သတင်း

ရခိုင် ကမ်းသာယာကမ်းခြေရှိ တပ်စွန့်လွှတ်မြေ ဟိုတယ်ဇုန်ဖော်ဆောင်ရန် ဆက်သိမ်းထား

တပ်မတော်က ၂၀၁၄ ခုနှစ်တွင် ပြန်လည်စွန့်လွှတ်ခဲ့သည့် ရခိုင်ပြည်နယ်တောင်ပိုင်း ကမ်းသာယာကမ်းခြေ၊ ဇီးကုန်းကျေးရွာရှိ မြေဧက ၂၀ ဒသမ ၆၈ ဧကကို ဟိုတယ်ဇုန်ဖော်ဆောင်ရန် ရည်ရွယ်ချက်ဖြင့် ရခိုင်ပြည်နယ်အစိုးရက ဆက်လက်သိမ်းဆည်းထားကြောင်း ဇီးကုန်းကျေးရွာ ဒေသခံများက ပြောသည်။

ဂွမြို့နယ် ကမ်းသာယာကမ်းခြေရှိ မြေဧက ၄၂၇ ဒသမ ၄၁ ဧက ကို တပ်မတော်က ပြန်လည်စွန့်လွှတ်ခဲ့ရာ စစ်အစိုးရလက်ထက် ၁၉၉၆ ခုနှစ်က ဂေါက်ကွင်းတည်ဆောက်ရန် သိမ်းဆည်းထားခဲ့သည့် ဒေသခံတောင်သူ ၁၇ ဦး၏ မြေလည်း ပါဝင်ခဲ့သည်။ 

ထိုမြေများကို အနာဂတ်ဒေသဖွံ့ဖြိုးရေး ဖော်ဆောင်ရန် ဆက်လက်သိမ်းဆည်းထားကြောင်း ပြည်နယ်အစိုးရက ၂၀၁၉ ခုနှစ်တွင် အကြောင်းကြားခဲ့သည်ဟု မြေယာသိမ်းဆည်းခံထားရသူ ၁၇ ဦးအနက် တစ်ဦးဖြစ်သူ ဇီးကုန်းကျေးရွာသား ဦးစံထွန်းဝင်းက Myamar Now ကို ပြောသည်။

“ဒါက အမိန့်အာဏာနဲ့သိမ်းတယ်လို့ပဲ ပြောရတော့မှာပေါ့။ ဗဟိုက သမ္မတကြီးတို့၊ ဒေါ်စုတို့က ပြောပြောနေကြတယ်၊ မြေ မသိမ်းရဘူး။ မြေ မလွှဲပြောင်းရဘူး။ ပြန်စွန့်လွှတ်ရမယ်လို့ ရေဒီယိုနဲ့ ရုပ်သံလှိုင်းကတောင်မှ နေ့စဉ်နဲ့အမျှ ပြောနေတယ်” ဟု ၎င်းက ပြောသည်။

မြေသိမ်းခံရသော ဒေသခံများထံတွင် ၎င်းတို့ပိုင်ဆိုင်သည့် မြေများဖြစ်ကြောင်း ဂွမြို့နယ်၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံထားရမှုများ ပြန်လည်စိစစ်ရေးကော်မတီ၏ ထောက်ခံချက်၊ ဂွမြို့နယ်ကိုယ်စားပြု ပြည်နယ်လွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂ ဦး၏ ထောက်ခံချက် အပါအဝင် အထောက်အထား အပြည့်အစုံရှိပြီး နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုသမ္မတထံ တိုင်ကြားစာ ပေးပို့ထားကြောင်းလည်း ဦးစံထွန်းဝင်းက ပြောသည်။ 

NLD အစိုးရ တက်လာပြီးနောက် ဒေသအသီးသီးတွင် ဖြစ်ပေါ်နေသော မြေယာပြဿနာများအတွက် အစိုးရက လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီကို ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ အဆိုပါကော်မတီသည် နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းထားပြီး သိမ်းဆည်းမြေပြဿနာများ ဖြေရှင်းဆောင်ရွက်နေသည်။

“(မြေယာ) မူဝါဒတွေ၊ ဥပဒေတွေ ရှိသော်လည်းပဲ ကျွန်တော်တို့က တစ်ဖက်သတ် နစ်နာပြီး ဖြစ်နေရတယ်။ သူတို့ (ဗဟိုအစိုးရ) ကို တိုင်သော်လည်း အကြောင်းမထူးဘူး” ဟု ဇီးကုန်းကျေးရွာသား ဦးစံထွန်းဝင်းက ပြောသည်။

