သတင်း

ဒေးဒရဲတွင် ရွာပိုင်မြေကျူးကျော်မှုဖြင့် ပြည်ခိုင်ဖြိုးပါတီဝင်များ တရားစွဲခံထားရ 

ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်၊ ကျုံဘုတ်ကျေးရွာတွင် ရွာပိုင်မြေပေါ်ကျူးကျော်မှုဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးမှူးအပါအဝင် ၄ ဦးကို ကျေးရွာတာဝန်ရှိသူများက တရားစွဲဆိုထားသည်။ 

ကျေးရွာဆေးခန်းဆောက်လုပ်ရန် ချထားပေးသော မြေနေရာတွင် ပြည်ခိုင်ဖြိုးပါတီက ၂၀၁၅ ရွေးကောက်ပွဲကာလကတည်းက ပါတီဆိုင်းဘုတ်ထောင်ပြီး ကျူးကျော်ထားသည့်အပြင် ၎င်းတို့ပိုင်အဖြစ် ဂရန်လျှောက်ထားရန် ကြိုးစားလာသဖြင့် တရားစွဲဆိုရခြင်းဖြစ်ကြောင်း ကျုံဘုတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းက Myanmar Now ကို ပြောသည်။ 

ပိုင်နက်ကျူးကျော်မှုဖြင့် တရားစွဲခံထားရသူများမှာ ပြည်ခိုင်ဖြိုးပါတီ၏ ကျေးရွာအုပ်စု စည်းရုံးရေးမှူး ဦးမြင့်ခိုင်၊ ဦးတင့်လွင်၊ ဦးခင်ထွန်း၊ ဦးဝေလွင်ဦးဖြစ်ပြီး ၂၀၁၉ မေလတွင် စွဲဆိုခဲ့သည့် အဆိုပါအမှုကို ဒေးဒရဲမြို့နယ်တရားရုံးတွင် ရုံးချိန်းပေါင်း ၄၃ ကြိမ်အထိ စစ်ဆေးပြီးဖြစ်ကြောင်းလည်း သိရသည်။ 

ရွာပိုင်မြေအဖြစ် ဂရန်အမည်ပေါက်ထားသော နေရာတွင် ပြည်ခိုင်ဖြိုးပါတီက ဆိုင်းဘုတ်စိုက်ထူကာ ကျူးကျော်သဖြင့် မြေအလှူရှင်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းများအပါအဝင် ကျေးရွာတာဝန်ရှိသူ ၇ ဦးက ပြည်ခိုင်ဖြိုးပါတီဝင် ၄ ဦးကို ပိုင်နက်ကျူးကျော်မှု ရာဇသတ်ကြီး ပုဒ်မ ၄၄၇ ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

“သူတို့(ပြည်ခိုင်ဖြိုး)က အရင် ဘယ်လူကြီးကပေးတယ်၊ ညာလူကြီးကပေးတယ်ဆိုပြီး ဆိုင်းဘုတ်လာထောင်တာ။ ကျွန်တော်တို့က ရုံး (ကျေးရွာအုပ်ချုပ်ရေးမှူးရုံး) မြေနေရာအတွက်ကို လှူတာ” ဟု တရားစွဲဆိုရေးကျေးရွာကော်မတီဝင်၊ ရွာပိုင်မြေအဖြစ် လှူဒါန်းခဲ့သူ မြေပိုင်ရှင် ဦးအေးလွင်၏သားလည်းဖြစ်သူ ဦးမင်းသူက ဆိုသည်။  

ပြည်ခိုင်ဖြိုးပါတီက ကျူးကျော်ထားသည့် အဆိုပါမြေနေရာနှင့် ပတ်သက်၍ ကျေးရွာတာဝန်ရှိသူများက ဧရာဝတီတိုင်းအစိုးရထံ ၂၀၁၈ ဩဂုတ်လအတွင်း တိုင်ကြားခဲ့ရာ တိုင်းအစိုးရက စိစစ်ပြီးနောက် တရားရုံးတွင် ဦးတိုက်လျှောက်ထားကာ တရားစွဲရန် ညွှန်ကြားခဲ့သဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ 

ကျုံဘုတ်ကျေးရွာရှိ သုည ဒသမ ၁၅ ဧကရှိ မြေနေရာသည် ၂၀၁၃ ခုနှစ်ကတည်းကပင် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအမည်ပေါက် ဂရန်ရှိထားပြီးဖြစ်ကြောင်း မူလမြေပိုင်ရှင်ထံမှ ဝယ်ယူကာ ရွာပိုင်မြေအဖြစ် လှူဒါန်းခဲ့သူ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း (၁၉၉၁) ဦးအေးလွင်က ပြောသည်။

အဆိုပါမြေနေရာတွင် ပြည်ခိုင်ဖြိုးပါတီက ကျူးကျော်ထားခြင်းနှင့် ပတ်သက်၍ “ဒါကတော့ မတရားဘူးလို့ပဲ မြင်တာပေါ့။ ပါတီတစ်ခုခုနဲ့ မဆိုင်ဘူးလေ။ ကျွန်တော်လှူထားတာက ရွာအတွက်လေ” ဟု ဦးအေးလွင်က Myanmar Now ကို ပြောသည်။

ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးမှူးများကို ပိုင်နက်ကျူးကျော်မှုဖြင့် တရားစွဲဆိုရာတွင် မြေပိုင်ရှင်ဖြစ်ခဲ့သူ ဦးအေးလွင်က လိုပြသက်သေတစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိသည်။ 

အဆိုပါမြေနေရာကို ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းမဝင်ခင်ကတည်းပင် ပြည်ခိုင်ဖြိုးပါတီက ပိုင်ဆိုင်ခဲ့ပြီး ဒေးဒရဲမြို့နယ် မြေစာရင်းရုံးတွင် ၂၀၁၃ ခုနှစ်အတွင်းက ပုံစံ-၁၀၅ ဖြင့် ဂရန်ရရှိရန် လျှောက်ထားခဲ့သော်လည်း မရခဲ့ကြောင်း တရားစွဲဆိုခံထားရသူ ပြည်ခိုင်ဖြိုးပါတီ၏ ကျေးရွာအုပ်စု စည်းရုံးရေးမှူး ဦးမြင့်ခိုင်က ဆိုသည်။ 

“ကျွန်တော်တို့က သူတို့ (တရားစွဲဆိုသူများ) ထက်စောပြီး လျှောက်တယ်။ သူတို့က ၂ လနောက်ကျပြီး နှစ်ရက်တည်းနဲ့ ဂရန်ထုတ်ယူသွားတယ်။ သူတို့လျှောက်တဲ့အခါ ပုံစံ-၁၀၅ နဲ့အညီ ကြေညာစာကပ်တာတို့ ခြံစည်းရိုးခတ်တာတို့ မလုပ်ဘဲ လုပ်သွားတဲ့အပေါ် အံ့ဩမိတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်တို့က ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ရုံးမြေနေရာဆိုပြီး ဆိုင်းဘုတ်ကြီး ကပ်ထားပြီးပြီ” ဟု ၎င်းက ပြောသည်။ 

ပြည်ခိုင်ဖြိုးဘက်က ဂရန်ထုတ်ရန် ကြိုးပမ်းခဲ့မှုနှင့် ပတ်သက်၍ တရားစွဲဆိုရေးကော်မတီဝင်တစ်ဦးဖြစ်သူ ဦးလှထွန်းက “သူတို့ သွားထုတ်တာ ဘာအထောက်အထားမှ မပါဘူးလေ။ ကျွန်တော်တို့ သွားထုတ်တဲ့အခါမှာ ဦးအေးလွင်(မြေအလှူရှင်) ကိုယ်တိုင် လိုက်သွားတာကိုး။ ဒီမြေကိုလှူခဲ့တဲ့ မြေအလှူရှင်ရဲ့ ခွင့်ပြုချက်နဲ့ သွားထုတ်တာကိုး” ဟု ပြောသည်။ 

အဆိုပါ ရွာပိုင်မြေအငြင်းပွားမှုနှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီဘက်မှ ခံပြသက်သေအဖြစ် တင်သွင်းထားသော ဒေးဒရဲမြို့နယ် တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် အမှတ် ၂ တွင် ဝင်ပြိုင်ခဲ့သူ ဦးအောင်စိုးလှိုင်ကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် “ကျွန်တော် မအားသေးဘူးဗျနော်၊ အလုပ်ရှုပ်နေတယ်” ဟုသာ အကြောင်းပြန်ခဲ့သည်။ 

အဆိုပါအမှုတွင် ပြည်ခိုင်ဖြိုးပါတီဘက်က ခံပြသက်သေ ၁၁ ဦးအထိ တင်သွင်းထားပြီး လက်ရှိအချိန်ထိ ဦးအောင်စိုးလှိုင်တစ်ဦးတည်းကိုသာ တရားရုံးက စစ်ဆေးပြီးဖြစ်ကြောင်းလည်း သိရသည်။ 

ဒေးဒရဲမြို့အနီးရှိ ကျုံဘုတ်ကျေးရွာအုပ်စုတွင် အိမ်ထောင်စု ၆၀၀ ခန့်ရှိကာ ကျေးရွာသုံးရွာပါဝင်သော ရွာကြီးတစ်ရွာဖြစ်သည်။ 

အဆိုပါအမှုနှင့် ပတ်သက်၍ ဒေးဒရဲမြို့နယ်တရားရုံး၌ ရုံးချိန်းပေါင်း ၄၃ ကြိမ်အထိ ဆင့်ခေါ်ပြီးဖြစ်သော်လည်း မြေအလှူရှင်အပါအဝင် သက်သေ ၄ ဦးသာ စစ်ဆေးပြီးဖြစ်ကာ ၄၄ ကြိမ်မြောက်ရုံးချိန်းကို ဒီဇင်ဘာ ၂၁ ရက်သို့ ချိန်းဆိုထားသည်ဟု သိရသည်။ 

Show More

Related Articles

Back to top button