သတင်း

ပဲခူး GTC မူလမြေပိုင်ရှင်တို့က ခေတ်နှင့်အညီ လျော်ကြေးရလို 

ရန်ကုန်- မန္တလေးကားလမ်းဘေးရှိ ပဲခူးတက္ကသိုလ်မြေနေရာအတွက် အသိမ်းခံရသော လယ်မြေဧက ၅၀ ကျော်အတွက် မူလပိုင်ရှင်များထဲမှ တောင်သူ ၆ ဦးက ခေတ်နှင့်လျော်ညီသောလျော်ကြေး ရလိုကြသည်။

၁၉၉၅ တွင် သိမ်းယူခဲ့သည့် ထိုနေရာသည် နောက်ပိုင်းတွင် ပဲခူးတက္ကသိုလ်နှင့် ပဲခူးနည်းပညာတက္ကသိုလ် (GTC) နယ်မြေ ဖြစ်သွားခဲ့သည်။ 

တောင်သူများထဲမှ စောထိန်လင်းက လျော်ကြေးသည် ၂၀၁၂ လယ်ယာမြေဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်း ဖြစ်သင့်သည်ဟု ဆိုသည်။ 

“ကာလတန်ကြေးထက် မနည်းတဲ့ လျော်ကြေးလိုချင်တာပေါ့။ သူတို့ (အစိုးရ) အခုပေးတာက အရပ်ဘက်သဟဇာတနဲ့ အရပ်ပေးပေးတာပေါ့။ ဥပဒေအရ ကာလဒေသရဲ့ပေါက်ဈေးပဲ ကျွန်တော်တို့ လိုချင်တာ” ဟု စောထိန်လင်းက  Myanmar Now ကို ပြောသည်။ 

အခြားတောင်သူ ၅ ဦးမှာ ဒေါ်မာဦး၊ စောဘုံဘုံ၊  စောမိုး၊ ဒေါ်မြင့်မြင့်မူနှင့် ဇော်အောင်တို့ဖြစ်ပြီး ဘိုးဘွားစဉ်ဆက် ဓားမဦးချ ပိုင်ဆိုင်ခဲ့သော မြေယာများဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။

ဤအမှုအတွက် ပြီးခဲ့သည့်အစိုးရလက်ထက်တွင် တိုင်ကြားခဲ့ရာ ၂၀၁၅ တွင် ပြည်ထောင်စုလွှတ်တော်၏ မြေယာကော်မတီရေးရာကော်မတီဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် တွေ့ဆုံဆွေးနွေးခွင့်ရခဲ့ကြောင်း၊ ကော်မတီ၏ ဖြေရှင်းချက်သည် အစိုးရဖွဲ့ထားသည့် ပဲခူးတိုင်းအဆင့် မြေယာကော်မတီ၏ ဖြေရှင်းချက်နှင့် မတူကြောင်း စောထိန်လင်းက ရှင်းပြသည်။  

“ဦးကျော်မြင့်ပြောတာက မြေ ၂ ကွက်နဲ့ ငွေသိန်း ၃၀ ပေးတယ်။ လက်ရှိ တိုင်းအဆင့်မှာဖြစ်နေတာက မြေ ၁ ကွက်နဲ့ သိန်း ၃ဝ ဖြစ်နေတယ်။ ကျွန်တော်တို့ အဲဒီလိုဖြစ်ပြီး ထပ်မဆွေးနွေးဖြစ်တော့ဘူး” ဟု မူလပိုင်ရှင် တောင်သူ စောထိန်လင်းက ပြောသည်။ 

၎င်းကိစ္စနှင့်ပတ်သက်ပြီး ၂၀၁၇ တွင်  ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် တွေ့ဆုံနိုင်ခဲ့သော်လည်း လယ်သိမ်းခံရသူတို့၏ တောင်းဆိုချက် မရရှိခဲ့ကြောင်း စောထိန်လင်းက ပြောသည်။  

တောင်သူ ၆ ဦး ပိုင်ဆိုင်ပြီး လျော်ကြေးကိစ္စအငြင်းပွားနေသောမြေတွင် ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသည်ကို ၂၀၂၀ ဒီဇင်ဘာအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ – ပေးပို့) 

တက္ကသိုလ်နယ်နိမိတ် 

မူလပိုင်ရှင်တို့က လယ်ယာလုပ်ငန်း ဆက်လုပ်ခြင်း၊ လယ်လုပ်နေသူကို တရားစွဲခြင်းတို့ ဖြစ်ပေါ်ခဲ့ပြီး သိမ်းဆည်းမြေပေါ်ရှိ ပဲခူးတက္ကသိုလ် နယ်မြေအကျယ်အဝန်းက မေးခွန်းထုတ်စရာ ဖြစ်လာသည်။

