ရန်ကုန် – ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်မြေယာစီမံခန့်ခွဲရေးကော်မတီရဲ့ ဆုံးဖြတ်ချက်တစ်ခုကို မကျေနပ်တဲ့အတွက် ရေလုပ်ငန်းကုမ္ပဏီတစ်ခုက ကော်မတီဝင်တွေကို တရားမကြောင်းနဲ့ တရားစွဲမယ်ဆိုပြီး အသိပေးစာ ပေးပို့ထားပါတယ်။
ပင်လုံရတနာဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီဟာ ညောင်တုန်းမြို့နယ်မှာ ဧက ၁၁၅ဝ ကို နှစ်အလိုက် စီမံချက်ဆိုပြီး ငါးမွေးမြူရေးလုပ်ငန်း(ရေနက်ကွင်း) လုပ်ပိုင်ခွင့်ရခဲ့တာ ၂ဝဝဝ ပြည့်နှစ်ကတည်းက ဖြစ်တယ်လို့ ကုမ္ပဏီရဲ့ မန်နေဂျာဖြစ်သူ ဦးကျော်ကျော်မိုးက Myanmar Now ကို ဇွန် ၂၁ ရက်နေ့မှာ ပြောပါတယ်။
အဲ့ဒီစီမံချက်အရ လုပ်ပိုင်ခွင့်ရတဲ့ ဧရိယာနဲ့ ဆက်စပ်နေတဲ့ အင်းတွေကိုလည်း ကုမ္ပဏီကပဲ နှစ်စဉ် လုပ်ပိုင်ခွင့်ရဖို့ ယခင် စစ်အစိုးရလက်ထက်ကတည်းက ကြေညာထားပြီးဖြစ်တယ်လို့ မန်နေဂျာက ဆက်ပြောပါတယ်။
အဲဒီထဲက သုံးခွအင်းကို ဒေသခံရေလုပ်သားငယ်တွေ လုပ်ကိုင်ခွင့်ပြုဖို့ မြေယာစီမံခန့်ခွဲရေးကော်မတီက ဆုံးဖြတ်တာဟာ ယခင် စစ်အစိုးရ စီမံချက်အမိန့်ကို ဖောက်ဖျက်ရာ ရောက်တဲ့အတွက် အခုလို တရားစွဲဆိုဖို့ ဖြစ်လာတာလို့ မန်နေဂျာက ပြောပါတယ်။
“ကျွန်တော်တို့က နှစ်စဉ် ဒီသုံးခွအင်းကို လေလံဈေး အမြင့်တွေနဲ့ဆွဲတယ် ဆိုပေမယ့် ဒေသခံတွေကိုပဲ လုပ်စားကိုင်စားခွင့် ပြုခဲ့တာပဲ။ ကျွန်တော်တို့က မပေးနဲ့ မဟုတ်ဘူး၊ လေလံဈေးကို ကျွန်တော်တို့ကတောင်ပေးသွင်းပြီး အများရှာစားဖို့ လုပ်ပေးမယ်၊ ဒါပေမယ့် အဲ့ဒီလူတွေ ကျွန်တော်တို့ ဧရိယာထဲကို ဝင်မလာစေနဲ့” လို့ မန်နေဂျာက ပြောပါတယ်။
“မြန်မာနိုင်ငံမှာ နယက (ယခင် စစ်အစိုးရ) အမိန့်နဲ့ ချပေးထားတာ။ အမြင့်ဆုံးအမိန့်ပဲ။ ကျွန်တော်ပြောတာ ရှင်းရှင်းလေး။ ဒီလိုလုပ် ချင်တယ်ဆို နယက အမိန့်ကို တရားဝင်ဖျက်လိုက်”
ကော်မတီဝင်တို့ရဲ့ တုံ့ပြန်ချက်
မြို့နယ်မြေယာစီမံခန့်ခွဲရေး ကော်မတီမှာ တိုင်းဒေသကြီးလွှတ်တော်ရဲ့ ညောင်တုန်းကိုယ်စားပြု အမတ် ၂ ဦး၊ အုပ်ချုပ်ရေး၊ မြေစာရင်း၊ ငါးလုပ်ငန်း စတဲ့ မြို့နယ်အဆင့်ဦးစီးမှူးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပါဝင်ပါတယ်။ ကော်မတီက မြို့နယ်အတွင်း မြေယာပြဿနာတွေကို စိစစ်ဆောင်ရွက်ပေးရတာပါ။
