သတင်း

ရန်ကုန်တိုင်းတွင် စွန့်လွှတ်မြေများ မူလပိုင်ရှင်လက်ထဲ ပြန်မအပ်သည့်ကိစ္စ ပြည်သူ့လွှတ်တော်တွင် ဆွေးနွေး

စစ်အစိုးရလက်ထက်က သိမ်းဆည်းထားသည့် ရန်ကုန်တိုင်းအတွင်းရှိ မြေများကို အစိုးရသစ်လက်ထက်တွင် ပြန်လည် စွန့်လွှတ်ခဲ့သော်လည်း မူလပိုင်ရှင်များလက်ထဲသို့ ပြန်လည်ပေးအပ်ခြင်းမရှိဘဲ နိုင်ငံတော်စီမံကိန်းများအဖြစ် အသုံးပြုနေသည်ဟု ပြည်သူ့လွှတ်တော်အမတ်တစ်ဦးက ယနေ့လွှတ်တော်တွင် ဝေဖန်လိုက်သည်။

စွန့်လွှတ်မြေများကို တိုင်းအစိုးရက မူလပိုင်ရှင်များလက်ထဲ ပြန်လည်ပေးအပ်ခြင်းမရှိဘဲ အစိုးရက ၈၀ ရာခိုင်နှုန်း၊ မူလလယ်ပိုင်ရှင်များက ၂၀ ရာခိုင်နှုန်း အကျိုးအမြတ်ရယူပြီး နိုင်ငံတော်စီမံကိန်းအဖြစ် ဖော်ဆောင်ရန် ကြိုးပမ်းနေခြင်းမှာ ပြည်သူကို ခြိမ်းခြောက် အနိုင်ကျင့်နေခြင်းဖြစ်သည်ဟု လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က ယနေ့ ပြည်သူ့လွှတ်တော်တွင် မေးခွန်းထုတ်လိုက်သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်လည်း ဖြစ်သည်။

အစိုးရ၏ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများမှ ပြန်လည်စိစစ်ရေး လုပ်ငန်းစဉ်အရ စွန့်လွှတ်မြေများ ပြန်လည်အပ်နှံရာတွင် အခက်အခဲဖြစ်အောင် နှောင့်နှေးကြန့်ကြာအောင် လုပ်ကိုင်သူများကို အရေးယူနိုင်သည်ဟု ဖော်ပြထားသော်လည်း ထိုသို့ ပြုလုပ်နေသူများမှာ ရန်ကုန်တိုင်းအစိုးရကိုယ်တိုင် ဖြစ်နေသည်ဟု ဦးမောင်မြင့်က ဆိုသည်။

“အဲဒီလိုလုပ်နေတဲ့သူတွေက တိုင်းအစိုးရကဖြစ်နေတော့ ပြည်သူတွေမှာ ငိုကြွေးနေရုံကလွဲပြီး ဘာမှ မတတ်နိုင်တော့ပါဘူး” ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ စမ်းကြီးဝနှင့် ထောက်ကြံ့ကွင်းတို့တွင်လည်း ထောင်နှင့်ချီသည့် ကာကွယ်ရေးဝန်ကြီးဌာန စွန့်လွှတ်မြေ လယ်ယာမြေ ဧကများကို မူလပိုင်ရှင်များလက်သို့ ပြန်လည်ပေးအပ်ခြင်း မရှိခဲ့ဘဲ တိုင်းအစိုးရက ၈၀ ရာခိုင်နှုန်း၊ မူလမြေပိုင်ရှင်များကို ၂၀ ရာခိုင်နှုန်းသာ ပြန်လည် ပေးအပ်မည်ဟူသည့် မူဝါဒဖြင့် ပြည်သူကိုအနိုင်ကျင့် ခြိမ်းခြောက်နေသည်ဟု ၎င်းက လွှတ်တော်တွင် ပြောဆိုသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က ပြန်လည်ရှင်းလင်းရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ဖော်ဆောင်နေသည့် အိမ်ရာစီမံကိန်းများ၊ မြို့သစ်စီမံကိန်းများ၊ စက်မှုဇုန်စီမံကိန်းများမှာ ပြန်လည်စွန့်လွှတ်ခဲ့သည့် သိမ်းဆည်းမြေယာများအပေါ်တွင် လုပ်ကိုင်နေခြင်းမဟုတ်ဘဲ၊ အစိုးရမူဝါဒနှင့်အညီသာ အသစ်ထပ်မံ သိမ်းဆည်းပြီး ဖော်ဆောင်ရာတွင် ကျင့်သုံးသည့် မူဝါဒဖြစ်သည်ဟု ရှင်းလင်းဖြေကြားသည်။

