လူကုန်ကူးခံရပြီးနောက် ဖျာပုံမြို့နယ်အတွင်းရှိ ငါးဖမ်းကျားဖောင်တစ်ခုတွင် ရေလုပ်သားအဖြစ် လုပ်ကိုင်နေရသည့် လူငယ်နောက်ထပ်တစ်ဦးကို ကယ်တိုင်နိုင်ခဲ့ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ ဒုတိယတပ်ဖွဲ့မှူး၊ ရဲမှူးကြီး မျိုးသူစိုးက ပြောသည်။
ကယ်တင်နိုင်ခဲ့သူမှာ ဧရာဝတီတိုင်း အင်္ဂပူမြို့နယ်မှ အသက် ၂၀ ရှိ ကိုညီသွေးဖြစ်ပြီး လူကုန်ကူးပွဲစားက ၎င်းအား ဖျာပုံမြို့နယ်ရှိ ရေလုပ်ငန်းခွင်သို့ ပို့ဆောင်ကာ လစာ ကျပ် ၈ သိန်းကို ခေါင်းပုံဖြတ် ယူဆောင်သွားခဲ့ကြောင်း သိရှိရသဖြင့် ပွဲစားများကို အရေးယူရန် ဆောင်ရွက်နေကြောင်း ရဲမှူးကြီး မျိုးမင်းစိုးက ပြောသည်။
ကိုညီသွေးသည် ၎င်းနှင့်တစ်ဖောင်တည်း အလုပ်အတူလုပ်ခဲ့ရသည်ဟုဆိုသည့် ဒဂုံတက္ကသိုလ်နောက်ဆုံးနှစ် ကျောင်းသား ကိုမြတ်သူရထွန်းကို မိသားစုက ပြန်လည်ရွေးယူနိုင်ခဲ့ပြီးနောက် ဆက်လက် လွတ်မြောက်လာခဲ့သူတစ်ဦးဖြစ်သည်။
“ဖြစ်နိုင်လို့ရှိရင် အဲဒီကောင်ကိုပါ ကျွန်တော် အသက်ရှင်လျက် မြင်ချင်ပါတယ်ဗျာ။ သူ့ကိုလည်း အမြန်ဆုံး ကယ်တင်ပေးကြပါလို့ ကျွန်တော် တောင်းဆိုပါတယ်ဗျာ။ ကျွန်တော်တို့ တော်တော် ခံစားခဲ့ရပါတယ်ဗျာ။ သူ့ နာမည်က ညီသွေးပါ။ … ဖြစ်နိုင်ရင် သူ့ကိုပါ ရအောင်ခေါ်ပေးပါ” ဟု
ကိုမြတ်သူရထွန်းက ရန်ကုန်အရှေ့ပိုင်းရှိ နေအိမ်တွင် နိုဝင်ဘာ ၂၂ ရက် မီဒီယာများနှင့် တွေ့ဆုံမေးမြန်းစဉ် ငိုယိုလျက် ပြောခဲ့ခြင်း ဖြစ်သည်။
ကိုမြတ်သူရထွန်းပြောပြချက်ဖြင့် ဖျာပုံမြို့နယ်၊ ခါးပြတ်ကျေးရွာရှိ ကျားဖောင်လုပ်ငန်းများမှ လူသုံးဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ပြန်လည်ခေါ်ဆောင်နိုင်ခဲ့သည်။
ကိုမြတ်သူရထွန်းသည် ကျားဖောင်တွင် အလုပ်လုပ်စဉ်အတွင်း လူမဆန်စွာ ရိုက်နှက် နှိပ်စက်ခံခဲ့ရသော်လည်း ကိုညီသွေးမှာမူ နှိပ်စက်ညှဉ်းပန်းခံထားရသည့်အနေအထား မတွေ့ရဟု ရဲမှူးကြီး မျိုးမင်းစိုးက ပြောသည်။
“မျက်မြင်အနေအထားအရ ရိုက်နှက်ထားတာ မရှိဘူးလို့ သိရတယ်။ ကိုမြတ်သူရထွန်းနဲ့ အတူတူ ဒလကနေ လူကုန်ကူးခံရတဲ့သူ နှစ်ယောက်လည်း သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ရိုက်နှက် ညှဉ်းပန်းနှိပ်စက်ထားတဲ့ လက္ခဏာ မတွေ့ရဘူး” ဟု ၎င်းက ဆက်လက်ရှင်းပြသည်။
ထို့ပြင် ၎င်းတို့ရဲတပ်ဖွဲ့က ကိုမြတ်သူရထွန်းအတွက် လူမှုဝန်ထမ်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ လူကုန်ကူးခံရသူများအတွက် သတင်းအချက်အလက် မျှဝေရေးစင်တာနှင့် ချိတ်ဆက်ပေးခဲ့ကြောင်း ဆိုသည်။
