သတင်း

မူလမြေအရောင်းအဝယ်စာချုပ် မပျက်ပြယ်သေးဟု ဆီဒိုးနားကိစ္စကန့်ကွက်သူပြော

စင်ကာပူအခြေစိုက် Keppel ကော်ပိုရေးရှင်းက ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်ကို လွှဲပြောင်းရောင်းချမှုအပေါ် လူသိရှင်ကြား ကန့်ကွက်ထားသူက ၎င်းသည် ဟိုတယ်မြေနေရာအတွက် အမွေဆက်ဆံခွင့်ရှိသူဖြစ်ကြောင်း၊ မူလမြေအရောင်းအဝယ်စာချုပ်လည်း မပျက်ပြယ်သေးကြောင်း ထုတ်ဖော်ပြောဆိုသည်။

ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ ဆီဒိုးနားဟိုတယ်ကို Spring Blossom Ventures ကုမ္ပဏီထံ အမေရိကန်ဒေါ်လာ ၅၇ ဒသမ ၄ သန်းဖြင့် လွှဲပြောင်းရောင်းချမည့်အစီစဉ်ကို Keppel ကော်ပိုရေးရှင်းက မတ်လဆန်းပိုင်းတွင် ကြေညာခဲ့ခြင်းဖြစ်သည်။

ထိုအစီအစဉ်ကို ကန့်ကွက်ကြောင်း ရန်ကုန်မြို့နေ ဦးရဲဝင်းအောင်ဆိုသူ၏ ရှေ့နေက မတ်လ ၃၀ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်းကြေညာခဲ့ရာ၌ ရန်ကင်းမြို့နယ်၊ သုခဝတီလမ်း ဦးပိုင်မြေကွက်အမှတ် (၈)၊ (၁၅) နှင့် (၁၆) ရှိ မြေဧရိယာ ၂၇ ဧကကျော်မှာ စူနီရမ်ရပ်မရှားအမည်ပေါက်ဖြစ်ပြီး ဦးရဲဝင်းအောင်က အမွေဆက်ခံပိုင်ခွင့်ရှိသည်ဟု ဆိုသည်။ 

မြေကွက်အမှတ် (၈) တွင် ဆီဒိုနားဟိုတယ် တည်ဆောက်ထားသည့် မြေနေရာပါဝင်ပြီး ဦးရဲဝင်းအောင် အမွေဆက်ခံပိုင်ဆိုင်သောမြေကို ခွင့်ပြုချက်မရှိဘဲ လွှဲပြောင်း၊ ရောင်းချ၊ ပေးကမ်းခြင်း မပြုလုပ်ရန်နှင့် ပြုလုပ်ပါက ဥပဒေနှင့်အညီ ဆောင်ရွက်မည်ဟုလည်း ဖော်ပြသည်။

အဆိုပါမြေကွက်များနှင့် ပတ်သက်၍ ၁၉၂၀ ဝန်းကျင်က ချုပ်ဆိုထားသည့် အရောင်းအဝယ်စာချုပ်၊ မြေပုံ၊ မြေကွက်များနှင့် ပတ်သက်၍ စူနီရမ်ရပ်မရှားက ပေးဆောင်ထားသည့် အခွန်မှတ်တမ်းများကို အခြေခံကာ ယခုကဲသို့ ကြေညာခြင်းဖြစ်ကြောင်း ဦးရဲဝင်းအောင်၏ ရှေ့နေ ဦးဝင်းထိန်က Myanmar Now ကို ပြောသည်။ 

“အဲ့ဒီအပေါ် အထောက်အထားကို အခြေပြုပြီးတော့ ဒီလိုထည့်သွင်းပြီး ကြေညာရတာ။ စာချုပ်ကတော့ အခုအချိန်ထိ ဘယ်သူကမှ ပယ်ဖျက်ထားတာ မရှိဘူး။ ပျက်ပြယ်မနေဘူး။ စူနီရမ်ရပ်မရှားကလည်း ဒီမြေနဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမှ ရောင်းချထားတာ မရှိဘူး” ဟု ၎င်းက ဆိုသည်။ 

စူနီရမ်ရပ်မရှားဆိုသူသည် ဦးရဲဝင်းအောင်၏ အဖေဖြစ်သူကို မွေးစားခဲ့ပြီး ၎င်းတို့ ဆုံးပါးသွားပြီးနောက် ကျန်ရှိသည့် ပိုင်ဆိုင်မှုများကို ဦးရဲဝင်းအောင်က အမွေဆက်ခံခြင်းဖြစ်သည်ဟု ဆိုသည်။ 

