အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဗစ်တိုးရီးယားအမှု CCTV မူရင်းမှတ်တမ်းများ နည်းပညာဖြင့် ပြန်ရှာစစ်ဆေးရန် လျှောက်ထား

သုံးနှစ်အရွယ်မိန်းကလေးငယ် လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရမှုဖြစ်ပွားခဲ့သည့် မေလ ၁၆ရက်နေ့တွင် ရိုက်ယူထားသော Wisdom Hill မူကြို၏ CCTV မူရင်းမှတ်တမ်းများကို နည်းပညာရှင်အကူအညီဖြင့် ဖော်ထုတ်စစ်ဆေးခွင့်ပြုရန် နှစ်ဖက်ရှေ့နေများက ရုံးတော်သို့ ယနေ့ လျှောက်ထားလိုက်သည်။

ဗစ်တိုးရီးယားဟု အမည်ဝှက်ဖြင့် ခေါ်ဆိုကြသူ မိန်းကလေးငယ်၏အမှုနှင့်ပတ်သက်၍ နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံးတွင် Wisdom Hill ကျောင်းမှ CCTV ( လုံခြုံရေးကင်မရာ) သက်သေမှတ်တမ်း လာရောက်အပ်နှံသည့် ကိုရန်နောင်ဌေးကို စစ်ဆေးပြီးနောက် ထိုသို့တောင်းဆိုကြခြင်းဖြစ်သည်။

သံသယတရားခံအဖြစ် ဖမ်းဆီးခံထားရသူ ကိုအောင်ကြီး၏ရှေ့နေ ဒေါ်စုဒါလီအောင်က စတင်တောင်းဆိုလိုက်ခြင်းဖြစ်ပြီး တရားလိုဘက်မှ လိုက်ပါဆောင်ရွက်သည့် ဥပဒေအရာရှိ ဦးကျော်မင်းအောင်ကလည်း လက်ခံသည်။

CCTV မှတ်တမ်းများ သိမ်းဆည်းထားသည်ဆိုသော သက်သေခံစက်ကို ရုံးတော်ရှေ့မှောက်၌ ယနေ့ ဖွင့်လှစ် စစ်ဆေးရာတွင် မှတ်တမ်းမှတ်ရာများ တစ်ခုမှမရှိတော့ပါကြောင်း ဥပဒေအရာရှိက ရုံးတော်သို့ ထည့်သွင်းအသိပေးသည်။

နည်းပညာမြင့် ဆော့ဖ်ဝဲလ်များဖြင့် ရှာမှသာလျှင် ပျက်နေသည့် (သို့မဟုတ်) ဖျက်ထားသည့် ဗီဒီယိုမှတ်တမ်းများ ပြန်လည်ထုတ်ယူနိုင်မည်ဖြစ်သည်ဟုလည်း ဦးကျော်မင်းအောင်က ထည့်သွင်းပြောကြားသည်။

ထို့ကြောင့် ယနေ့တရားခွင်၌ နည်းပညာအကူအညီပေးခဲ့သူ အိုင်တီပညာရှင် ကိုမိုးအပြင် ရဲအရာရှိတစ်ဦး၊ Wisdom Hill ကျောင်းရှိ CCTVများကို ရောင်းချသူဖြစ်သည့် ကိုစိန်သီးတို့ကိုခေါ်ယူ၍ မူရင်းမှတ်တမ်းများ ပြန်လည်ဖော်ထုတ်ခွင့်ပြုရန် ဥပဒေအရာရှိက ရုံးတော်သို့ လျှောက်ထားသည်။

နှစ်ဖက်ရှေ့နေများ၏လျှောက်ထားချက်ကို ရုံးတော်က သင့်လျော်သည့် အချိန်တွင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အမိန့်ချမှတ်သည်။

ယနေ့တရားခွင်သို့ နည်းပညာဆိုင်ရာအကူအညီ လာရောက်ပေးအပ်သည့် ကိုမိုးက ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်၍ ရှေ့ဆက်လုပ်ဆောင်ရန်ရှိသည်များကို အခါအားလျော်စွာ ကူညီပေးသွားဦးမည်ဟု Myanmar Now ကို ပြောသည်။

သို့သော် CCTV မူရင်းမှတ်တမ်းများ နည်းပညာဖြင့် ပြန်လည်ဆယ်ယူရရှိနိုင်ခြင်းရှိမရှိမှာမူ ရာနှုန်းပြည့်အာမခံနိုင်ခြင်း မရှိကြောင်း ၎င်းက မှတ်ချက်ပြုသည်။ မူရင်းဗီဒီယိုဖိုင်များကို နည်းပညာဖြင့် ပြန်လည်ဆယ်ယူရာတွင် အချိန် လွန်စွာကြာမြင့်နိုင်ခြေရှိ၍ ရုံးတော်က အချိန်ပေးနိုင်မှုရှိမရှိကဲ့သို့သော ရုံးလုပ်ငန်းဆိုင်ရာများအပြင် ကြိုတင်မျှော်မှန်းထား၍ မရနိုင်သော နည်းပညာပိုင်းဆိုင်ရာအခက်အခဲများ စသဖြင့် အကြောင်းအရာပေါင်းစုံပေါ် မူတည်နိုင်ကြောင်း ဆက်လက်ရှင်းပြသည်။

ပထမအရေးအကြီးဆုံးက ဒီစက်မှာတပ်ထားတာ မူရင်းဟက်ဒစ်စ်(အချက်အလက်များသိုမှီးရာမှတ်ဉာဏ်) ဟုတ်မဟုတ်ပါပဲ၊ ဒါက စစ်ကြည့်မှသိမှာပါဟု ကိုမိုးက မှတ်ချက်ပြုသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button