
အသက် ၁၇ နှစ်အရွယ်သာ ရှိသေးသည့် ဖျာပုံမြို့နယ်တွင် နေထိုင်သော ကလေးတစ်ဦး စစ်သားအဖြစ် စုဆောင်းခံရပြီး ရခိုင်ပြည်နယ်၊ မင်းပြားအနီးရှိ ရှေ့တန်းတပ်စခန်းသို့ ပို့ဆောင်ခံထားရကြောင်း ကလေးမိဘများက Myanmar Now ကို ပြောဆိုသည်။
ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်ရှိ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ခါးပြတ်ကျေးရွာတွင် နေထိုင်သည့် မောင်အောင်နိုင်ဝင်းမှာ ဧပြီလ ၂၄ ရက်ကတည်းက ပျောက်ဆုံးနေခဲ့ခြင်းဖြစ်ပြီး မိဘများက စက်တင်ဘာလတွင် ပထမဆုံး အဆက်အသွယ်ရရှိခဲ့ကာ တပ်တွင်း ရောက်ရှိနေကြောင်း သိခဲ့ရသည်ဟု ၎င်းတို့က ဆိုသည်။
သားဖြစ်သူကို တပ်မတော်မှ ထွက်ခွင့်ပေးရန် တပ်မတော်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ရန်ကုန်ရုံး) တို့ထံ တိုင်ကြား အကူအညီတောင်းထားကြောင်း ကလေးမိဘများထံမှ သိရသည်။
မောင်အောင်နိုင်ဝင်းကို တပ်မတော်အတွင်းမှ ပြန်လည်ခေါ်ထုတ်ရန် ကြိုးပမ်းနေသည်မှာ နှစ်လကျော် ကြာပြီဖြစ်ပြီး၊ ကျောက်ဖြူတပ်ရင်းသို့ နိုဝင်ဘာလတွင် ၎င်းကိုယ်တိုင် သွားရောက်တွေ့ဆုံခဲ့ကြောင်း ကလေးဖခင် ဦးကိုကိုဝင်းက ဆိုသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ကျောက်ဖြူအခြေစိုက် ခမရ ၅၄၂ တပ်ရင်းမှ ဒုအရာခံဗိုလ် ထွန်းသိန်းနှင့် ဗိုလ်ကြီးတစ်ဦးကို Myanmar Now က ဒီဇင်ဘာ ၁၂ ရက်တွင် ဖုန်းဆက်သွယ်မေးမြန်းခဲ့ရာ တပ်သားမောင်အောင်နိုင်ဝင်း (ကိုယ်ပိုင်အမှတ် တ/၅၅၆၉၇၉) ရောက်ရှိနေသည်မှာ မှန်ကြောင်းကို အတည်ပြုသည်။
သို့သော် အသက်ပြည့်၊ မပြည့်၊ ရှေ့တန်းသို့ရောက်ရှိနေခြင်း ရှိ၊ မရှိနှင့် ပြန်လည် လွှဲပြောင်းပေးရမည့် ကိစ္စများကိုမူ ပြောပိုင်ခွင့်မရှိဟု ၎င်းတို့က ဆိုသည်။
“အောင်နိုင်ဝင်းရဲ့ အဖေ ဒီတပ်ရင်းကို ရောက်လာပြီးပြီ။ အဲဒါက အောင်နိုင်ဝင်းရဲ့ အဖေကို မေးရင် သိပါလိမ့်မယ်” ဟု ဒုအရာခံဗိုလ် ထွန်းသိန်းက ပြောသည်။
Myanmar Now က ဖတ်ရှုခဲ့ရသည့် အိမ်ထောင်စုစာရင်းမူရင်းနှင့် ကျောင်းထောက်ခံစာအရ မောင်အောင်နိုင်ဝင်း၏ မွေးသက္ကရာဇ်မှာ ၂၀၀၂ ခုနှစ်၊ မေလ ၁၂ ရက် ဖြစ်သဖြင့် တပ်သားအဖြစ် စုဆောင်းခံရချိန်တွင် ၁၆ နှစ်နှင့် ၁၁ လ အရွယ်ဖြစ်သည်။
ဒီဇင်ဘာလ ၁၂ ရက် နေ့လယ်တွင် ကလေးစစ်သား မောင်အောင်နိုင်ဝင်းနှင့် Myanmar Now တို့ ဖုန်းအဆက်အသွယ်ရခဲ့ပြီး ရခိုင်ပြည်နယ်၊ မင်းပြားအနီးရှိ ရှေ့တန်းတပ်စခန်းသို့ ရောက်နေကြောင်း အတည်ပြုသည်။
တပ်တွင်းတွင် ၎င်းကို ၁၉၉၉ ခုနှစ် မွေးသက္ကရာဇ်ဖြင့် မှတ်ပုံတင်တစ်ခု ပြုလုပ်ပေးထားကြောင်းလည်း ၎င်းက Myanmar Now ကို ပြောသည်။
