သတင်း

ပြင်ဦးလွင်မှ တပ်မြေ ကျူးကျော်သူ ၂၈ ဦးအမှု စစ်ဆေးတော့မည်

တပ်ပိုင်မြေပေါ်တွင် ကျူးကျော်နေထိုင်သည်ဟူသော ပြင်ဦးလွင်မြို့နယ်၊ လွန်ကောင်းကျေးရွာအုပ်စု၊ မြန်ပြည်သာရွာမှ ၂၈ ဦးအမှုကို ရဲတပ်ဖွဲ့က ၄ နှစ်ကျော်ကြာ စုံစမ်းစစ်ဆေးပြီးနောက် မြို့နယ်တရားရုံးသို့ တင်ပို့ထားရာ တရားရုံးက မကြာမီ စတင်စစ်ဆေးတော့မည်ဖြစ်သည်။

တပ်မတော်လက်အောက်ခံ မာဘယ်လ်ကျောက်ပြားစက်ရုံ တာဝန်ခံဦးခင်မောင်ဦးက ရွာသားများကို စက်ရုံနှင့် သက်ဆိုင်သည့် မြေပေါ်တွင် ရွာတည်၍ လာရောက် ကျူးကျော်နေထိုင်သည်ဟု ဆိုကာ  ၂၀၁၆၊ ဧပြီတွင် ပြင်ဦးလွင်မြို့နယ်၊ ပြင်စာရဲစခန်း၌ ရာဇဝတ်မကင်းသောကျော်နင်းမှု ပုဒ်မ ၄၄၇ ဖြင့် အမှုဖွင့် တိုင်တန်းခဲ့သည်။ 

၂၀၂၀၊ စက်တင်ဘာတွင်  တရားရုံးသို့ အမှုစွဲတင်ခဲ့ပြီး ၃ ကြိမ်မြောက် ရုံးချိန်းဖြစ်သည့် ယမန့်နေ့ (ဇန်နဝါရီ ၁၂) တွင် ၎င်းတို့ကို တရားရုံးက အာမခံပေးလိုက်သည်ဟု တရားစွဲဆိုခံရသူတစ်ဦးဖြစ်သော မြန်ပြည်သာရွာသား ဦးမျိုးတင့်က Myanmar Now ကို ပြောသည်။

” ကျွန်တော်တို့ကို ၁၀ သိန်းစီနဲ့ အာမခံပေးတယ်၊ ပြီးတော့ ရုံးချိန်းပြန်ပေးတယ်၊။ နောက်အပတ်မှ စ,စစ်မှာလို့ တရားသူကြီးက ပြောတယ်”ဟု ဦးမျိုးတင့်က ပြောသည်။

မာဘယ်လ်ကျောက်ပြားစက်ရုံ၏ တိုင်စာတွင် ပြင်ဦးလွင်မြို့နယ် လွန်ကောင်းကျေးရွာအုပ်စု၊ ရဲရွာလျှပ်စစ်စီမံကိန်း သွားလမ်းပေါ် မြေဧက ၇၀၀ ကို ၁၉၉၃ ခုနှစ်က တပ်မ ၃၃ လက်အောက်ခံ တပ်ဖွဲ့များအတွက် စားနပ်ရိက္ခာထုတ်လုပ်ရန် သစ်တောဦးစီးဌာနက ဇီးပင်ကြီးထုံးဘိုကြိုးဝိုင်းအတွင်း ပယ်ဖျက်ပေးခဲ့ကြောင်း၊ ၎င်းဧက ၇၀၀ အနက် ဧက ၂၃၀ ကို  သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်လိုက်သဖြင့် ကျန် ၄၇၀ ဧကကို တန်၂,၅၀၀ ဘိလပ်မြေစက်ရုံတည်ဆောက်ရန် လျာထားပြီး မာဘယ်လ်ကျောက်ပြားစက်ရုံက ထိန်းသိမ်းထားကြောင်း ဖော်ပြထားသည်။ 

ထိုသို့ ဘိလပ်မြေစက်ရုံအတွက် လျာထားသည့်မြေများပေါ်တွင် အကွက်ရိုက်၍ ရွာတည်ကာ ဒေသအသီးသီးမှ လာရောက်ကျူးကျော် နေထိုင်သည့်အတွက် အမှုဖွင့်လှစ်ရသည်ဟု တိုင်တန်းစာတွင် ပါရှိသည်။

