွက်သွက်ခါအောင်ရူးနေသည်” ဟူသော မှတ်ချက်ဖြင့် အချုပ်လွတ် အမှုရင်ဆိုင်နေသည်ဟု တရားခွင်၌ ဝင်ရောက်နားထောင်ခဲ့သည့် အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။
“အခုမှပဲ လုပ်ဆောင်ချက် ပြန်ယူတယ်။ ဒါတောင်မှ နိုင်ငံတော်သမ္မတရုံးကို စာက ရောက်သွားပြီးတော့မှ ပြည်ထောင်စုဥပဒေချုပ်ကနေပြီးတော့မှ ပုဒ်မပြောင်းလိုက်ပါ။ ပြောင်းပြီးတော့ ချုပ်စစ် စစ်ပါဆိုလို့ အခုမှ အဲ့ဒီလိုဖြစ်တာ။ စောစောတုန်းကတော့ ကလေးသူငယ်ဥပဒေနဲ့ပဲ ပြီးသွားသလိုပဲ” ဟု အဆိုပါအမှုတွင် လိုက်ပါကူညီပေးနေသူတစ်ဦးက Myanamr Now ကို ပြောသည်။
မူလက စွဲဆိုထားသည့် ကလေးသူငယ်အခွင့်အရေးကာကွယ်ရေးဥပဒေပုဒ်မဖြင့် ဆက်လက်စစ်ဆေးခြင်း ရှိမရှိကိုမူ မသိကြောင်း တရားလို ဦးအောင်တင်ဦးက Myanmar Now ကို ပြောသည်။
မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့သည့် ဒုတပ်ကြပ် ကျော်ကျော်ဆန်းကို ပြစ်မှုအတွက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ စစ်ခုံးရုံးက၂၀၁၉ အောက်တိုဘာတွင် ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့ပြီး လွိုင်လင်ခရိုင် အရပ်ဘက်တရားရုံးတွင်လည်း အမှုကို ဆက်လက်စစ်ဆေးမည်ဟုလည်း ၎င်းက ပြောသည်။
တိန်းချောင်းသဘာဝရိပ်သာသည် နမ့်စန်မြို့နှင့် ငါးမိုင်ခန့်အကွာတွင် တည်ရှိပြီး သဘာဝတရားရိပ်သာ (သန်လျင်) ၏ ကျောင်းခွဲဖြစ်သည်။ ၂၀၁၅ တွင် စတင်ဖွင့်လှစ်ခဲ့ကာ အလယ်တန်းအထိ ပညာသင်ကြားနိုင်ပြီး ပညာသင်ကြားနေသည့် ကလေးငယ် ၂၀၀ ကျော်ရှိသည်ဟု သဘာဝတရားရိပ်သာကျောင်းများ၏ တွဲဖက်အတွင်းရေးမှူး ဦးအောင်ကျော်ဦးက ပြောသည်။
ခမ်းလီသောက်ရေသန့်လုပ်ငန်းပိုင်ရှင်လည်းဖြစ်သည့် ဒေါ်မိုးမိုးသည် တိန်းချောင်းသဘာဝရိပ်သာတည်ထောင်ခဲ့သည့် ၂၀၁၅ မှစ၍ အမှုမဖြစ်ပွားခင်အထိ ရိပ်သာတာဝန်ခံအဖြစ် ငါးနှစ်ကြာ ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် ၎င်းကို တာဝန်ခံအဖြစ်မှ ထုတ်ပယ်ထားသည်ဟု ဦးအောင်ကျော်ဦးက ပြောသည်။
ရိပ်သာ၌ မိန်းကလေးငယ်ကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည့် ရိပ်သာယာဉ်မောင်း ဦးတင်မောင်လတ်မှာမူ ယခုအမှုတွင် တရားစွဲဆိုခံထားရခြင်းမရှိပါ။ အဆိုပါ စွပ်စွဲချက်များကြောင့် အမှုဖြစ်ပြီး နှစ်လအတွင်း ဦးတင်မောင်လတ်ကို ရဲစခန်းနှင့် စစ်ခုံရုံးများက ခေါ်ယူစစ်ဆေးမှု အကြိမ် ၈၀ ခန့် ရှိခဲ့ကြောင်း၊ စစ်ဆေးမှုများအရ အမှုဖြစ်စဉ်တွင် မပါဝင်ခဲ့သဖြင့် တရားစွဲဆို မခံခဲ့ရကြောင်းနှင့် လွိုင်လင်ခရိုင်တရားရုံးမှ သက်သေအဖြစ် ခေါ်ယူစစ်ဆေးပါကလည်း အစစ်အဆေးခံသွားမည်ဟု ဦးတင်မောင်လတ်၏ ဇနီးက Myanmar Now ကို ပြောသည်။
ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၇၆ အရ ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်သက်တစ်ကျွန်းပြစ်ဒဏ်ဖြစ်စေ၊ ထောင်ဒဏ် ၁၀ နှစ်ဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
(မှတ်ချက် – မိန်းကလေးငယ်ကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည့် ရိပ်သာယာဉ်မောင်း ဦးတင်မောင်လတ်၏ဇနီး ပြောကြားချက်များကို မူလသတင်းတွင် ထပ်မံဖြည့်စွက်ထားပါသည်)