သတင်း

ဆယ်ကျော်သက် မိန်းကလေးတစ်ဦးကို မူးယစ်ဆေးကျွေး၊ မုဒိမ်းကျင့်ကာ တည်းခိုခန်း၌ပစ်သွား

ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ဦးကို မူးယစ်ဆေးကျွေး၍ မုဒိမ်းကျင့်ကာ မော်လမြိုင်မြို့ရှိ တည်းခိုခန်းတစ်ခုတွင် ပစ်ထားခဲ့သည်ဟု ယူဆရသူ ယာဉ်မောင်းတစ်ဦးကို မသင်္ကာမှုဖြင့် ခေါ်ယူစစ်မေးနေသည်ဟု ရဲက ပြောသည်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြေနီကုန်းရပ်ကွက် မြို့ရှောင်လမ်းရှိ စတိုင်(လ်)တည်းခိုခန်းမှ ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ဦး နိုဝင်ဘာလ ၂၅ ရက်နေ့ (တနင်္လာနေ့) တွင် ထွက်လာပြီး လမ်းပေါ်တွင် မူးလဲကျသွားကြောင်း မျက်မြင်များက သတင်းပို့ပြီးနောက် မော်လမြိုင်-မြဝတီ ပြေးဆွဲသည့် တက္ကစီယာဉ်မောင်းတစ်ဦးကို ခေါ်ယူမေးမြန်းနေခြင်းဖြစ်သည်ဟု ဒိုင်းဝန်ကွင်းနယ်မြေရဲစခန်းက အင်္ဂါနေ့တွင် အတည်ပြုပြောဆိုသည်။

ယင်းသို့လဲကျနေသည်ကို အငှားဆိုင်ကယ်မောင်းသူများက ယင်းနေ့ ညနေ နာရီ မိနစ် ၂၀ ခန့်တွင် အကြောင်းကြားခဲ့ခြင်းဖြစ်သည်ဟု သွားရောက်ကူညီခဲ့သူတစ်ဦးက ဆိုသည်။

ဒေသခံက ကျွန်တော့်ကို လှမ်းပြောတယ်၊ မြဝတီလိုင်းကားသမားတစ်ယောက်က ခေါ်လာပြီးတော့ ကောင်မလေးကို ပစ်သွားတာပေါ့။ ကောင်မလေးက တည်းခိုခန်းက ထွက်လာပြီး ငိုငိုပြီးတော့ အားပြတ်ပြီး တက္ကစီဂိတ်မှာ လဲနေတယ်” ဟု

မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့မှ ကိုဇင်မိုးက Myanmar Now ကို တယ်လီဖုန်းဖြင့်ပြောသည်။

မိန်းကလေးအား မေးမြန်းကြည့်ရာ ၎င်းကိုမြင်းဆေး” (စိတ်ကြွဆေး) တိုက်ပြီး မုဒိမ်းကျင့်ကာ တည်းခိုခန်းတွင် ပစ်သွားသည်ဟု ပြောသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ လူကယ်ပြန်၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးကို အကြောင်းကြားပြီး ဆေးရုံပို့ခဲ့သည်ဟု ကိုဇင်မိုးက ဆက်ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကျော်ငြိမ်းချမ်းအမည်ရှိ ယာဉ်မောင်းသူတစ်ဦးကို မသင်္ကာသဖြင့် ယမန်နေ့က ခေါ်ယူမေးမြန်းထားကြောင်း၊ မိန်းကလေးငယ်မှာ အသက် ၁၈ နှစ် ပြည့်မပြည့် အတည်ပြု၍ မရသေးဟု မော်လမြိုင်မြို့နယ် ဒိုင်းဝန်ကွင်းနယ်မြေရဲစခန်း ရဲအုပ် တင်မောင်သန်းက ပြောသည်။

ဖြစ်စဉ်ကို သေချာမေးမှရမှာကိုး။ အတိအကျကြီးသူ (မိန်းကလေး) က ပြောရတာ အဆင်မပြေသေးဘူးတဲ့။ မနေ့က အရက်တွေဘာတွေ သောက်ထားတယ်ဆိုတော့ အရှိန်က မပြေသေးဘူးလေ။ ဒီကလည်း (မိန်းကလေး) အသေအချာ မပြောပြနိုင်သေးတဲ့အချိန်မှာ တရားခံပါဆိုပြီး စွပ်စွဲလို့မရသေးဘူးဟု ဆိုသည်။

အဆိုပါမိန်းကလေးမှာ အလုပ်ရှာရန်ဟုဆိုကာ အိမ်ကထွက်သွားသည်မှာ  လကျော်ရှိပြီဖြစ်ပြီး မြဝတီမြို့တွင် အလုပ်သွားလုပ်သည်ဟု သူ့မိခင်ထံမှ သိရကြောင်း၊ မြဝတီမှနေ၍ မော်လမြိုင်မြို့သို့ ရောက်လာခြင်းဖြစ်ကြောင်း၊ ၎င်း၏ မိခင်မှာ ယနေ့တွင် မော်လမြိုင်သို့ လိုက်လာပြီဖြစ်ကြောင်း ရဲအုပ် တင်မောင်သန်းက ဆိုသည်။

လက်ရှိတွင် ရာဇသတ်ကြီး ပုဒ်မ ၃၇၃ ဖြင့် အမှုဖွင့်စစ်ဆေးနေပြီး ယင်းပုဒ်မမှာ အရွယ်မရောက်သေးသူကို ပြည့်တန်ဆာကိစ္စအတွက် အသုံးပြုမှုဖြစ်ပြီး ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်သော ပုဒ်မဖြစ်သည်။

အမှုဖွင့်ဆောင်ရွက်နိုင်ရန် မိန်းကလေးကို မော်လမြိုင်ဆေးရုံကြီးတွင် ဆေးစစ်ချက်များ ရယူနေကာ ၎င်း၏မိခင် ရောက်ရှိပါက မိန်းကလေး၏ အသက်ကို အတည်ပြုနိုင်မည်ဟု ရဲအုပ် တင်မောင်သန်းက ပြောသည်။

လှိုင်သာယာမြို့နယ်ရှိ သက်ဆိုင်ရာ နယ်မြေရဲစခန်းသို့ Myanmar Now က ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားမှု မရှိခဲ့ပါ။

စတိုင်(လ်)တည်းခိုခန်းသို့ ဖုန်းဆက်မေးမြန်းခဲ့ရာ ယင်းဖြစ်စဉ်မျိုး မဖြစ်ပွားခဲ့ကြောင်း ဧည့်သည်များသာဖြစ်ကြောင်းပြောကာ ဖုန်းချသွားခဲ့သည်။

Show More

Related Articles

Back to top button