
အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့် ရဲ လက်နက်ကိုင်အဖွဲ့များက ရက်ရက်စက်စက် သတ်ဖြတ်နှိမ်နင်းနေသည့်ကြားမှပင် ပြည်သူများသည် စစ်အာဏာရှင်စနစ်ကို ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် အန်တု ဆန္ဒပြနေကြဆဲဖြစ်သည်။
အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် စစ်သည်များလည်း ပါဝင်လာခဲ့ကြသည်။
မန္တလေးတိုင်း၊ မိတ္ထီလာအခြေစိုက် တပ်မ ၉၉ မှ ဒုတိယတန်းစစ်ရေးစစ်ထောက် ဗိုလ်မှူးဟိန်းသော်ဦးမှာလည်း မြန်မာတစ်နိုင်ငံလုံး အသံတိတ်သပိတ်ဆင်နွှဲနေသည့် မတ် ၂၄ တွင် CDM စစ်သည်တစ်ဦး ဖြစ်လာသည်။
ဗိုလ်မှူးဟိန်းသော်ဦးသည် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အနီး ရှေ့တန်းစစ်မြင်နှာပြင်တွင် ရှိနေရာမှ သူ နှစ် ၂၀ နီးပါး တာဝန်ထမ်းဆောင်လာခဲ့သည့် စစ်တပ်ကို ကျောခိုင်းစွန့်ခွာခဲ့သည်။
“တပ်ထဲမှာရှိတာက ကိုယ့်ထက်ကြီးရင် ဘာလို့ မှန်မှန်မှားမှား ကြောက်နေရမှန်းမသိဘူး။ တပ်မတော်နဲ့မတူဘူး။ ဘုရင်တွေလိုလို၊ ကျွန်တွေလိုလိုနဲ့ သူ့စနစ်ကို သွားတာ” ဟု စစ်တက္ကသိုလ်အပတ်စဉ် ၄၈ ကျောင်းဆင်း၊ မကွေးတိုင်းဒေသကြီး အထက်မင်းလှဇာတိ ဗိုလ်မှူးဟိန်းသော်ဦးက ၎င်း ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် တပ်တွင်းအခြေအနေကို ပြန်ပြောပြသည်။
ခွဲခြားဆက်ဆံမှုများ၊ အကျင့်ပျက်ခြစားမှုများဖြင့် ပြည့်နှက်နေသည့် တပ်မတော်ထဲတွင် အမှန်တရားကို လိုလားသူများလည်း ရှိနေကြောင်း၊ စစ်အာဏာသိမ်းမှုမှာ မတရားမှန်း သိရှိနားလည်ကြသော်လည်း ရုန်းထွက်ရန် ခက်ခဲနေကြကြောင်း ၎င်းက ဆက်ပြောသည်။
“ဖယ်ကြဉ်တဲ့သဘောကို တပ်မှာ အများကြီးသုံးထားတယ်။ အခုမှ သုံးတာ မဟုတ်ဘူး၊ ဟိုးနဂိုကတည်းက သုံးတာ။ တစ်ခုခု သူတို့နဲ့ မတည့်ဘူးဆိုရင် ဘေးကို ရောက်ရောက်သွားတာ။ ဘေးရောက်တဲ့အပြင် ဒုက္ခပါရောက်တာ” ဟု ၎င်းက ဆက်ပြောသည်။
ဗိုလ်မှူးဟိန်းသော်ဦးကဲ့သို့ပင် CDM တွင် ပါဝင်လာသူ တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင်များသည် တောင်တန်းဒေသများရှိ တိုင်းရင်းသားလက်နက်ကိုင် တပ်များရှိရာ ဒေသသို့ သွားရောက်ခိုလှုံနေကြသည်။
ပြီးခဲ့သည့် မတ်လဆန်းပိုင်းက ကရင့်အမျိုးသားအစည်းအရုံး (KNU)၏ တပ်မဟာ ၅ နယ်မြေအတွင်းသို့ CDM စစ်သည် ၁၀ ဦး လာရောက်ခိုလှုံခဲ့သည်ဟု တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ဖဒိုမန်းမန်းက KIC ကရင့်သတင်းစဉ်သတင်းဌာနကို အတည်ပြုခဲ့သည်။
