
ကူမဲမြို့ မူလတန်းလွန်ကျောင်းအတွင်းရှိ အဆောက်အအုံများကို ဖယ်ရှားရန် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး)ထံ အကြောင်းကြားခဲ့သော်လည်း အကြောင်းမပြန်သဖြင့် တရားစွဲရန် ပြင်ဆင်နေကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးက ဖေဖော်ဝါရီ ၁၇ က ကျင်းပခဲ့သည့် တိုင်းလွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။
မန္တလေးမှ ၄၅ မိုင်ခန့်ဝေးသည့် မြစ်သားမြို့နယ်၊ ကူမဲမြို့ အမှတ် (၁) ရပ်ကွက် မူလတန်းလွန်ကျောင်း မြေနေရာသည် ပညာရေးဝန်ကြီးဌာနပိုင် ကျောင်းမြေအဖြစ် မြေပေးမိန့်ချထားပြီးသော်လည်း ပညာရေးဝန်ကြီးဌာနက လက်ဝယ်မရရှိသေးကြောင်း လွှတ်တော်တွင် မြစ်သားမြို့နယ် တိုင်းလွှတ်တော်အမတ် ဒေါ်သင်းမြမြသင်းက မေးခွန်းထုတ်ရာတွင် ဝန်ကြီး ဦးအောင်ကြည်က ဖြေကြားခဲ့ခြင်းဖြစ်သည်။
“ကျောင်းမြေပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ကူမဲမြို့ ရပ်မိရပ်ဖများက ၎င်းတို့ပိုင်မြေဖြစ်ကြောင်း အထောက်အထားများဖြင့် တင်ပြ တိုင်ကြားခဲ့သော၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရုံးခန်းဖွင့်လှစ်၍ ဆိုင်ခန်းများ ငှားရမ်းထားသည့် မြေနေရာ ဖြစ်ပါသည်” ဟု တိုင်းလွှတ်တော်အမတ်က လွှတ်တော်အတွင်း ပြောကြားခဲ့သည်။
၁၉၇၉ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် မူလတန်းလွန်ကျောင်းအဖြစ် အဆင့်တိုးခဲ့သည့် ကျောင်းမြေနေရာ အငြင်းပွားမှုနှင့် ပတ်သက်၍ တိုင်းအစိုးရအဖွဲ့က အဆင့်ဆင့်စိစစ်ပြီးနောက် မြစ်သားမြို့နယ် ပြည်ခိုင်ဖြိုးပါတီအမည်ဖြင့် ချထားပေးသော မြေပေးမိန့်ကိုပယ်ဖျက်ပြီး ကူမဲမြို့ အခြေခံပညာမူလတန်းကျောင်း ကွက်သစ်မြေနေရာအဖြစ် မြေပေးမိန့်ချထားပေးပြီးဖြစ်ကြောင်းလည်း လွှတ်တော်ကိုယ်စားလှယ်က ဆိုသည်။
ကျောင်းပိုင်မြေနေရာပေါ်ရှိ အဆောက်အအုံများ ဖယ်ရှားပေးရန် ၂၀၁၈ ဒီဇင်ဘာ မှ ၂၀၁၉ ဖေဖော်ဝါရီအတွင်း မြစ်သားမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌထံ အသိပေးအကြောင်းကြားစာများ ပေးပို့ခဲ့သော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိခဲ့ဟု ဝန်ကြီးကဆိုသည်။
ယင်းနောက်ပိုင်းတွင်လည်း ပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းမှုများပြုလုပ်ခဲ့ပြီး ၂၀၁၉ မေ ၁၅ နောက်ဆုံးထားပြီး ဖယ်ရှားပေးရန်နှင့် မဖယ်ရှားပေးပါက ဥပဒေကြောင်းအရ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စာပို့ခဲ့ရာတွင်လည်း အကြောင်းပြန်ကြားခြင်းမရှိခဲ့ဟု ဝန်ကြီးက ဆိုသည်။
အကြောင်းပြန်ကြားခြင်းမပြုသည့်အတွက် တရားဥပဒေကြောင်းအရ ရင်ဆိုင်ရန် ကျောင်းအုပ်က မြို့နယ်ဥပဒေအရာရှိထံ ဥပဒေအကြံပေးတောင်းခံနေကြောင်းလည်း ဝန်ကြီးက ဆိုသည်။
အဆိုပါမြေနေရာသည် တပ်မတော်အစိုးရလက်ထက်ကတည်းက ၎င်းတို့ထံ ချထားပေးခဲ့ခြင်းဖြစ်ပြီး ကျောင်းတာဝန်ရှိသူများက ပြန်လည်ပေးအပ်ရန် တောင်းဆိုချိန်တွင် မြို့နယ်ပါတီတာဝန်ရှိသူများက ဗဟိုအဆင့်အထိ တင်ပြထားခဲ့ကြောင်း မန္တလေးပြည်ခိုင်ဖြိုး အတွင်းရေးမှူးက ပြောသည်။
ပါတီဗဟိုက ဥပဒေကြောင်းအရသာ ရင်ဆိုင်ဖြေရှင်းသွားရန် ညွှန်ကြားထားသည့်အတွက် ဥပဒေ၏ အဆုံးအဖြတ်ကိုသာ ခံယူမည်ဖြစ်ကြောင်း၊ ဥပဒေက ဖယ်ပေးရန် ညွှန်ကြားပါက ဖယ်ရှားပေးသွားမည်ဟု မန္တလေးပြည်ခိုင်ဖြိုး အတွင်းရေးမှူး ဦးအောင်ကျော်မိုးက ပြောသည်။
“ဒီမြေတွေကို ပေးထားတာက ကြာလှပြီပေါ့နော်။ အရင်တုန်းကတော့ အေးအေးဆေးဆေးနေခဲ့ကြတယ်။ ဂရန်မထုတ်ဘဲနဲ့ မြေပေးမိန့်ပဲချထားပေးခဲ့တဲ့ အားနည်းချက်တွေလည်း ပါတာပေါ့ဗျာ။ ဘယ်လိုပဲဖြစ်ဖြစ် ဥပဒေကြောင်းအရ ကိုယ့်ဘက်ကလည်း ရပိုင်ခွင့်ရှိတယ်။ သူ့ဘက်ကလည်း ရပိုင်ခွင့်ရှိပါတယ်”ဟု ၎င်းက ဆိုသည်။
ကူမဲမြို့နယ်တွင် အထက်တန်းကျောင်းတစ်ကျောင်းနှင့် မူလတန်းကျောင်းများသာရှိကြောင်း၊ ယခုအငြင်းပွားနေသည့် အမှတ် ၁ မူလွန်ကွက်သစ်တွင်လည်း ကျောင်းသား ငါးရာကျော် ကျောင်းတက်နေကြောင်း တိုင်းလွှတ်တော်အမတ် ဒေါ်သင်းမြမြသင်းက ပြောသည်။