ကိုမြတ်သူရထွန်းကို ထောက်ပံ့ငွေ ကျပ် ၁၀ သိန်း ကူညီထောက်ပံ့ကြောင်း ၎င်း၏ အစ်ကိုဖြစ်သူ ကိုသော်ဇင်က Myanmar Now ကို အတည်ပြုပြောသည်။
ကိုမြတ်သူရထွန်းသည် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းခုံးတံတားတွင် ထိုင်နေစဉ် အောက်တိုဘာ ၂ ရက်က ပျောက်ဆုံးသွားခဲ့ပြီး နိုဝင်ဘာ ၁၉ ရက်၌ မိသားစုက ၎င်းအား ဒဏ်ရာဒဏ်ချက်များနှင့်အတူ ပြန်တွေ့ခဲ့သည်။
တစ်လ ကျပ်သိန်း ၂၀ ခန့်ရမည့် အလုပ်ရမည်ဟု သွေးဆောင်ကာ အမျိုးသမီးနှစ်ယောက်က ၎င်းနှင့်အတူ နောက်ထပ်နှစ်ဦးကို ဒလမြို့သို့ ခေါ်သွားခဲ့ပြီး ယင်းမှတစ်ဆင့် ဖျာပုံမြို့နယ်ရှိ ကျားဖောင်များသို့ ရောင်းစားခဲ့ခြင်းဖြစ်သည်။
မိသားစုက ပြန်လည်တွေ့ရှိချိန်တွင် ဘယ်ဘက်လက် ကျိုးနေပြီး နားတစ်ဖက်ကွဲကာ ခြေလက်များ ဖူးရောင်လျက်ရှိသည်။
ငါးရိုး၊ ပုစွန်ရိုးစူးသည့် ဒဏ်ရာများ၊ ငါးထွင်သည့် ထွန်ခြစ်ကဲ့သို့ အရာဖြင့် ရိုက်နှက်ခြင်း၊ နားပန်ကို ရိုက်သည့်အတွက် နားကွဲခြင်း၊ ဇက်ပိုးနှင့် နောက်စေ့များကို ငရုတ်ကျည်ပွေ့ဖြင့် ရိုက်၍ ရရှိသည့် ဒဏ်ရာများဖြစ်ကြောင်း ကိုမြတ်သူရထွန်းက ပြန်လည် ပြောပြသည်ဟု ကိုသော်ဇင်က ပြောသည်။
အသက် ၂၃ နှစ်အရွယ် ဒဂုံတက္ကသိုလ်မှ သမိုင်းအဓိကဖြင့် နောက်ဆုံးနှစ် စာမေးပွဲ ဖြေဆိုထားသည့် ကိုမြတ်သူရထွန်းကို ရန်ကုန်မြို့မှ ပျောက်ဆုံးသွားပြီး ၄၈ ရက်အကြာတွင် မိသားစုက ရှာဖွေတွေ့ရှိကာ ကျပ်ခြောက်သိန်းကျော်ဖြင့် ရွေးနုတ်ကာ ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဒလမြို့နယ်မှတစ်ဆင့် ကိုမြတ်သူရထွန်းနှင့်အတူတူ လူကုန်ကူးခံရသူ မြောင်းမြမြို့နယ် ဇာတိ စိုင်းမောင်မောင်၊ မအူပင်မြို့နယ်ဇာတိ မောင်သက်၊ ကိုမြတ်သူရထွန်း ကျားဖောင်ပေါ်တွင် တွေ့ရှိခင်မင်ခဲ့သူ ကိုညီသွေးတို့ကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ကယ်တင်ထားသည်။
ကိုမြတ်သူရထွန်းအမှုနှင့် ပတ်သက်၍ ဖောင်ဦးစီး ဦးကျော်အောင်နှင့် ကိုအောင် ဗလ(ခေါ်) ဗလကြီးတို့ နှစ်ဦးကို လူကုန်တားရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။ ၎င်းတို့ကို ဒလမြို့နယ်မှ ဖျာပုံမြို့ ရေလုပ်ငန်းခွင်သို့ ခေါ်ဆောင်သွားပြီး လုပ်အားခေါင်းပုံဖြတ်ခဲ့သည့် ပွဲစား ငါးဦးကိုလည်း ဆက်လက်ရှာဖွေနေကြောင်း ရန်ကုန်တိုင်း၊ လူကုန်တားရဲတပ်ဖွဲ့မှ တပ်ဖွဲ့စုမှူး ရဲမှူးမင်းခိုင်က ဆိုသည်။