နိုင်ငံတော်စီမံကိန်းများအတွက် မြေယာသိမ်းဆည်းမှုများကို မြေပိုင်ရှင် တောင်သူများနှင့် ညှိနှိုင်းဆောင်ရွက်နေခြင်းဖြစ်ပြီး တောင်သူများ၏ လိုလားချက်၊ တောင်းဆိုချက်များအရ ၂၀ ရာခိုင်နှုန်းကို မြို့မြေအဖြစ် တောင်သူများကို အကျိုးခံစားခွင့်ပေးပြီး ကျန် ၈၀ ရာခိုင်နှုန်းကို စီမံကိန်းမြေအဖြစ် အသုံးပြုရန် စီစဉ်နေခြင်းဖြစ်သည်ဟု ဒုတိယဝန်ကြီးက ဆိုသည်။

သို့သော်လည်း မင်းကင်းအမတ် မေးမြန်းသည့် မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ကာကွယ်ရေးဝန်ကြီးဌာန စွန့်လွှတ်မြေများဖြစ်သည့် စမ်းကြီးဝနှင့် ထောက်ကြံ့ကွင်းမှ လယ်ယာမြေများ မူလပိုင်ရှင်များထံ ပြန်လည်မရရှိသေးသည့် အပေါ်တွင်တော့ ပြန်လည်စိစစ်ပြီး ဖြေကြားသွားမည်ဖြစ်သည်ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ၂၀၁၈ ခုနှစ်က မင်္ဂလာဒုံမြို့နယ် စမ်းကြီးဝနှင့် ထောက်ကြံ့ကွင်းရှိ စွန့်လွှတ်မြေများ ပြန်လည်ပေးအပ်မည့် ကိစ္စတွင် မူလမြေပိုင်ရှင် ၂၀ ရာခိုင်နှုန်းနှင့် အစိုးရက ၈၀ ရာခိုင်နှုန်း ရယူမည့်အပေါ် ၎င်းနှင့် တိုင်းအစိုးရတို့အကြား သဘောထားကွဲလွဲခဲ့ပြီး အငြင်းပွားခဲ့ရသည်ဟု Myanmar Now ကို လွှတ်တော်အပြီးတွင် ပြောသည်။

ယနေ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဒုဝန်ကြီး၏ ရှင်းလင်းချက်အရ ထို ၂၀ ရာခိုင်နှုန်း၊ ၈၀ ရာခိုင်နှုန်း မူဝါဒမှာ စွန့်လွှတ်မြေများအပေါ် ထားရှိသည့် မူဝါဒ မဟုတ်ဘဲ နိုင်ငံတော်စီမံကိန်းများ ဖော်ဆောင်ရာတွင် တောင်သူများနှင့် ညှိနှိုင်းဖော်ဆောင်ရမည့် မူဝါဒသာဖြစ်ကြောင်း နားလည်ခဲ့သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ဖြစ်သူ ဦးအောင်လှိုင်ဝင်းက ပြောသည်။

“တိုင်းဒေသကြီးအစိုးရက ကျွန်တော်တို့ကို ပုံစံဖျက်ပြီးတော့ လာတင်ပြတဲ့ သဘောမျိုး ဖြစ်နေတာပေါ့” ဟု ၎င်းက ဆိုသည်။

ရန်ကုန်တိုင်းအစိုးရက ၎င်းတို့မူဝါဒကို လက်မခံပါက ထိုစွန့်လွှတ်မြေများကို အခြားမြေအဖြစ် သုံးစွဲခွင့်မရှိဘဲ၊ လယ်ယာမြေအဖြစ်သာ သုံးစွဲခွင့်ရှိတော့မည် ဟူသည့် ခြိမ်းခြောက်မှုမျိုးလည်း ရှိခဲ့သည်ဟု ၎င်းက ဆိုသည်။

ထို စမ်းကြီးဝနှင့် ထောက်ကြံ့ကွင်းရှိ စွန့်လွှတ်မြေများကို ရန်ကုန်တိုင်းအစိုးရက မူလပိုင်ရှင်များလက်သို့ အမြန်ဆုံး ပြန်ပေးအပ်ရန်နှင့် မပေးအပ်ပါက လုပ်သင့်လုပ်ထိုက်သည်များကို ဆက်လက် လုပ်ဆောင်မည်ဖြစ်ပြီး ပြည်ထောင်စုအစိုးရကို တိုင်မည်ဟု ၎င်းက Myanmar Now ကို ပြောသည်။

Show More

Related Articles

Back to top button