သတင်း

လားရှိုးမှ ဗိုလ်မှူးတစ်ဦး အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်လာ 

စစ်သားနှင့် ရဲဝန်ထမ်းအများအပြားလည်း ပါဝင်နေသည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ဗိုလ်မှူးအဆင့် စစ်အရာရှိတစ်ဦး ပါဝင်လာသည်။  

မကွေးတိုင်း အထက်မင်းလှဇာတိဖြစ်သည့် အမှတ် ၉၉ ခြေလျင်တပ်မဌာနချုပ် ဦးစီးအရာရှိ (ဒုတိယတန်း-စစ်ရေးစစ်ထောက်) ဗိုလ်မှူးဟိန်းသော်ဦးသည် သူတာဝန်ကျသည့် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှ ထွက်ခွာလာခဲ့ပြီး မတ် ၂၄ မှစ၍ အာဏာဖီဆန်လိုက်ခြင်းဖြစ်သည်။  

စစ်အာဏာသိမ်းသည့် လုပ်ရပ်အပေါ် မနှစ်မြို့သည့် အရာရှိများလည်းရှိနေပြီး CDM တွင် ပါဝင်လာနိုင်သည် ဗိုလ်မှူးဟိန်းသော်ဦးက ပြောသည်။

“သူတို့တွေလည်း လုပ်ချင်စိတ်​တော့ရှိကြပါတယ်” ဟု ၎င်းက Myanmar Now ကို ယနေ့ပြောသည်။

ဗိုလ်မှူးဟိန်းသော်ဦးမှာ CDM တွင် ပါဝင်လာသည့် စစ်သားများအနက် ရာထူးအမြင့်ဆုံးဖြစ်သည်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်လာသည့် ဗိုလ်မှူးဟိန်းသော်ဦး

နွေဦးတော်လှန်ရေးကာလအတွင်း အပြစ်မဲ့ပြည်သူ ၇၀၀ ကျော်ထိ သေဆုံးခဲ့ရသည့် အကြမ်းဖက်ဖြိုခွင်းမှုများကို နေပြည်တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာန အထူးစစ်ဆင်ရေးမှူးများက တိုက်ရိုက်ညွှန်ကြားနေခြင်းဖြစ်ပြီး မြေပြင်တွင် တပ်မမှူး၊ တိုင်းမှူးများက ကြီးကြပ်ကွပ်ကဲနေခြင်းဖြစ်သည်ဟု ဗိုလ်မှူးဟိန်းသော်ဦးက ဆက်ပြောသည်။

ဆန္ဒပြပွဲဖြိုခွင်းရန် ညွှန်ကြားသူ စစ်ဗိုလ်ချုပ်များက ဆန္ဒပြပြည်သူတို့ရှိနေသည့် နေရာများကို စစ်မြေပြင်သဖွယ်သဘောထားပြီး အကြမ်းဖက်ဖြိုခွင်းရန် ညွှွှန်ကြားထားကြောင်း၊ အောက်ခြေစစ်သားများ၏ လုယက်မှုများကိုလည်း အထက်အရာရှိများက မျက်ကွယ်ပြုထားကြောင်း ၎င်းက ပြောသည်။

“ပစ္စည်းလုတာတွေ ဘာလို့လုပ်တာလဲဆိုတော့ အောက်ခြေက စစ်သားတွေကို မှန်တယ်မှားတယ် စဉ်းစားခွင့် ဘာမှမပေးတော့ဘဲနဲ့ မင်းတို့ရတဲ့ အခွင့်အရေး၊ ဒီစစ်ကို တိုက်တဲ့အတွက်ကြောင့် ရတဲ့ အခွင့်အရေးတစ်ခုပေါ့”  ဟု ၎င်းကပြောသည်။

ဗိုလ်မှူးဟိန်းသော်ဦးသည် ယခုအခါ သာသနာ့ဘောင်သို့ ခေတ္တရောက်ရှိနေသည်။ 

အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ အပြစ်မဲ့ပြည်သူ ၇၃၈ ဦးထိ ရှိနေပြီး အမှန်တကယ်ကျဆုံးသူများမှာ ထိုအရေအတွက်ထက် ပိုမိုများပြားနိုင်သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်အသင်း AAPP က ဧပြီ ၁၉ တွင် ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button