သတင်း

ကရင့်အာဇာနည်နေ့ ကျင်းပခြင်းကြောင့် ဖမ်းဆီးခံရသုံးဦး တရားရုံးနှင့်မပူးပေါင်းဘဲ သပိတ်မှောက်

“ကရင့်အာဇာနည်နေ့” ဆိုသော အသုံးအနှုန်းသည် မည်သူ့ကိုမှ မထိခိုက်စေသည့်အတွက်ဟုဆိုကာ တရားစွဲခံရသူ သုံးဦးက ယနေ့တရားခွင်တွင် တရားရုံး၏ စစ်ဆေးမေးမြန်းမှုကို လက်မခံဘဲ သပိတ်မှောက်ခဲ့ကြသည့်အပြင် ရန်ကုန်တိုင်း၏ “တာဝန်အရှိဆုံးလူ” က အမှုကို ပြန်ရုပ်သိမ်းသင့်ပြီး တောင်းလည်းတောင်းပန်သင့်ကြောင်း တရားရုံးမှအထွက်တွင် ပြောသည်။

ကရင်အမျိုးသမီးအစည်းအရုံး ဥက္ကဋ္ဌ နော်အုံးလှ နှင့် ကရင်လူငယ်များဖြစ်သည့် စောအဲလ်ဘတ်ချို၊ စသိန်းဇော်မင်း တို့ သုံးဦးအား ရန်ကုန်မြို့မဟာဗန္ဓုလပန်းခြံရှေ့တွင် ဩဂုတ် ၁၂ က အခြားကရင်တိုင်းရင်းသားများ နှင့် စုပေါင်း၍ ၆၉ နှစ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနား ကျင်းပခဲ့ပြီးနောက် ထောင်ဒဏ် တစ်လအထိ ချ၍ရသည့် ငြိမ်းစုစီဥပဒေ ပုဒ်မ ၂၀ ဖြင့် ရန်ကုန်၊ ကျောက်တံတားမြို့နယ် ရဲမှူးက တရားစွဲထားသည်။

ကရင့်အာဇာနည်နေ့ ကျင်းပခဲ့ခြင်းသည် မည်သည့်တိုင်းရင်းသားကိုမှ စော်ကားခဲ့သည့်လုပ်ရပ် မဟုတ်ကြောင်းနှင့် ၎င်းတို့အား တရားစွဲဆိုခဲ့သူများကိုယ်တိုင် လာရောက် တောင်းပန်ကာ အမှုရုပ်သိမ်းသင့်သည်ဟု တရားစွဲခံရသူတစ်ဦးက ကျောက်တံတားတရားရုံးမှအထွက်တွင် ပြောသည်။

၆၉ ကြိမ်မြောက် ကရင်အာဇာနည်နေ့ (ဆိုတဲ့) ဒီစကားက ဗမာကို စော်ကားလား၊ တခြားတိုင်းရင်းသားကို စော်ကားလား ဘယ်သူ့ကို ထိခိုက်စေလဲ … အခုဖြစ်သွားတဲ့ကိစ္စသည် ရန်ကုန်တိုင်းမှာဖြစ်တယ်၊ ရန်ကုန်တိုင်းမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဘယ်သူ့မှာ တာဝန်အရှိဆုံး ထင်လဲ။ အဖြေက ရှင်းရှင်းလေးပေါ့။ တာဝန်အရှိဆုံးလူကသာလျှင် ဒီကိစ္စကို တရားစွဲတဲ့ကိစ္စကို သူကိုယ်တိုင်က လာပြီး ဖျက်သိမ်းသင့်တယ်။ သူကိုယ်တိုင် ကျွန်တော်တို့ကို လာတောင်းပန်သင့်တယ်။ အဲဒီလောက်အထိ ကျွန်တော်ပြောချင်တယ်ဟု အသက် ၂၆ နှစ်အရွယ် စောအဲလ်ဘတ်ချိုက သတင်းထောက်များအား ပြောသည်။

