ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ဧက ရာဂဏန်းရှိသော လယ်မြေတို့ကို ပအိုဝ်းပြည်သူ့စစ်အဖွဲ့က သိမ်းယူနေသည်ဟု ဒေသခံတောင်သူများက ပြောသည်။
တောင်ကြီးမြို့၏ တောင်ဘက် မိုင်အနည်းငယ်အကွာ၊ ထီးဖောင်းကျေးရွာအုပ်စုအတွင်းရှိ တောင်သူ ၈၀ ဦးခန့် စိုက်ပျိုးလုပ်ကိုင်နေသည့် ဧက ၅၀၀ ခန့်ကို အထူးဒေသ (၆) ပအိုဝ်းအမျိုးသားတပ်မတော် (PNA) အသွင်ပြောင်း (ဌာနေ) ပြည်သူ့စစ်အဖွဲ့က ဇန်နဝါရီ ၁၆ တွင် သိမ်းယူလိုက်သည်ဟု ဒေသခံများက ပြောသည်။
ဇန်နဝါရီ ၁၆က တောင်ယာမြေတွင် ထယ်ထိုးနေစဉ် PNA တပ်ဖွဲ့ဝင် ၂၀ ဦးခန့် ရောက်ရှိလာပြီး ထယ်ထိုးခွင့်မပေးတော့ဘဲ ထွန်စက်သော့ကိုလည်း တစ်နာရီခန့်ကြာအောင် သိမ်းဆည်းသွားခဲ့သည်ဟု ညိုမီးကုန်းပေါ်ရွာသား အသက် ၅၂ နှစ်အရွယ် ဦးစောလူက ပြောသည်။
မြစိမ်းကွင်းဧရိယာတွင် ၎င်းပိုင်ဆိုင်သည့် မြေ ၁၂ ဧက ရှိပြီး ပြောင်း၊ မြေပဲ၊ ပဲနှမ်း၊ ငရုတ် တို့ကို စိုက်ပျိုးလုပ်ကိုင်လာသည်မှာ အနှစ် ၂၀ ခန့် ရှိပြီဖြစ်ကြောင်း တောင်သူ ဦးစောလူက ပြောသည်။
အဆိုပါ မြစိမ်းကွင်းဧရိယာတွင် မြေဧက ၁,၇၀၀ ဧက ခန့်ရှိပြီး PNA က တစ်ဧကလျှင် လျော်ကြေး ၁၀ သိန်းဖြင့် ပေးလျော်ကာ သိမ်းဆည်းနေကြောင်း၊ လျော်ကြေးမယူဘဲ တောင်ယာ ဆက်လက်လုပ်ကိုင်လိုသူများကိုလည်း ခြိမ်းခြောက်နေသည်ဟု ၎င်းက ဆက်ပြောသည်။
“မင်းတို့ လျော်ကြေးမယူလည်း ဒီမြေကို လုံးဝ ဝင်လို့မရဘူး၊ အခွင့်မပေးဘူးဆိုပြီး ခြိမ်းခြောက်တယ်၊ ဒါပေမဲ့ ကျွန်တော်မကြောက်ဘူး။ ဒါက ကိုယ့်မြေပဲလေ” ဟု ဦးစောလူက ပြောသည်။
သို့ရာတွင် တောင်သူများပိုင်ဆိုင်သော ဘိုးဘွားပိုင်မြေမဟုတ်ဘဲ ၎င်းတို့ လုပ်ပိုင်ခွင့်ရခဲ့သော မြေများသာဖြစ်ကြောင်း PNA ပြည်သူ့စစ်အဖွဲ့က တုံ့ပြန်ပြောဆိုခဲ့သည့်။ အငြင်းပွားဧကမှာ တောင်သူများဘက်မှ ဧက ၅၀၀ ဟု ဆိုခဲ့သော်လည်း PNA ကမူ ဧက ၃၀၀ ခန့်သာဖြစ်ကြောင်း ပြောသည်။
ဒေသခံတောင်သူများကို ခြိမ်းခြောက်ခြင်းမရှိဘဲ လာရောက်မြေပြင်ခြင်း၊ ထယ်ထိုးခြင်းနှင့် စိုက်ပျိုးခြင်းများကိုသာ ဟန့်တားခဲ့ခြင်းဖြစ်သည်ဟု PNA ပြည်သူ့စစ်အဖွဲ့မှ ဗိုလ်မှူးကျော်သူက Myanmar Now ကို ပြောသည်။