အထက်အောက်ဖိနှိပ်မှုများ၊ အကျင့်ပျချက်စားနေမှုများနှင့် ပြည့်နှက်နေသော်လည်း ချစ်မြတ်နိုးရသည့် တပ်မတော်ကို စွန့်ခွာခဲ့ပြီးနောက် လုံခြုံသည့် နေရာတွင် ရဟန်းဝတ်ဖြင့် ခေတ္တနေထိုင်သွားမည်ဖြစ်ပြီး ပြည်သူ့အစိုးရတပ်မတော် ပေါ်ပေါက်လာပါက ပူးပေါင်းရန် အဆင်သင့်ဖြစ်နေသည်ဟု ဗိုလ်မှူးဟိန်းသော်ဦးက ဆိုသည်။
တင်းကျပ်လွန်းသည့် အခြေအနေများကြောင့် တပ်ထဲမှ ထွက်လိုသူ အများအပြားရှိနေသည်ဟု သူက ဆက်ပြောသည်။
“ထွက်ချင်နေတာတော့ လက်မောင်းသုံးရစ် တပ်ကြပ်ကြီးအဆင့်ကနေစပြီးတော့ ဟိုးအပေါ်ပိုင်းတွေအထိပဲ။ မယုံရင် သွားမေးလိုက်။ အပြင်မှာ ထွက်ချင်လားဆို ကပြီးတော့တောင် ထွက်သွားဦးမယ်” ဟု ဗိုလ်မှူးဟိန်းသော်ဦးက ပြောသည်။
နွေဦးတော်လှန်ရေးကာလအတွင်း အပြစ်မဲ့ပြည်သူ ၇၃၈ ဦး ကျဆုံးခဲ့ပြီး အမှန်တကယ်ကျဆုံးသွားသူများမှာ ထိုအရေအတွက်ထက်ပင် ပိုများနိုင်သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ဧပြီ ၂၀ က ထုတ်ပြန်သည်။
ငြိမ်းချမ်းစွာဆန္ဒပြနေသည့် လက်နက်မဲ့ပြည်သူများကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက စစ်မြေပြင်သုံးလက်နက်ကြီးများ၊ စက်သေနတ်များ သုံးပြီး ရက်ရက်စက်စက် ပစ်ခတ်ဖြိုခွင်းနေခဲ့ရာ ဧပြီ ၈ ရက်နေ့ တစ်ရက်ထဲတွင် ပဲခူးမြို့ရှိ ပြည်သူ ၈၀ ကျော် ကျဆုံးခဲ့ရသည်။
ထိုအကြမ်းဖက်ဖြိုခွင်းမှုများကို နေပြည်တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာန အထူးစစ်ဆင်ရေးမှူးများက တိုက်ရိုက်ညွှန်ကြားနေခြင်းဖြစ်သည်ဟု ဗိုလ်မှူးဟိန်းသော်ဦးက ပြောသည်။
စစ်ဗိုလ်ချုပ်များက ဆန္ဒပြပြည်သူများ ရှိတတ်သည့် နေရာကို စစ်မြေပြင်သဖွယ် သဘောထားပြီး အကြမ်းဖက်ဖြိုခွင်းရန် ညွှန်ကြားထားပြီး အောက်ခြေစစ်သားများ၏ လုယက်မှုများကိုလည်း အထက်အရာရှိများက မျက်ကွယ်ပြုထားသည်ဟု ၎င်းက ပြောသည်။
“မြေပြင်ကအဖွဲ့တွေ လုပ်ရဲကိုင်ရဲအောင်လို့ ဒါတွေကို လုပ်ခိုင်းပစ်လိုက်တယ်လို့ ယူဆတယ်။ သူတို့က စစ်မြေပြင်လို သတ်မှတ်လိုက်တဲ့သဘောပဲပေါ့။ အဲ့လိုသတ်မှတ်လိုက်လို့လည်း ပစ္စည်းလုတာတွေဘာတွေ အဲ့ဒါတွေက ဘာလို့လုပ်လဲဆိုရင် အောက်ခြေက စစ်တိုက်တဲ့ စစ်သားတွေကို မှန်တယ်၊ မှားတယ် စဉ်းစားခွင့် ဘာမှမပေးတော့ဘဲနဲ့ ဒီစစ်ကို တိုက်တဲ့အတွက် မင်းတို့ ဒီအခွင့်အရေးရမယ်ဆိုပြီးတော့ ဆွဲဆောင်တဲ့ နည်းလမ်းတစ်ခုပဲပေါ့” ဟု ၎င်းက ပြောသည်။
ဗိုလ်မှူးဟိန်းသော်ဦးကဲ့သို့ပင် အာဏာသိမ်းသည့် လုပ်ရပ်အပေါ် ကျေနပ်မှုမရှိသည့် စစ်ဗိုလ်ချုပ်များစွာရှိနေကြသည်။
ထိုစစ်ဗိုလ်ချုပ်ကြီးများကိုလည်း CDM တွင်ပါဝင်ပြီး ပြည်သူ့အစိုးရနှင့် အမြန်ဆုံးပူးပေါင်းကြရန် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) က ဧပြီ ၁၆ သတင်းစာရှင်းလင်းပွဲတွင် ဖိတ်ခေါ်ခဲ့သည်။