ယနေ့ တရားခွင်ကို KNU (ကရင်အမျိုးသားအစည်းအရုံး) မှ မဟာမိတ်ဆက်ဆံရေးတာဝန်ခံ (ဗဟိုအမြဲတမ်းကော်မတီဝင်) ဖဒိုမန်းငြိမ်းမောင် နှင့် လူဦးရေ ၂၀၀ ခန့်ကနော်အုန်းလှ၊ စောအဲလ်ဘတ်ချို၊ စသိန်းဇော်မင်း တို့အား ချက်ချင်းလွှတ်” ၊ “တိုင်းရင်းသား အခွင့်အရေး တန်းတူရရှိရေး ဒို့အရေးစာတန်းပါ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ကျောက်တံတားတရားရုံးရှေ့ လာရောက်ခဲ့ကြသည်။

အစိုးရအနေဖြင့် ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ယုံကြည်မှုတည်ဆောက်ရေး ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထောက်ထားပြီးတော့ ခွင့်လွှတ်ကျေအေး ပေးသင့်ကြောင်း၊ ပြန်လည်ရုပ်သိမ်း ပေးသင့်ကြောင်း ဖဒိုမန်းငြိမ်းမောင် က တရားရုံးရှေ့တွင် အကြံပြု ပြောကြားခဲ့သည်။

ယနေ့ရုံးထုတ်တွင် တရားခွင်အတွင်း တရားသူကြီးက စစ်ဆေးမေးမြန်းစဉ် နော်အုန်းလှတို့ သုံးဦးက တရားခွင်အတွင်း တရားသူကြီး၏ စစ်ဆေးမေးမြန်းမှုကို ပူးပေါင်းဆောင်ရွက်ခြင်း မရှိသည့်အတွက် လာမည့် အောက်တိုဘာ ရက်နေ့တွင် အမိန့်ချမည်ဖြစ်ကြောင်း တရားသူကြီးက တရားခွင်အတွင်း ပြောသည်။

ကရင်တိုင်းရင်းသားခေါင်းဆောင် စောဘဦးကြီး ကျဆုံးခဲ့သည့် ၁၉၅၀ ပြည့်နှစ် ဩဂုတ်လ ၁၂ ရက်နေ့ကို ကရင့်အာဇာနည်နေ့အဖြစ် ကရင်တို့က သတ်မှတ်ကျင်းပခဲ့သည်မှာ ၆၉ နှစ် တိုင်ခဲ့ပြီ ဖြစ်သည်။

အဆိုပါနေ့တွင် ကရင်အမျိုးသားတစ်ဦးက သတင်းပေးသည့်အတွက် ၎င်းရှိနေသည့် နေရာကို မြန်မာတပ်မတော်က ဝိုင်းရံပိတ်ဆို့ တိုက်ခိုက်သဖြင့် စောဘဦးကြီး ကျဆုံးခဲ့ကြောင်း KNU ဌာနချုပ်၏ ဝက်ဘ်ဆိုက်တွင် ရေးသားဖော်ပြထားသည်။

အာဏာပိုင်များဘက်က အာဇာနည်နေ့ဆိုသည့် အသုံးအနှုန်း သုံးစွဲခြင်းကို ကန့်ကွက်ခဲ့ကြပြီး ကရင်နိုင်ငံရေးသမားများကတော့ ထိုအသုံးအနှုန်းတိုင်းသာ အစဉ်တစိုက် သုံးစွဲခဲ့ကြသည်။

စောဘဦးကြီးမှာ ကရင်တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင် တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးမတိုင်ခင် ကာလနှင့် လွတ်လပ်ရေးရပြီးကာလတစ်လျှောက်လုံး ကရင်တိုင်းရင်းသားများ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရန် အစဉ်တစိုက် တောင်းဆိုခဲ့သူဖြစ်သည်။

Related Articles

Back to top button