ကျူးကျော်နေထိုင်သူတို့ကို ဦးဆောင်သူမှာ ဒေါ်အေးအေးခိုင်ဆိုသူ ဖြစ်သည်ဟု မာဘယ်လ်ကျောက်ပြားစက်ရုံ တာဝန်ခံ ဦးခင်မောင်ဦးက စွပ်စွဲလိုက်သည်။

“ကျွန်တော်တို့က စီမံကိန်းအတွက်  မီးကြိုးတွေ၊ မီးတိုင်တွေ လုပ်ထားပြီးသား။ အဲဒီအစ်မက ဦးဆောင်ပြီး အဓမ္မ ရွာလာတည်၊ အကွက်တွေ ရိုက်၊ ဘုရားတွေ လာတည်တယ်။ အဲဒါနဲ့ တပ်မတော်စစ်ထောက်ချုပ်တွေက ကျွန်တော်တို့ကို ညွှန်ကြားတယ်။ ဒါသည် တပ်ပိုင်မြေဖြစ်တဲ့အတွက် ထိထိရောက်ရောက် တရားစွဲဆိုပေးပါလို့ ညွှန်ကြားလာတဲ့အတွက် ဝန်ထမ်းဆိုတော့ တရားစွဲရတာပါ” ဟု တရားစွဲဆိုသူ ဦးခင်မောင်ဦးက Myanmar Now ကို ပြောသည်။

မြန်ပြည်သာရွာသားများ လာရောက်နေထိုင်သည့်နေရာသည် အကျယ်အဝန်းဧက ၁၀၀ ကျော်ခန့်ရှိပြီး ၂၀၁၅ မှ စတင်နေထိုင်ခဲ့ကြ၍  အကြိမ်ကြိမ် တားမြစ်ခဲ့သော်လည်း မရသောကြောင့် အမှုဖွင့်ရခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။ 

“ကျွန်တော်တို့ကလည်း စီမံကိန်းကို အကောင်အထည်မဖော်လိုက်နိုင်ဘူး၊ ဘေးအလုပ်တွေ ရှိနေတော့။ သူတို့ (ရွာသားများ) က နေ့ချင်းညချင်းကို ပြောင်းကြ၊ ရွှေ့ကြနဲ့ တားလည်း မရဘူး။ ရွာကြီးဖြစ်လာတယ်”ဟု ဦးခင်မောင်ဦးက ဆိုသည်။

မူလက စွဲဆိုစဉ်က ရွာသား ၁၇၆ ဦး ဖြစ်သော်လည်း ဆယ်အိမ်စု ခေါင်းဆောင်ပိုင်း ၂၈ ဦးကိုသာ တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။ 

မြန်ပြည်သာရွာတွင် လူဦးရေ ၈၀၀ ကျော် နေထိုင်နေပြီး အိမ်ခြေ ၂၈၀ ခန့် ရှိကာ စိုက်ပျိုးရေး၊ ပန်းရန်၊ လက်သမားနှင့် အခြားအလုပ်များ လုပ်ကိုင်ကြ၍ အများစုမှာ မန္တလေးမှပြောင်းရွှေ့လာကြသူများ ဖြစ်သည်ဟု ရွာသားများထံမှ သိရသည်။

တရားစွဲခံထားရသူတစ်ဦးဖြစ်သော ဦးခင်မောင်ဝင်းက ၎င်းနေရာရှိ ပေ ၃၀၊ ၄၀ အကျယ်အဝန်းရှိ မြေကို ဒေါ်အေးအေးခိုင် ဆိုသူထံမှ ၂၀၁၆ တွင် ကျပ် ၁၉ သိန်းဖြင့် ဝယ်ယူနေထိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ကျွန်တော်တို့က သူ (ဒေါ်အေးအေးခိုင်) ပိုင်တယ်လို့ပဲ သိတာဗျ။ အရင်ကိစ္စတွေ မသိဘူး။ မန္တလေးမှာ အိမ်ငှားနေရရင် တစ်နှစ်စာပဲ ရှိတာဆိုတော့ တန်ဖိုးနည်းနည်းနဲ့ဝယ်ပြီး နေဖြစ်တာပါ”ဟု ဦးခင်မောင်ဝင်းက ပြောသည်။ 

