အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ငပုတောမြို့နယ် NLD အလုပ်အမှုဆောင်တစ်ဦး စစ်ကြောရေးတွင်  သတ်ဖြတ်ခံရ

စစ်တပ်က ငပုတောမြို့နယ် NLD ပါတီဝင်ကို ဖမ်းသွားပြီး ၄ ရက်အကြာတွင် သူ့ရုပ်အလောင်းကို လာရောက်ထုတ်ယူရန် မိသားစုထံအကြောင်းကြားခဲ့သည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့က (မေ ၅) ဖမ်းဆီးခံခဲ့ရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၏ ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် အလုပ်အမှုဆောင် ဦးသန်းထွန်းကို စစ်တပ်က ဟိုင်းကြီးကျွန်းရေတပ် စစ်ကြောရေးစခန်းတွင် ရိုက်နှက်သတ်ဖြတ်လိုက်သည်ဟု သူ၏လုပ်ဖော်ကိုင်ဖက်များက ထုတ်ဖော်ပြောဆိုလိုက်သည်။

အသက် ၅၅ နှစ်အရွယ် ဦးသန်းထွန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် ဆက်စပ်သည်ဟု စစ်တပ်က စွပ်စွဲပြီး ၎င်းနေထိုင်သည့် ငပုတောမြို့နယ်၊ မရမ်းကွင်းကျေးရွာနေအိမ်မှ ဟိုင်းကြီးကျွန်းရေတပ်စခန်းသို့ ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်သည်။

ဖမ်းဆီးသွားပြီး လေးရက်အကြာ မေ ၉ ရက်နေ့ နံနက်တွင်  စစ်တပ်က ဟိုင်းကြီးကျွန်းမြို့နယ် ကျောက်ချောင်း ဆေးရုံသို့ သူ၏ အလောင်းကို လာပို့သွားပြီး အလောင်းထုတ်ယူရန် မိသားစုကိုလည်း အကြောင်းကြားခဲ့သည် ဟု ငပုတောမြို့နယ် NLD ပါတီဝင်များက ပြောသည်။

“ဟိုင်းကြီးမှာရေတပ်စခန်းရှိတယ်။ အဲ့ဒီကို ဖမ်းသွားပြီးတော့ အဲ့ဒီမှာပဲ စစ်ကြောရေးလုပ်ပြီးတော့ သတ်ပစ်လိုက် တယ်။ သတ်ပစ်လိုက်ပြီးတော့မှ သူနဲ့သက်ဆိုင်သူတွေလာကြည့်ကြ၊ လာယူဆိုပြီး အလောင်းထုတ်ပေးတယ်” ဟု ငပုတောမြို့နယ် NLD ပါတီဝင် အမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။ 

မိသားစုဝင်များက မေ ၉ ရက်နေ့တွင် အလောင်းထုတ်ယူခဲ့ပြီး အသုဘချသည့်အစီစဉ်ဆောင်ရွက်ခဲ့သည်ဟု သိရကြောင်း သူက ဆိုသည်။

 NLD ပါတီအလံ ကိုင်ဆောင်ကာ စစ်အာဏာရှင် အလိုမရှိကြောင်း ရန်ကုန်မြို့၌ ဆန္ဒပြနေသည်ကို ၂၀၂၁ မတ် ၁၂ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ-EPA)

မေ ၅ ရက် မတိုင်မီ ငပုတောမြို့နယ် PDF တပ်ဖွဲ့ဝင်အချို့ ဖမ်းဆီးခံရသည့်ဖြစ်စဉ်ရှိပြီး  ဦးသန်းထွန်း ဖမ်းဆီးခံခြင်းမှာ ထိုဖြစ်စဉ်နှင့်ဆက်စပ်နိုင်ကြောင်း၊ ဟိုင်းကြီးကျွန်း စစ်ကြောရေးတွင် စစ်တပ်က ရိုက်နှက် စစ်ဆေးရာမှ လက်လွန်သေဆုံးသွားခြင်းဖြစ်ကြောင်း ထိုသူက ယူဆသည်။

“သူတို့ (စစ်ကောင်စီ) စိုးမိုးနေတဲ့နယ်မြေဖြစ်တယ်။ သူတို့အုပ်ချုပ်မှု ၁၀၀ ရာခိုင်နှုန်းရှိနေတဲ့နေရာဖြစ်တဲ့အတွက် သူတို့ ဒီလူကို နှစ် ၁၀၀ ထောင်ချရင်လည်းချလိုက်၊ တစ်သက်တစ်ကျွန်းချရင်ချလိုက် ချလို့ရတယ်။ ကျူးလွန် တယ်လို့ထင်တဲ့အတိုင်းစီရင်ခွင့်ရှိနေတာပဲ။ လူကိုဖမ်းပြီး စစ်ပြီး သတ်တယ်ဆိုတာကြီးက မတရားဘူး” ဟု သူက ပြောသည်။

ဦးသန်းထွန်းသည် စပ်တပ်မှ တပ်ကြပ်ရာထူးဖြင့် အငြိမ်းစားယူခဲ့သည့် စစ်သားဟောင်းဖြစ်ကြောင်း ၊၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ငပုတောမြို့နယ်မှ အနိုင်ရရှိခဲ့သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းအောင်၏  ကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ပေးခဲ့ကြောင်း သိရသည်။  

ဦးသန်းထွန်းသေဆုံးမှုနှင့်ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်းမရှိသလို Myanmar Now က သီးခြား ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပေ။ 

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်၏ ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက်မှုများကြောင့် ယခုနှစ် ဇန်နဝါရီ ၁၅ အထိ အပြစ်မဲ့ပြည်သူ ၄၂၅၁ ဦးသေဆုံးခဲ့ပြီး NLD လွှတ်တော်ကိုယ်စားလှယ် ၂ ဦးနှင့် ပါတီဝင် ၁၀၀ ဦး ပါဝင်ကြောင်း  NLD လူ့အခွင့်အရေးမှတ်တမ်းကောက်ယူ ရေးအဖွဲ့၏ ဖေဖော်ဝါရီ ၈ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button