၂၀၁၉ ဖေဖော်ဝါရီ ၂၆ တွင် ပြုလုပ်သော ပဲခူးတိုင်းလွှတ်တော်အစည်းအဝေး၌ သာယာဝတီမြို့နယ် အမှတ် (၁) ကိုယ်စားလှယ် ဒေါ်မူမူခင်က ပဲခူးတက္ကသိုလ်အကျယ်အဝန်းကို မေးမြန်းခဲ့သည်။  

တိုင်းအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်က ပဲခူးတက္ကသိုလ်၏ မြေအကျယ်အဝန်းမှာ ၇၁၈ ဒသမ ၆၅ ဧက ဖြစ်ပြီး GTC ကျောင်းအတွက် ဧက ၁၆၀ ခွဲဝေပေးခဲ့ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ 

လယ်မြေဧက ၅၀၀ ကျော်မှာ ၁၉၉၅ ကတည်းက ပဲခူးဒီဂရီကောလိပ်မြေအဖြစ် လ/န-၃၉ (လူနေထိုင်ခွင့်) ရရှိထားကြောင်းကိုပါ ဝန်ကြီးက ထည့်သွင်းဖြေကြားခဲ့သည်။

တိုင်းအစိုးရ၏ ဖြေဆိုမှုကို မူလလယ်ပိုင်ရှင်တို့လည်း သတိပြုမိသွားကြသည်ဟု လွှတ်တော်အမတ် ဒေါ်မူမူခင်က ပြောသည်။ 

” ပဲခူးအစိုးရက ဖြေတဲ့အဖြေပေါ်မှာ မူတည်ပြီး ကွင်းအမှတ်တွေ၊ ဦးပိုင်မြေတွေ လွဲနေတာလည်း သိလည်းသိရော လယ်သမားတွေက သူတို့မြေကို GTC စီမံကိန်းနဲ့ မဆိုင်ဘဲ သိမ်းထားပါတယ်ဆိုပြီး လယ်သမားတွေက တက်လာတာလေ။ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ၊ မူလပိုင်ရှင်လယ်သမားတွေကိစ္စအတွက်ကို မေးတာမဟုတ်ဘူး။ ကျွန်မက ပဲခူးတက္ကသိုလ်ရဲ့ ဧရိယာအကျယ်အဝန်းကို တိတိကျကျဖော်ထုတ်ပေးဖို့အတွက်ကိုပဲ မေးတာ ” ဟု ဒေါ်မူမူခင်က Myanmar Now ကို ပြောသည်။ 

“စီမံကိန်းမြေထဲ မပါဘဲ ခြံခတ်ပြီးတော့ လုပ်နေတဲ့လယ်သမားတွေကို မလုပ်ရတော့ဘူးဆိုပြီး လယ်သမားတွေနဲ့ ပြဿနာတက်တာတွေ၊ တရားစွဲတာတွေလည်း ရှိတယ်ဆိုပြီး လာပြောတော့ သိမ်းဆည်းမြေမှာ လျှောက်ထားပါ၊  ပြန်လည်ပြီး စိစစ်ပေးဖို့ ပြောပါဆိုပြီး (လယ်သမားတွေကို) အကြံပြုလိုက်တယ်” ဟု ၎င်းက ဆက်ပြောသည်။ 

သာယာဝတီအမတ် ဒေါ်မူမူခင်က ပဲခူးတက္ကသိုလ် နယ်နိမိတ်အား လွှတ်တော်တွင် မေးမြန်းခဲ့မှုကို တိုင်းအစိုးရဝန်ကြီး ဦးအောင်နိုင်ဇော်က ပြန်လည်ဖြေကြားနေစဉ်။ (ဓာတ်ပုံ-ပဲခူးလွှတ်တော် Facebook)

တန်ရာတန်ကြေး

အငြင်းပွားမြေနှင့် ပတ်သက်ပြီး ပညာရေးဌာနက မူလပိုင်ရှင်တို့ကို ထိုနေရာမှ ဖယ်ရှားရန် မကြာသေးခင် ကာလအတွင်းက အကြောင်းကြားခဲ့သည်။ 