ဇီးကုန်းကျေးရွာဒေသခံများ ပိုင်ဆိုင်သည့် ထိုမြေများကို ဂွမြို့နယ်၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီက စိစစ်ပြီးဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးကလည်း စီမံကိန်းမဖော်ဆောင်နိုင်ပါက ပြန်လည်ပေးအပ်ရန် ထုတ်ပြန်ပြီးဖြစ်ကြောင်း ဂွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဝေက ပြောသည်။

ပြည်ထောင်စုလွှတ်တော်၏ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဂွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဝေမှာ ဂွမြို့နယ်၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ၏ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။

“မစွန့်လွှတ်သေးဘဲနဲ့ ဘာလုပ်မယ်၊ ညာလုပ်မယ် လို့ပြောတယ်ဆိုကတည်းကကို ဒါက နိုင်ငံတော်သမ္မတရဲ့ ညွှန်ကြားချက်၊ ဒုတိယသမ္မတတို့ရဲ့ ညွှန်ကြားချက်တွေနဲ့ လွဲချော်နေပါတယ်” ဟု ဦးမြင့်ဝေက ပြောသည်။

ဦးမြင့်ဝေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ ဂွမြို့နယ် ဗဟိုအလုပ်အမှုဆောင်ဟောင်းတစ်ဦးဖြစ်ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဂွမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွေးကောက်ပွဲအနိုင်ရရှိကာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်လာခဲ့သည်။

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ၎င်းကို ဒီချုပ်ပါတီက ထပ်မံ ရွေးကောက်တင်မြှောက်ခြင်း မပြုတော့သည့်အတွက် ပါတီမှ နုတ်ထွက်ပြီး ဂွမြို့နယ်၊ ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်မှပင် တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဒီချုပ် (NLD) အမတ်လောင်း ဦးရဲခေါင်ညွန့်ကို ရှုံးနိမ့်ခဲ့သည်။

အနာဂတ် ဒေသဖွံ့ဖြိုးရေးဖော်ဆောင်ရန် ရည်ရွယ်ချက်ဖြင့် ပြန်လည်အပ်နှံခြင်း မရှိသေးသည့် ကမ်းသာယာကမ်းခြေ၊ ဇီးကုန်းကျေးရွာရှိ တပ်သိမ်းစွန့်လွှတ်မြေများတွင် ဟိုတယ်ဇုန်တစ်ခု ဖော်ဆောင်သွားမည်ဟု ရခိုင်ပြည်နယ်အစိုးရက ၂၀၁၇ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည်။

ပြည်နယ်အစိုးရက ဟိုတယ်ဇုန်ဖော်ဆောင်မည်ဆိုသော မြေများအနက် ၂၀ ဒသမ ၆၈ ဧကကို ဒေသခံများက ပိုင်ဆိုင်ကြောင်း ပြောဆိုသော်လည်း ၎င်းတို့ စီမံခန့်ခွဲခွင့်ရှိသော မြေများဖြစ်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ရခိုင်ပြည်နယ်လွှတ်တော်တွင် ပြောထားသည်။ 

ဂွမြို့နယ် ဇီးကုန်းကျေးရွာအုပ်စုရှိ အစိုးရ စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေဧက ၃၆ ဒသမ ၄၀ ဧကတွင် ပြည်နယ်အစိုးရနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် စိတ်ပါဝင်စားသည့် ကုမ္ပဏီများကို စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI) ခေါ်ယူခဲ့ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက အစိုးရအဖွဲ့ ၅ နှစ်တာကာလအတွင်း အကောင်အထည်ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်ပြီး ဇန်နဝါရီလ ၁၁ က ရခိုင်ပြည်နယ်လွှတ်တော်သို့ အသိပေးပြောကြားခဲ့သည်။ 

ဟိုတယ်ဇုန်စီမံကိန်းအတွက် အဆိုပြုလွှာတင်သွင်းခဲ့သည့် ကုမ္ပဏီ ၂ ခုရှိပြီး Asia Green ကုမ္ပဏီက ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်သိန်း ၅,၀၀၀ ဖြင့် နိုင်ငံတော်သမ္မတရုံးထံ တင်ပြပြီး ခွင့်ပြုချက်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးညီပုက ပြည်နယ်လွှတ်တော်တွင် ပြောကြားခဲ့သည်။