NUG ၏ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းက အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲများတွင် ၎င်းနှင့် ခင်မင်ရင်းနှီးခဲ့သည့် စစ်ဗိုလ်ချုပ်ကြီးများကို ဖိတ်ခေါ်ပြောကြားလိုက်ခြင်းဖြစ်သည်။
ဒေါက်တာလျန်မှုန်းဆာခေါင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်များနှင့် မြန်မာ့တပ်မတော်အကြား ချုပ်ဆိုသည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) ချုပ်ဆိုရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး စစ်ဗိုလ်ချုပ်ကြီးများနှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိသူအဖြစ် ထင်ရှားသူဖြစ်သည်။
“မင်းအောင်လှိုင်နောက်ကိုပဲ မလိုက်ကြနဲ့။ အမှန်တရားနောက်ကို လိုက်ကြပါ။ သစ္စာတရားနောက်ကို လိုက်ကြပါ။ လူသားစိတ်နဲ့ လူအချင်းချင်း ဆက်ဆံနိုင်တဲ့ လူ့ဘောင်ဖွဲ့စည်းဖို့အတွက် ဝိုင်းပြီးတော့ ပါဝင်ကြပါ” ဟု ဒေါက်တာလျန်မှုန်းဆာခေါင်းက ဖိတ်ခေါ်လိုက်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ စစ်အာဏာသိမ်းမှုအပေါ် မကျေနပ်ကြသည့် တပ်မှူး၊ တပ်သား အဆင့်ဆင့်လည်း တပ်မတော်ထဲတွင် အများအပြားရှိနေပြီး NUG အစိုးရက ဖွဲ့စည်းမည့် ပြည်သူ့တပ်မတော်၏ အခြေအနေကို စောင့်ကြည့်နေကြကြောင်း အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်လာသည့် တပ်အရာရှိများက Myanmar Now ကို တစ်ညီတညွတ်တည်းဖြေကြားကြသည်။
တပ်မတော်တွင် ၁၅ နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ကြီးထွန်းမြတ်အောင်ကလည်း အလားတူ ပြောကြားထားသည်။
ဆန္ဒပြပြည်သူများ၏ “တပ်ပျက်နေပြီ” ဆိုသော ကြွေးကြော်သံမှာ စစ်ဗိုလ်စစ်သားများအတွက် ဒေါသထွက်စရာဖြစ်သော်လည်း တပ်မတော်တွင်း၌ အဂတိလိုက်စားမှုများ၊ အထက်ဖားအောက်ဖိသည့်လုပ်ရပ်များ၊ ငွေဝယ်ကျွန်ဆန်ဆန် တပ်သားသစ်စုဆောင်းမှုများ ပြည့်နှက်နေသည်ဟု ဗိုလ်ကြီးထွန်းမြတ်အောင်က ဆိုသည်။
စစ်အာဏာသိမ်းခြင်းကို မကျေနပ်သည့် တပ်မှူး၊ တပ်သားများ ရှိသော်လည်း တပ်တွင်းပုန်ကန်မှုများ ပေါ်ပေါက်နိုင်ခြေမှာ NUG အစိုးရ၏ အင်အားအပေါ်တွင် မူတည်နေသည်ဟု ဗိုလ်မှူးဟိန်းသော်ဦးက သုံးသပ်သည်။
“တပ်က ပျက်နေတာ ကြာနေပေမယ့် အကြောက်တရားကို ကြီးအောင် လုပ်ထားတဲ့အခါကျတော့ ဒီဟာကို လှန်နိုင်မယ့် အချက်တစ်ချက်တော့ လိုနေသေးတာပေါ့” ဟု စစ်အာဏာသိမ်းမှုကို ပုန်ကန်သူ တပ်အရာရှိက ပြောလိုက်သည်။