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ ပဲခူးတက္ကသိုလ်မြေနေရာများဖြစ်သည်ဟု ဆိုကာ ပဲခူးတက္ကသိုလ်၏ အခွင့်ရအာဏာပိုင် ဦးထွန်းထွန်းဦးက ၎င်းတောင်သူ ၆ ဦးကို ၂၀၁၉ ဇန်နဝါရီမှ မေလအတွင်း အကြောင်းကြားစာ ၃ ကြိမ်ပို့ခဲ့ပြီး ဇွန်တွင် အမှတ် (၃) နယ်မြေရဲစခန်းသို့ တိုင်ကြားလိုက်သည်။ 

တောင်သူ ၆ ဦးက ဘိုးဘွားစဉ်ဆက် လုပ်ကိုင်လာသောမြေဖြစ်ကြောင်း၊ လယ်ခွန်ကို ၂၀၁၂ အထိ ပေးသွင်းခဲ့ပြီး အစိုးရကိုလည်း သတ်မှတ်စပါးပေးသွင်းခဲ့သည်ဟု ပဲခူးတရားရုံးတွင် ထွက်ဆိုခဲ့သည်။ 

အမှုကို စစ်ဆေးပြီးနောက် တရားသူကြီးက ၎င်းကိစ္စသည် တရားမကြောင်းအရ စွဲဆိုရမည့်အမှုဖြစ်ကြောင်း၊ ရာဇဝတ်ကြောင်းအရ တောင်သူတို့တွင် အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့သည်။

အငြင်းပွားနေရာတွင် အခြားလယ်မြေပိုင်ရှင်များကို ပေးလျော်ခဲ့ပြီးဖြစ်ပြီး ၎င်းတောင်သူ ၆ ဦးသာ ကျန်ရှိတော့ကြောင်း ပဲခူးတိုင်းအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

“လယ် ၁ ဧကကို ၄၀ x ၆၀ မြေ ၁ ကွက်နဲ့ သိန်း ၃၀နဲ့ ပေးတယ်။ မြေစစ်ကို မေးတဲ့အခါကျတော့ မြေစစ်မူအရ အဲ့ဒါ အမြင့်ဆုံးပေးတာပဲ။ တချို့လယ်မြေတွေဆို ၁၅ သိန်းပေါ့နော်။ တချို့နေရာတွေဆို ဒေသအရ ပေါက်ဈေး ၁၀ သိန်းပေါ့နော်။ တိုင်းမြေစစ်ရဲ့မူဝါဒအရ ပေးတာပေါ့နော်။ ပညာရေးဝန်ကြီးဌာနက သိန်း ၃၀ ပေးလျော်တယ်။ အစိုးရအဖွဲ့က ၄၀x ၆၀ ဂရန်ပေါက်မြေကွက်တစ်ခုပေးတာ” ဟု သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာစောညိုဝင်းက ဒီဇင်ဘာ ၃၀ တွင် Myanmar Now ကို ပြောသည်။ 

အသစ်တည်ဆောက်နေသော ပဲခူးမြစ်ကူးတံတားအနီး ပဲခူးချောင်းမှ  ပေ ၅၀ အကွာ မြို့ဦးကင်းဆိုသည့်နေရာတွင် မြေကွက် အစားပြန်ပေးခြင်းဖြစ်ပြီး သိန်း ၄၀ နှင့် ၅၀ ကြား ပေါက်စျေးရှိသည့် မြေကွက်များဖြစ်ကြောင်း ပဲခူးတိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။ 

အဆိုပါနေရာသည် ပဲခူးမြို့နှင့် မနီးမဝေးတွင် တည်ရှိပြီး ယင်းနေရာအနီး ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၇)၊ မြေတိုင်းရပ်ကွက်အမှတ်(၂)၊ သမိန်ဗရမ်းလမ်းနှင့် ဓမ္မပါလလမ်းကြားရှိ စည်ပင်ပိုင်စျေးမြေနေရာ၌ ဈေးသစ်တည်ဆောက်နိုင်ရန် တိုင်းအစိုးရက စီစဉ်နေသည်။

“အားလုံးက အဆင်ပြေပြီး ၆ ဦးကတော့ ကျန်တယ်ပေါ့။ သူတို့ဘက်ကလည်း ဥပဒေအရဆို ဥပဒေအရပဲ ဆက်လုပ်ပေါ့နော်။ အစိုးရအဖွဲ့ကလည်း ဥပဒေအရပဲ ဆောင်ရွက်မှာပေါ့။ သိန်း ၃၀ နဲ့ မြေ ၁ ကွက်ဆိုတာ ခေတ်အဆက်ဆက် အများဆုံးပေးထားတာပေါ့” ဟု ဝန်ကြီး ဒေါက်တာစောညိုဝင်းက ပြောသည်။ 