“မလုပ်ပါဘူး၊ လူကြီးတွေကလည်း ပြောထားပြီးသား။ ဘာမှ ခြိမ်းခြောက်တာတွေ မလုပ်နဲ့။ အကယ်၍ (တောင်ယာ) ဝင်လုပ်ရင် ထွန်စက်ကိုတော့ သိမ်းထားရမယ်၊ လူကို ဘာမှမလုပ်ဘူး။ ပြီးရင် စက်လည်း ပြန်ပေးမယ်လို့ ပြောထားရတယ်” ဟု ဗိုလ်မှူးကျော်သူက ပြောသည်။
၁၉၉၁ တွင် တပ်မတော်အစိုးရနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) တို့ ငြိမ်းချမ်းရေးယူပြီးနောက် ၁၉၉၅ ၌ မြစိမ်းကွင်းမြေရှိ ဧက ၁,၇၀၀ ကို အစိုးရက လုပ်ကိုင်ခွင့်ပေးခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
၂၀၁၀ နောက်ပိုင်းမှသာ အဆိုပါမြေနေရာတွင် ဒေသခံများ ဝင်ရောက်စိုက်ပျိုးသည်ကို ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ ဘိုးဘွားပိုင်မြေမဟုတ်ကြောင်းနှင့် စီမံကိန်းလုပ်ဆောင်ရန်အတွက် ယခုမှသာ မြေကို ပြန်လည်ရယူခြင်းဖြစ်သည်ဟု ဆိုသည်။
ထောက်ပံ့ကြေးသဘောဖြင့် ၂၀၁၉ အောက်တိုဘာမှစ၍ တစ်ဧကကို ၁၀ သိန်းနှုန်းဖြင့် တောင်သူများကို ပေးလျော်ခဲ့ပြီး တောင်သူ ၂၃၀ ဦး၏ မြေဧက ၁,၄၀၀ ဧကခန့်ကို ပြန်လည်ပေးလျော်ပေးပြီးဖြစ်ကြောင်း ဗိုလ်မှူးကျော်သူက ပြောသည်။
PNA အဖွဲ့တွင်ရှိသည့် စာရင်းအရ လျော်ကြေးမယူသေးဘဲ အငြင်းပွားနေသည်မှာ ညိုမီးကျေးရွာနှင့် ထီဟန်ဆွေရွာမှ တောင်သူ ၃၀ ဦး ခန့်နှင့် မြေဧက ၃၀၀ တို့ ဖြစ်သည်ဟု သိရသည်။
ညိုမီးသရက်ပင်ရွာသူ အသက် ၆၀ အရွယ် ဒေါ်အေးအေးနွယ်က PNA က ပေးသည့် လျော်ကြေးကို မယူဘဲ တောင်ယာ ဆက်လက်လုပ်ကိုင်နေရာ ဇန်နဝါရီ ၁၆ ရက်တွင် ၎င်းပိုင်မြေ ၁၂ ဧကကို PNA က သိမ်းယူသွားသည်ဟု ဆိုသည်။
အဆိုပါမြေပေါ်တွင် စိုက်ပျိုးလုပ်ကိုင်နေသည်မှာ အနှစ် ၂၀ ကျော် ရှိပြီဖြစ်ပြီး စပါးစိုက်ရန် ထယ်ထိုးရမည့်အချိန် ရောက်ရှိနေပြီဖြစ်သော်လည်း PNA တပ်ဖွဲ့ဝင်များက လုပ်ကိုင်ခွင့်မပေးဘဲ ယာမြေများပေါ်တွင် အဆောက်အအုံငယ်များ ဆောက်ကာ နေရာယူထားသည်ဟု ဆိုသည်။
“ကျွန်မ မြေကိုပဲ ပြန်လိုချင်တယ်။ မြေမရှိရင် ကျွန်မ သားတွေ၊ သမီးတွေက ဘာနဲ့လုပ်စားကြမလဲ။ ထမင်းငတ်သွားမှာပေါ့” ဟု ဒေါ်အေးအေးနွယ်က ပြောသည်။