မောင်အောင်နိုင်ဝင်းသည် မိဘများဖြစ်သူ ဒေါ်အေးအေးနိုင်၊ ဦးကိုကိုဝင်းတို့နှင့်အတူ ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်ရှိ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ခါးပြတ်ကျေးရွာတွင် နေထိုင်ပြီး မွန်ပြည်နယ်၊ ရေးမြို့နယ်သို့ ဦးလေးဖြစ်သူ၏ စက်လှေနှင့် လိုက်ပါသွားပြီးနောက် ဧပြီလ ၂၄ ရက်တွင် စတင်ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်ဟု မိဘများထံမှ သိရသည်။
ယင်းကြောင့် ရေးမြို့နယ် ရဲစခန်းတွင် လူပျောက်တိုင်ကြားပြီး မိဘများကိုယ်တိုင် ရေးမြို့တွင် တစ်လကျော် ရှာဖွေခဲ့သော်လည်း သတင်းအစအန မရခဲ့ကြောင်း၊ ပျောက်ဆုံးပြီး ၅ လအကြာ စက်တင်ဘာ ၂၆ ရက်မှသာ မောင်အောင်နိုင်ဝင်းနှင့် ပထမဆုံးအကြိမ် ဖုန်းအဆက်အသွယ် ရရှိခဲ့ကြောင်း မိဘများက ပြောသည်။
“ကျွန်မတို့မိဘတွေမှာ သောကရောက်တာပေါ့၊ ညဘက်ကျရင် အိပ်လို့လည်းမရဘူး၊ စားလို့လည်းမရဘူး” ဟု ဒေါ်အေးအေးနိုင်က ပြောသည်။
မောင်အောင်နိုင်ဝင်းသည် ဖျာပုံမြို့နယ်၊ ရွှေထီး အထက(ခွဲ) တွင် နဝမတန်းအထိ ပညာသင်ယူခဲ့ပြီး ကျောင်းမှ နုတ်ထွက်ထားသည်ဟု မိဘများက ပြောသည်။
ဧပြီလ ၂၄ ရက် ညနေတွင် ရေးမြို့နယ်ရှိ ဇီးဖြူသောင်ကျေးရွာမှ အစင်ကျေးရွာသို့ သွားသည့်လမ်းတွင် ဆိုင်ကယ်အငှားလိုက်သူတစ်ဦးက အလုပ်ပေးမည်ဟုဆိုကာ သံဖြူဇရပ်တပ်တွင်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်း သားဖြစ်သူထံမှ သိရသည့် အခြေအနေကို ဒေါ်အေးအေးနိုင်က Myanmar Now ကို ပြောသည်။
သံဖြူဇရပ်တပ်တွင် တစ်ညကြာပြီးနောက် မော်လမြိုင်စစ်သား စုဆောင်းရေးတပ်သို့ ခေါ်ဆောင်ခံရကာ ယင်းမှတစ်ဆင့် သထုံမြို့ အလံတရာရွာအနီး အမှတ် (၉) စစ်အခြေခံလေ့ကျင့်ရေး သင်တန်းကျောင်းသို့ ပို့ဆောင်ခံရသည်ဟု ဒေါ်အေးအေးနိုင်က ပြောသည်။
စက်တင်ဘာ ၂၆ ရက်တွင် ဖုန်းအဆက်အသွယ် ရပြီးနောက် စက်တင်ဘာ ၂၈ ရက်နေ့တွင် မိဘများက မောင်အောင်နိုင်ဝင်းကို သင်တန်းကျောင်းတွင် သွားရောက် ရှာဖွေခဲ့ရာ ၎င်းသည် ၆ လကြာ စစ်သင်တန်းပြီးဆုံးရန် တစ်လခန့်သာ လိုတော့သည်ကို သိရကြောင်း၊ အသက်မပြည့်သေးသဖြင့် တပ်တွင်းမှ ပြန်ထုတ်ပေးပါရန် မိဘများက တပ်တွင်းအရာရှိများကို စာဖြင့် တောင်းဆိုခဲ့ကြောင်း ၎င်းကဆိုသည်။
သို့သော်လည်း သင်တန်းပြီးဆုံးချိန်တွင် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှတစ်ဆင့် ကျောက်ဖြူအခြေစိုက်တပ်ရင်း (ခမရ ၅၄၂) သို့ ထပ်မံအပို့ခံလိုက်ရကြောင်း၊ နောက်ပိုင်းတွင် မင်းပြားရှိ ရှေ့တန်းတပ်စခန်းသို့ ထပ်မံပို့ဆောင်ခံလိုက်ရကြောင်း မိဘများက ဆိုသည်။
ခေါ်ဆောင်သွားစဉ်က ရှေ့တန်းဟု မပြောဘဲ သင်တန်းတက်ရမည်ဟုသာ သိရကြောင်း၊ စခန်းသို့ရောက်မှသာ ရှေ့တန်းဟု သိရကြောင်း၊ အိမ်ပြန်ချင်နေပြီဖြစ်ကြောင်း မောင်အောင်နိုင်ဝင်းက ပြောသည်။
တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် ယခုရက်ပိုင်းတွင်း ရက္ခိုင့်တပ်တော် (AA)က တပ်မတော်၏ အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။