အများဆုံးပေးထားသည်ဆိုသော်လည်း ပေါက်စျေးနှင့် ယှဉ်လျှင် ကွာခြားလွန်းလှသည်ဟု မူလပိုင်ရှင်တို့က ဆိုကြသည်။

“လယ်မြေပေါက်ဈေးက ရန်ကုန်-မန်းလေးကားလမ်း မေးတင်က အလျား ၁၀၀ အနံ ၈၀ ၊ လန ၃၉ ကျပြီးပေါက်ပြီးသားက ကျပ် သိန်း ၄,၀၀၀ ကနေ ၅,၀၀၀ ကြား ရှိတယ်။ လက်ရှိအရောင်းအဝယ်လုပ်နေတဲ့ ပေါက်ဈေးပေါ့။ ကျွန်တော်တို့ ညှိထားတာ ခုထိ မရသေးတာပေါ့။ အဲ့ဒီအနောက်က လယ်တွေကတော့ ၃ ပုံ ၁ ပုံဈေး ရှိတာပေါ့” ဟု တောင်သူ စောထိန်လင်းက Myanmar Now ကို ပြောသည်။ 

အငြင်းပွားမြေပေါ်တွင် အခြားလုပ်ငန်းရှင်တို့ လုပ်ကိုင်ခွင့်ရသွားမည်ကိုလည်း မူလပိုင်ရှင်တို့က မလိုလားကြပေ။

၎င်းတောင်သူများနှင့် ပတ်သက်ပြီး သေချာစိစစ်ပေးရန် တိုင်းအစိုးရအဖွဲ့ကို တင်ပြထားကြောင်း သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဟောင်း လက်ရှိ ပဲခူးတိုင်းအမတ် ဦးကျော်မင်းစံက ပြောသည်။ 

“သိမ်းတာကတော့ အရင်အစိုးရလက်ထက်မှာ သိမ်းပြီးတော့ ကိုယ့်အစိုးရလက်ထက်မှာ GTC စီမံကိန်းမြေ လုပ်တဲ့အခါမှာ သူတို့ (တောင်သူ ၆ ဦး) မြေတွေ ပါကုန်တာပေါ့။ သူတို့ သံသယဖြစ်နေတာက အခြားကုမ္ပဏီကလူတွေကလည်း ဒီမြေပေါ်မှာ လာပြီး လုပ်နေတယ်ပေါ့။ အဲ့ဒါတွေကိုတော့ အစိုးရအဖွဲ့ကို သေချာစိစစ်ပေးဖို့ တင်ပြထားတယ်” ဟု ၎င်းက ပြောသည်။

ဒေသအသီးသီးတွင် မြေယာပြဿနာများ ဖြစ်ပေါ်နေရာ၂၀၁၆ ခုနှစ်တွင် အစိုးရက လယ်ယာမြေနှင့် အခြားမြေများ ပြန်လည်စိစစ်ရေးကော်မတီကို ၂၅ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။ နေပြည်တော်၊ ပြည်နှင့်တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်ကျေးရွာအုပ်စု ကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းထားပြီး သိမ်းဆည်းမြေပြဿနာများ ဖြေရှင်းဆောင်ရွက်နေသည်။

ပဲခူးတိုင်းအဆင့်ကော်မတီတွင် သိမ်းဆည်းလယ်ယာမြေနှင့်ပတ်သက်ပြီး၂၀၁၈ တွင် ပဲခူးခရိုင်၌ အမှုတွဲ ၃၂၂ တွဲ ရှိခဲ့ပြီး စုစုပေါင်းအမှုတွဲ ၇၀၆ မှု ရှိခဲ့သည်။ 

စိစစ်နေဆဲအမှုများနှင့် ပတ်သက်ပြီး လတ်တလောတွင် စာရင်းအတိအကျ မရရှိနိုင်သေးကြောင်း ပဲခူးတိုင်းအစိုးရရုံးအဖွဲ့ ဒုညွှန်မှူး ဦးအောင်ဆွေက ပြောသည်။ 

ပဲခူးတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ ပြန်လည်စိစစ်ရေးကော်မတီက ၂၀၁၆ မှစ၍ လေးနှစ်ကျော်ကာလအတွင်း ၈၅၅ မှုတွင် ၅၁၀ ကျော် စိစစ်ဖြေရှင်းခဲ့ပြီး စိစစ်ဆဲ ၃၄၅ မှု ကျန်ရှိနေသေးကြောင်း တိုင်းအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်က မြန်မာတောင်သူကြီးများဂျာနယ်သို့ ၂၀၂၀ စက်တင်ဘာအတွင်းက ဖြေကြားထားသည်။ 

Show More

Related Articles

Back to top button