” သူ (ဒေါ်အေးအေးခိုင်) က ဟိုအရင်ကတည်းက ဓားမဦးချ တောင်သူတွေဆီက ဝယ်ခဲ့တာ ပြောတယ်။ အကွက် (မြေကွက်) တွေ ရိုက်ပြီး ကျွန်တော်တို့ကို ရောင်းပါတယ်။ ရောင်းတယ်ဆိုတာလည်း စာချုပ်စာတမ်းနဲ့မဟုတ်ပါဘူး။ ရွာတည်တာ၊ လမ်းခင်းဖို့အတွက် အလှူငွေထည့်ရတာပါ”ဟု ၎င်းက ဆက်ပြောသည်။

အသက် ၃၇ နှစ်အရွယ်ရှိ ဒေါ်အေးအေးခိုင်ဆိုသူအား Myanmar Now က ဆက်သွယ်ခဲ့သော်လည်း ၎င်း၏ မောင်တော်စပ်သူ မြန်ပြည်သာရွာ ရာအိမ်မှူးဆိုသူ ဦးစိုးလွင်က မေးမြန်းမှုကို လက်ခံဖြေဆိုခဲ့သည်။

အဆိုပါရွာရှိ ၄၂ ဧကကို တောင်သူဦးလှအောင်ထံမှ အစ်မဖြစ်သူ ဒေါ်အေးအေးခိုင်က စာချုပ်စာတမ်းဖြင့် ဝယ်ယူခဲ့ကြောင်း၊ ထို့နောက် မန္တလေးမြို့ရှိ အိမ်ခြေမရှိသူ  ၇၈ အိမ်ထောင်စုခန့်ကို အခမဲ့နေထိုင်ရန် ကူညီပေးထားခြင်းသာဖြစ်ကြောင်း ၎င်းက ပြောသည်။ 

” အခု အစ်မ (ဒေါ်အေးအေးခိုင်) ကိုလည်း ၆ (၁) နဲ့ တရားစွဲထားပြီး ဝရမ်းကြေညာထားတယ်”ဟု ဦးစိုးလွင်က ဆိုသည်။

ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးဥပဒေ ပုဒ်မ ၆ (၁) အရ ပြစ်မှုထင်ရှားပါက ၇ နှစ်အထိ ထောင်ဒဏ်ကိုဖြစ်စေ၊ ကြိမ်ဒဏ်ကိုဖြစ်စေ၊ ထောင်ဒဏ်နှင့်ကြိမ်ဒဏ် နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်ရမည့်အပြင်၊ ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ရာဇသတ်ကြီးတွင် ပြဋ္ဌာန်းထားသည်။

အဆိုပါမြေနေရာများတွင်၂၀၁၅ ခန့်မှစ၍ လူများ ဝင်ရောက်နေထိုင်လာကြကြောင်းနှင့် ၎င်းကိစ္စကို မြို့နယ် မြေယာစီမံခန့်ခွဲမှုကော်မတီထံတွင်သာ မေးမြန်းရန် ပြင်ဦးလွင်မြို့နယ်၊ အမှတ် (၁) တိုင်းလွှတ်တော်အမတ် ဦးအောင်မင်းက ပြောသည်။ 

မြို့နယ်မြေယာစီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများကို မေးမြန်းရန် လတ်တလောတွင် Myanmar Now က ဆက်သွယ်နိုင်ခြင်း မရှိသေးပေ။

အဆိုပါအမှုကို ဇန်နဝါရီ ၂၆ တွင် ပြင်ဦးလွင်မြို့နယ်တရားရုံး၌ အမှု စတင်စစ်ဆေးမည် ဖြစ်သည်။ 

ပြင်ဦးလွင်တွင် တပ်ပိုင်မြေများ ကျူးကျော်သည်ဟုဆိုကာ တရားစွဲခံနေရမှုများရှိနေပြီး ပြီးခဲ့သည့် ၂၀၂၀၊ နိုဝင်ဘာ ၂၆ ကလည်း ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။ 

Show More

Related Articles

Back to top button