မြေယာအငြင်းပွားမှုဖြစ်ရာမှ ခြံစည်းရိုးကို အင်အားသုံး လာရောက်ဖျက်ဆီးသည်ဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် ၁၅ ဦးကို နိုင်လွတ်လုံဥပဒေဖြင့် ဒေသခံတစ်ဦးက အမှုဖွင့်ခဲ့ကြောင်း အင်းတော်မြို့နယ် မော်လူးနယ်မြေ ရဲစခန်းထံမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးကျေးရွာ အုပ်ချုပ်ရေးမှူး အပါအဝင် ၁၅ ဦးကို နိုင်လွတ်လုံဟု လူသိများသည့် နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၁၀ ဖြင့် အမှုဖွင့်လိုက်ခြင်းဖြစ်သည်။
“ဟုတ်ပါတယ်။ တရားလိုလာတိုင်တဲ့အတိုင်း ဖွင့်ပေးလိုက်တာ။ နိုင်လွတ်လုံပုဒ်မနဲ့ပါ” ဟု မော်လူးနယ်မြေရဲစခန်းမှ မြို့နယ်ရဲတပ်ဖွဲ့မှူး မျိုးအေးဆွေက ပြောသည်။
အုပ်ချုပ်ရေးရုံး တည်ဆောက်ရန်ဟုဆိုကာ ပုံစံ ၁၀၅ (မြေစာရင်းပုံစံ/မြေပုံ)ပေါက်ပြီးသား ၎င်း၏မြေကွက်ခြံစည်းရိုးကို အဆိုပါ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က လာရောက်ဖျက်ဆီးသည့်အတွက် အမှုဖွင့်ရခြင်းဖြစ်ကြောင်း တရားလိုဖြစ်သူ မော်လူးကျေးရွာဒေသခံ ဒေါ်ခင်စန်းရွှေက ပြောသည်။
“ကျွန်မတို့မြေကို မတရား လူအင်အားအုပ်စုနဲ့ လာသိမ်းလို့ ဖွင့်တာပါ။ အုပ်ချုပ်ရေးရုံး ဆောက်မယ်ဆိုပြီး အတင်းဖျက်တာပါ” ဟု တရားလို ဒေါ်ခင်စန်းရွှေက ပြောသည်။
အမှုဖွင့်ခံရသည့် အုပ်ချုပ်ရေးမှူးအား Myanmar Now က ဆက်သွယ်မေးမြန်းရာ ရဲစခန်းမှ အကြောင်းမကြားသေးသော်လည်း ဒေသခံများ၏ ပြောကြားချက်များအရ အမှုသွားရောက်ဖွင့်လှစ်သည်ကို သိရှိကြောင်းဆိုသည်။
ဒေါ်ခင်စန်းရွှေမိသားစုမှ အဆိုပါမြေ(၀ ဒသမ ၆၈ ဧက)ကို ၁၉၉၉ ခုနှစ်ကတည်းက ကျပ် ခုနှစ်သောင်းဖြင့် ကျေးရွာမြို့မိမြို့ဖများဖြင့် ဖွဲ့စည်းထားသော ကော်မတီသို့ ရောင်းချခဲ့ပြီးဖြစ်ကြောင်း၊ တရားလိုမိသားစုက တရားမဝင် ခြံစည်းရိုးခတ် နေထိုင်နေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“သူတို့က ရောင်းခဲ့ပြီးပြီ။ မှတ်တမ်းအထောက်အထားတွေ ရှိပါတယ်။ အခု အုပ်ချုပ်ရေးရုံးဆောက်ဖို့ ဘတ်ဂျက်လည်းကျပြီးလို့ ဖယ်ပေးဖို့ အကြိမ်ကြိမ်ပြောတာ မရလို့ သွားခဲ့တာ” ဟု ၎င်းက ဆိုသည်။
တရားလိုဖြစ်သူ ဒေါ်ခင်စန်းရွှေကမူ ၁၉၉၉ ခုနှစ်က ၎င်းတို့ရောင်းချခဲ့သည်ဆိုခြင်းကို ငြင်းဆိုပြီး အုပ်ချုပ်ရေးအဖွဲ့က မတရားလာရောက် သိမ်းခြင်းဖြစ်ကြောင်း Myanmar Now ကို ပြောသည်။
လက်ရှိတွင် အဆိုပါအမှုမှာ စစ်ဆေးနေဆဲဖြစ်ကြောင်း မော်လူးရဲစခန်းက ဆိုသည်။
နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကို လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် ၂၀၁၇ ခုနှစ် မတ်လတွင် ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။
စစ်အစိုးရလက်ထက်ကကဲ့သို့ နိုင်ငံသားများ နောက်ယောင်ခံ စောင့်ကြည့်ခံရခြင်း၊ ဖုန်းဆက်သွယ်မှု ကြားဖြတ်နားထောင်ခံရခြင်း စသည့် ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ကို ထိပါးခံရမှုများမှ ကာကွယ်ပေးရန် ရည်ရွယ်၍ ယင်းဥပဒေကို ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်ဟု ဥပဒေပြဋ္ဌာန်းစဉ်က လွှတ်တော်ကိုယ်စားလှယ်များက ရှင်းပြခဲ့ကြသည်။
နိုင်လွတ်လုံဥပဒေသည် နိုင်ငံသားအချင်းချင်းကြား တရားစွဲဆိုထားသည့် မှုခင်းများနှင့် သက်ဆိုင်ခြင်းမရှိကြောင်း ပြည်ထောင်စုရှေ့နေချုပ်ရုံးက ၂၀၁၉ နိုဝင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။