ထိုစီမံကိန်း လုပ်ကိုင်ခွင့်ရ ကုမ္ပဏီများနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိခဲ့ပေ။ 

Asian Green ကုမ္ပဏီ၏ ဒါရိုက်တာ ဒေါက်တာမျိုးနန္ဒာနှင့် ကုမ္ပဏီတာဝန်ရှိသူများကို ပြီးခဲ့သည့်နှစ် ဇန်နဝါရီလအတွင်းက ဝန်ကြီးချုပ်ဦးညီပုက ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် လက်ခံတွေ့ဆုံခဲ့သည့် ဓာတ်ပုံမှတ်တမ်းများသာ တွေ့ရှိရသည်။

ဂွမြို့နယ်တွင် ဟိုတယ်ဇုန်တစ်ခု ဖော်ဆောင်ရန် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ပါတီဝင် အများစုပါဝင်သည့် ‘ရခိုင်ကမ်းရိုးတန်းဒေသ ဖွံ့ဖြိုးတိုးတက်ရေး’ အများပိုင်ကုမ္ပဏီကို ၂၀၁၈ ခုနှစ်တွင် တည်ထောင်ခဲ့ကြောင်း Myanmar Now က ရေးသားတင်ပြခဲ့ပြီးဖြစ်သည်။ 

အဆိုပါ ဟိုတယ်ဇုန်စီမံကိန်းအတွက် အဆိုပါပြုလွှာ တင်သွင်းခဲ့ခြင်း ရှိမရှိ အတိအကျမသိရသော်လည်း ထိုအများပိုင်ကုမ္ပဏီတွင် အာဏာရပါတီ အစိုးရအဖွဲ့အတွင်း ထိပ်တန်းရာထူး သုံးခုအထိ ရရှိထားသူ ဦးရဲမင်းဦးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ဒါရိုက်တာအဖွဲ့ဝင်များတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦး၏ဇနီး ဒေါ်ခင်မိုးအေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်၏ ဇနီးဟောင်း ဒေါ်သင်းဂျူလိုင်ကျော်နှင့် ဂွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲခေါင်ညွန့်တို့ ပါဝင်သည်။

တပ်သိမ်းမြေများကို ပြန်လည်စွန့်လွှတ်ပြီးပါက မူလတောင်သူများထံ ပြန်လည်ပေးအပ်ရမည်ဟု ၂၀၁၂ လယ်ယာမြေ ဥပဒေတွင် ပါရှိသော်လည်း ဇီးကုန်းကွင်း တပ်သိမ်းမြေများကို ပြန်လည်ပေးအပ်ခြင်းမရှိသည်မှာ ဥပဒေအရ လွဲချော်နေသည်ဟု ရခိုင်ပြည်နယ် ပြည်ထောင်စုတိုင်းရင်းသားတောင်သူလယ်သမားသမဂ္ဂ၏ သံတွဲခရိုင်ဥက္ကဋ္ဌ ဦးညီလေးက ပြောသည်။

“တည်ဆဲဥပဒေအတိုင်း မလုပ်တဲ့ အစိုးရအဖွဲ့တွေရဲ့ အားနည်းချက်ပါပဲ” ဟု ၎င်းက ဝေဖန်သည်။ 

ယခင်က အဆိုပါမြေနေရာတွင် မြေပဲစိုက်ပျိုး လုပ်ကိုင်ခဲ့ကြခြင်းဖြစ်ပြီး လက်ရှိတွင် တပ်သိမ်းစွန့်လွှတ်မြေများ ပြန်လည်မရရှိသည့် ဇီးကုန်းကွင်းဒေသခံ တောင်သူများမှာ ကြုံရာကျပန်း လုပ်ကိုင်စားသောက်နေရသည်ဟု ဦးစံထွန်းဝင်းက ပြောသည်။

အဆိုပါ သိမ်းဆည်းမြေများအတွက် ပြည်နယ်အစိုးရက သတ်မှတ်လျော်ကြေးအဖြစ် မြေအစားပြန်ပေးခြင်း၊ ၂၀၁၂ လယ်ယာမြေဥပဒေအရလည်း ပေးလျော်ခြင်းများ လုံးဝ မရှိသေးပေ။ 

Show More

Related Articles

Back to top button