ညောင်တုန်း မဲဆန္ဒနယ် အမှတ် ၁ ကိုယ်စားပြု ဒေါ်နီနီမိုးက ကုမ္ပဏီလုပ်ပိုင်ခွင့်ထဲ သုံးခွအင်း မပါဘူး ဆိုတာ ကော်မတီကစစ်ဆေး တွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။
“ဒေသခံတွေက အရင်အစိုးရတုန်းကလည်း တိုင်ခဲ့သေးတယ်။ ဘာမှ ဖြစ်မလာခဲ့ဘူး။ အခု ထပ်တိုင်လို့ မြေယာစီမံခန့်ခွဲရေးကော်မတီအနေနဲ့ စစ်တာ။ ဒေသခံတွေ လုပ်ဖို့ ကျွန်မတို့က ခွင့်ပြုပေးခဲ့တာကို မကျေနပ်လို့ ကျွန်မတို့ အပါအဝင် ကော်မတီတစ်ခုလုံးကို တရားစွဲတာ” လို့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမိုးက ပြောပြပါတယ်။
ဧက ၅ဝ ခန့်ရှိတဲ့ သုံးခွအင်းလုပ်ပိုင်ခွင့် လက်လွှတ်လိုက်ရတာဟာ သိက္ခာကျစရာဖြစ်တယ်လို့ ကုမ္ပဏီဘက်က ယူဆဟန်တူကြောင်း မဲဆန္ဒနယ် အမှတ် ၂ ကိုယ်စားပြု ဦးကျော်ဆန်းက သုံးသပ်ပါတယ်။
ဒီကိုယ်စားလှယ်နှစ်ဦးရဲ့လက်ထဲကို ကုမ္ပဏီကပေးပို့တဲ့ အသိပေးစာ မကြာသေးခင်ရက်ပိုင်းအတွင်းက ရောက်ရှိသွားပါပြီ။
လက်ဝါးကြီးအုပ်မှု လျှော့ချရေး
တိုင်းဒေသကြီးအတွင်း အင်းလုပ်ငန်း အားလုံးရဲ့ ၈ဝ ရာခိုင်နှုန်းကျော်ကို ကုမ္ပဏီကြီးတွေက လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားတယ်၊ ကျန်တဲ့၂ဝ ရာခိုင်နှုန်းလောက်ကို ဒေသခံအစုအဖွဲ့တွေ လက်ထဲရောက်အောင် ကြိုးစား ဆောင်ရွက်ရာမှာ အခက်အခဲတွေ ရှိနေသေးတယ်လို့ ပန်းတနော်မြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစန်းမောင်က ပြောပါတယ်။
အင်းလုပ်ငန်းကုမ္ပဏီကြီးတချို့ဟာ မြေယာစီမံခန့်ခွဲရေးကော်မတီကို အချက်အလက်မှန် မပေးခြင်း၊ လုပ်ငန်းခွင် ဝင်ရောက်စစ်ဆေးခွင့် မပေးခြင်းလိုမျိုး ပူးပေါင်းဆောင်ရွက်မှု အားနည်းချက်တွေ ရှိတယ်လို့ သူက ဆိုပါတယ်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးဘဟိန်းကတော့ ဒေသတွင်း အင်းလုပ်ငန်းတွေမှာ ကုမ္ပဏီကြီးတွေရဲ့ လက်ဝါးကြီးအုပ်မှု တတ်နိုင်သမျှ လျော့နည်းအောင်လုပ်မယ်လို့ ပြောထားပါတယ်။
လုပ်ကွက်အများစုကို ကုမ္ပဏီကြီးတွေကပဲ လုပ်ပိုင်ခွင့်ရရှိထားတာကြောင့် ဒေသခံ စိုက်ပျိုးရေးသမားတွေ၊ ရေလုပ်ငန်း လုပ်ကိုင်သူတွေ အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။