မြစိမ်းကွင်းဧရိယာအတွင်း တောင်ယာမြေ ၇ ဧကခန့်ကို လုပ်ကိုင်နေသည့် အသက် ၆၀ အရွယ် တောင်သူတစ်ဦးကလည်း စိုက်ပျိုးမြေများပေါ်တွင် ပဲစင်းငုံခင်းများနှင့် ပြောင်းခင်းအနည်းငယ်ကျန်ရှိနေပြီး ဝင်ရောက်ခူးဆွတ်ရန် ခက်ခဲနေကြောင်း ပြောသည်။
ဗိုလ်မှူးကျော်သူက ဆက်လက်စိုက်ပျိုးမှုကိုသာ တားဆီးထားခြင်းဖြစ်ပြီး သီးနှံများကို သိမ်းဆည်းရန်အတွက် တားမြစ်ခြင်းမရှိကြောင်း ပြောသည်။
“သူတို့ ပြောင်းတွေ၊ ဘာတွေ ကျန်တယ်ဆိုရင် သိမ်းလို့ရပါတယ်။ ခွင့်ပြုပါတယ်။ ထပ်ပြီးတော့ မြေပြင်မှာကိုသာ ခွင့်မပြုတာ” ဟု ဗိုလ်မှူးကျော်သူက ပြောသည်။
ထီဖောင်းကျေးရွာအုပ်စုအတွင်းရှိ တွီလုံး၊ ကောင်သာယာ၊ ရေဖြူ၊ ဒုန်ခါရာ၊ လွယ်တောင်း၊ ဖီဖောင်း၊ ကောင်းရွေး၊ နောင်ဆုတ်စသည့် ရွာပေါင်း ၁၃ ရွာရှိ တောင်သူများကို လျော်ကြေးပေးထားပြီးဖြစ်သလို ကျန်သည့် တောင်သူများနှင့်လည်း ဆက်လက်ညှိနှိုင်းသွားမည်ဟု ၎င်းက ဆက်ပြောသည်။
ယခု သိမ်းဆည်းထားသည့် မြေများပေါ်တွင် စက်ရုံများ တည်ဆောက်သွားမည်ဖြစ်သော်လည်း အဆိုပါစီမံကိန်း အသေးစိတ်အချက်အလက်များကို မသိရသေးကြောင်း ပြောသည်။
၂၀၁၉ ခုနှစ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရှမ်းပြည်နယ်ခရီးစဉ်တွင်း အဆိုပါမြေယာကိစ္စနှင့် ပတ်သက်၍ ဖြေရှင်းပေးပါရန် အကြောင်းကြားခဲ့ပြီး ယင်းနှစ် အောက်တိုဘာနှင့် ဒီဇင်ဘာတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ထံ ထပ်မံတိုင်ကြားခဲ့သော်လည်း ယနေ့အထိ အကြောင်းပြန်လာခြင်းမရှိသေးကြောင်း မြစိမ်းကွင်းဧရိယာရှိ တောင်သူများက ပြောသည်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) သည် ဦးအောင်ခမ်းထီ ဦးဆောင်ပြီး ၁၉၉၁ တွင် တပ်မတော်နှင့် ငြိမ်းချမ်းရေးယူခဲ့ပြီး ၂၀၁၀ တွင် နိုင်ငံရေးပါတီအဖြစ် ဖွဲ့စည်းကာ ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
PNO ၏လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် ပအိုဝ်းအမျိုးသားတပ်မတော် (PNA) က ၂၀၀၈ ၌ ကာကွယ်ရေးဦးစီးချုပ်ရုံးလက်အောက်တွင် ပြည်သူ့စစ်အဖြစ် တရားဝင်ပြောင်းလဲလိုက်ပြီး အထူးဒေသ (၆) အဖြစ် ဟိုပုန်း၊ ဆီဆိုင်နှင့် ပင်လောင်းမြို့နယ်များကို ထိန်းချုပ်ခွင့် ရခဲ့သည်။