မောင်အောင်နိုင်ဝင်းသည် ၂၀၀၂ ခုနှစ် မွေးဖွားသူဖြစ်ကြောင်း ကျောင်းထောက်ခံစာ၊ အိမ်ထောင်စုစာရင်းများနှင့်တကွ နိုဝင်ဘာလတွင် ကျောက်ဖြူတပ်ရင်းသို့ ၎င်း၏ဖခင် ဦးကိုကိုဝင်းက သွားရောက်တွေ့ဆုံခဲ့သော်လည်း ၎င်းကို ပြန်ထုတ်ပေးရန် ခွင့်ပြုချက် မကျသေးဟု ရုံးစာရေးက ဆိုကြောင်း ဦးကိုကိုဝင်းက ပြောသည်။
“သူတို့အထက်လူကြီးနဲ့ စာတွေကျလာရင် ပြန်ရမယ်ပေါ့။ ကလေးကို ဘယ်ကိုမှ မလွှတ်ဘူးပေါ့။ ခင်ဗျားတို့လက်ထဲကို ပြန်ထည့်ရင် ဒီတိုင်းထည့်မှာ မဟုတ်ဘူး။ လက်မှတ်ထိုးပြီး ခင်ဗျားနဲ့ ဓာတ်ပုံရိုက်ပြီး ပြန်ထည့်မယ်ဆိုပြီး ပြောတယ်” ဟု ဦးကိုကိုဝင်းက ပြောသည်။
မောင်အောင်နိုင်ဝင်းကို တပ်မတော်မှ ထွက်ခွင့်ပေးခြင်းကို ကူညီပေးပါရန် နိုဝင်ဘာလတွင်ပင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ရန်ကုန်ရုံးသို့ မိဘများကိုယ်တိုင် သွားရောက်ပြီး တိုင်ကြားစာ ပေးပို့ခဲ့ကြောင်း၊ မွန်ပြည်နယ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနသို့လည်း ဖခင် ဦးကိုကိုဝင်းက ဒီဇင်ဘာလ ၉ ရက်တွင် စာဖြင့် တိုင်ကြားထားကြောင်း သိရသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး ILO ရန်ကုန်ရုံးကို Myanmar Now က ဆက်သွယ်မေးမြန်းခဲ့ရာ မောင်အောင်နိုင်ဝင်း၏ အချက်အလက်နှင့် အကြောင်းအရာများ ရရှိထားကြောင်း တာဝန်ရှိသူတစ်ဦးက ဖြေကြားသည်။
မွန်ပြည်နယ် လူကယ်ပြန်ဦးစီးဌာနကလည်း ဦးကိုကိုဝင်း၏ တိုင်ကြားစာ ရရှိထားသည်မှာ မှန်ကန်ကြောင်း၊ သထုံခရိုင်ရုံးကို အသိပေးပြီး ကမ္ဘာ့ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ (Unicef) ဘားအံရုံးနှင့် ဆက်လက် ချိတ်ဆက်ဆောင်ရွက်ရန် အမိန့်ထွက်ထားကြောင်း ယင်းဌာနမှ Case Manager (တိုင်ကြားမှုများကို လက်ခံကိုင်တွယ်သူ) ဦးချစ်မင်းဇော်က Myanmar Now ကို ပြောသည်။
ကလေးစစ်သား အသုံးပြုမှုပပျောက်ရေး မြန်မာအစိုးရနှင့် ကုလသမဂ္ဂအကြား သဘောတူညီချက် ရရှိခဲ့သည့် ၂၀၁၂ ခုနှစ်မှစ၍ ၂၀၁၉ ခုနှစ် မတ်လအထိ တပ်မတော်မှ ကလေးစစ်သား ၉၈၇ ဦးကို မိဘထံ ပြန်လွှဲပေးခဲ့ပြီး တပ်မတော်အရာရှိနှင့် စစ်မှုထမ်း ၄၄၈ ဦးကို ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ ဇွန်လ ထုတ်ပြန်ချက်တစ်ခုအရ သိရသည်။
ကလေးစစ်သား မောင်အောင်နိုင်ဝင်း ပြန်မလွတ်မည်ကို မိဘများက စိုးရိမ်နေပြီး ကလေးက စိတ်ညစ်၍ တပ်ထဲမှ ထွက်ပြေးကာ တစ်ခုခုဖြစ်သွားမည်ကိုလည်း စိုးရိမ်နေသည်။
မောင်အောင်နိုင်ဝင်း၏ မိခင်ဖြစ်သူ ဒေါ်အေးအေးနိုင်က “သားရယ် မပူနဲ့လို့၊ အမေတို့ နောက်က လိုက်ထုတ်နေတယ်။ ကောင်းကောင်းမွန်မွန်နေ၊ ထွက်တော့မပြေးနဲ့နော်…လို့ ပြောထားတယ်” ဟု Myanmar Now ကို ပြောသည်။