စူနီရမ်ပတ်ဟု ခေါ်သည့် ၂၇ ဧက အကျယ်ရှိ ထိုမြေကွက်သုံးခုသည် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဆီဒိုးနားဟိုတယ်မီးပွိုင့်မှ ကံဘဲ့လမ်းမီးပွိုင့်အထိ အကျုံးဝင်ကြောင်း နီးစပ်သူတစ်ဦးက ဆိုသည်။ 

ဆီဒိုနားဟိုတယ်မဆောက်လုပ်မီက ထိုမြေ ၂၇ ဧက၏ မျက်နှာစာ ပေ ၂၀၀ ဝန်းကျင်ရှိ ဘိုးဘွားပိုင် စွပ်ကျယ်စက်ရုံမှာ ပြည်သူပိုင် သိမ်းဆည်းခံရပြီး အခြားမြေများမပါဝင်သော်လည်း ရောင်းချမှုများ ရှိခဲ့သည်ဟု ၎င်းက ဆိုသည်။ 

ဆီဒိုးနားဟိုတယ် စတင်တည်ဆောက်ချိန်က ရင်းနှီးမြှုပ်နှံလုပ်ကိုင်ခဲ့သူများသည် မြေအသုံးပြုမှုနှင့် ပတ်သက်၍ ညှိနှိုင်းမှုမရှိသလို လျော်ကြေးလည်း မရရှိကြောင်း၊ ထိုစဉ်က ကန့်ကွက်မှုရှိမရှိကို မသိရသော်လည်း ယခုတစ်ကြိမ်တွင် မကန့်ကွက်၍မဖြစ်တော့ကြောင်း အထက်ပါ နီးစပ်သူက ပြောသည်။

“ဆီဒိုးနားဟိုတယ်ကို နစ်နာဖို့ မဟုတ်ဘူး။ မြေကို သုံးထားတဲ့အတွက်ပေါ့နော်။ တန်ရာတန်ကြေးရရင် ဆိုတဲ့ အပိုင်းလေးတွေတော့ ရှိတာပေါ့” ဟု ၎င်းက ဆိုသည်။ 

စူနီရမ်ပတ်အတွင်းမှ အခြားမြေကွက်များနှင့် ပတ်သက်၍ မြေပုံထုတ်ယူမှုများရှိသဖြင့် ၂၀၁၄ တွင် ရန်ကုန်စည်ပင်ဌာန၏ မြေယာဌာနတွင် ကန့်ကွက်မှုမှုများရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

Keppel ကော်ပိုရေးရှင်းသည် ၁၉၉၃ တွင် မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့ပြီး ၁၉၉၆ တွင် ဆီဒိုးနားဟိုတယ်ကို ဖွင့်လှစ်လုပ်ကိုင်ခဲ့သည်။ ကနဦးတွင် Garden Wing အမည်ရှိ ၃၆၆ ခန်းပါ ဟိုတယ်တစ်လုံးသာ ရှိရာမှ ၂၀၁၆ တွင် Inya Wing ၂၉ ထပ် အမြင့်ရှိ အခန်းပေါင်း ၄၃၁ ခန်းပါ ဟိုတယ်အဆောက်အအုံတစ်ခုကို တိုးချဲ့ဖွင့်လှစ်ခဲ့သည်။ 

Keppel ကော်ပိုရေးရှင်း၏ Straits Greenfield က စီမံခန့်ခွဲနေသည့် ဆီဒိုးနားဟိုတယ်ကို ယခုနှစ် ၂၀၂၃ ပထမနှစ်ဝက်အတွင်း အပြီးသတ်ရောင်းချရန် မျှော်မှန်းထားကြောင်း မတ် ၆ တွင် Keppel ကုမ္ပဏီက သတင်းထုတ်ပြန်ထားသည်။ 

Keppel ကော်ပိုရေးရှင်းသည် ရန်ကုန်မြို့လယ် ဂျန်းရှင်းစီးတီးစီမံကိန်းတွင် ရှယ်ယာ ၄၀ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး ရွှေတောင်အုပ်စုနှင့် ပူးပေါင်းလုပ်ကိုင်နေသည်။ 

စစ်အာဏာသိမ်းပြီးနောက် စီးပွားရေးယိုယွင်းလာမှုများကြောင့် နိုင်ငံတကာကုမ္ပဏီကြီးများဖြစ်သည့် Total, Chevron ရေနံကုမ္ပဏီများအပြင် ဂျပန်ဘီယာလုပ်ငန်း Kirin နှင့် အခြားကုမ္ပဏီအများအပြား ထွက်ခွာသွားကြပြီဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button