အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

“ကရင့်အာဇာနည်နေ့”ဟု သုံး၍ ဖမ်းဆီးတရားစွဲခံရသူများက တရားရုံးကို ဆန္ဒပြ

“ကရင့်အာဇာနည်နေ့” အသုံးအနှုန်းကြောင့် ဖမ်းဆီးခံထားရသည့် ကရင်အမျိုးသမီးအစည်းအရုံး (KWU) ဥက္ကဋ္ဌ နော်အုန်းလှအပါအဝင် သုံးဦးမှာ တရားရုံးအာမခံ ရယူခြင်းမရှိသလို တရားရုံးလုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်မှု မပြုခြင်းတို့ လုပ်ဆောင်ကာ တရားစွဲဆိုမှုအပေါ် သူတို့လက်မခံကြောင်း ပြသလိုက်သည်။

ဩဂုတ်လ ၁၂ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ၆၉ ကြိမ်မြောက် “ကရင့်အာဇာနည်နေ့” အခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်ပြီး ယင်းအခမ်းအနားကို ဦးဆောင်ကျင်းပသူများဖြစ်သည့် နော်အုန်းလှ၊ စောအဲလ်ဘတ်ချိုနှင့် စသိန်းဇော်မင်းတို့ကို ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်း ဥပဒေ (ငြိမ်းစုစီ) ပုဒ်မ ၂၀ ဖြင့် ကျောက်တံတားမြို့နယ် ရဲမှူးက သြဂုတ်လ ၁၅ ရက်နေ့က အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ကျောက်တံတားမြို့နယ် တရားရုံး၌ ရုံးထုတ်ခဲ့သည့် ယနေ့တရားခွင်တွင် နော်အုံးလှအပါအဝင် သုံးဦးကို အာမခံ လျှောက်မလျှောက် တရားသူကြီးက မေးမြန်းခဲ့သော်လည်း ၎င်းတို့က အာမခံ မလျှောက်ခဲ့ပါ။

ယင်းအပြင် တရားသူကြီးက လာမည့်ရုံးချိန်းတွင် ကြားနာမှုမစမီ အစည်းအဝေး ပြုလုပ်မည်ဖြစ်၍ အစည်းအဝေး ဖိတ်စာပေးရာတွင်လည်း လက်ခံရန် ငြင်းဆိုခဲ့ပြီး တရားရုံးနှင့်ပူးပေါင်းမည် မဟုတ်ကြောင်း တရားသူကြီးရှေ့၌ ၎င်းတို့က ပြောဆိုလိုက်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

သူတို့က ဖိတ်စာလည်း ပေးတယ်။ ကျွန်မတော့မယူဘူး။ မပူးပေါင်းနိုင်ပါဘူး။ အစည်းအဝေးလည်းမလုပ်ဘူး။ ဘာဖြစ်လို့ဆို ကျွန်မတို့ ဥပဒေနဲ့အညီ လုပ်ခဲ့တာဖြစ်တဲ့အတွက် မပူးပေါင်းနိုင်ပါဘူး” ဟု နော်အုံးလှက တရားခွင်မှအထွက်တွင် မီဒီယာများကို ပြောသည်။

နော်အုန်းလှတို့ ရုံးချိန်းကို လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီဝင်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များနှင့် ကရင်တိုင်းရင်းသားများ စုစုပေါင်း အယောက် ၁၀၀ ခန့် လာရောက် နားထောင်ခဲ့ကြသည်။

“ကရင့်အာဇာနည်နေ့” အခမ်းအနားကို ရန်ကုန်တွင်ကျင်းပခွင့် မပေးသလို ဧရာဝတီတိုင်းတွင်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့က ယင်းကဲ့သို့ မသုံးနှုန်းရန် တားမြစ်ခဲ့ကြောင်း နော်အုန်းလှ၏အမှုတွဲ အသက် ၂၆ နှစ်အရွယ် စောအဲလ်ဘတ်ချိုက ပြောသည်။

ခွင့်ပြုချက်မိန့်သာ ရခဲ့မယ်ဆိုရင်ကျွန်တော်တို့ ဘုရားကျောင်းမှာလည်း လုပ်ချင်လုပ်မယ်။ ဘုန်းကြီးကျောင်းမှာလည်း လုပ်ချင်လုပ်မယ်။ အဓိကပြဿနာက ရန်ကုန်တိုင်းအစိုးရက ခွင့်မပြုလို့ ကျွန်တော်တို့ ငြိမ်းစုစီနဲ့ လုပ်လိုက်ရတယ်။ ငြိမ်းစုစီနဲ့လုပ်တဲ့အခါမှာတောင် သူတို့က(အာဏာပိုင်) ကရင့်အာဇာနည်နေ့လို့ အသုံးမပြုခိုင်းဘူး” ဟု

အသက် ၂၆ နှစ်အရွယ် စောအဲလ်ဘတ်ချိုက တရားရုံးရှေ့တွင် Myanmar Now သို့ ပြောသည်။

အခမ်းအနား ကျင်းပပြီးနောက် ကျောက်တံတားမြို့နယ် ရဲမှူး ဦးမျိုးသန့်က နော်အုန်းလှ၊ စောအဲလ်ဘတ်ချိုနှင့် စသိန်းဇော်မင်းတို့ သုံးဦးကို ကျောက်တံတားတရားရုံးသို့ တရားခံပြေးအဖြစ် တင်သွင်းထားပြီး စက်တင်ဘာလ ၉ ရက်နေ့တွင် နော်အုန်းလှကို ဖမ်းဆီးခဲ့သည်။

တရားခံပြေးအဖြစ် ကြေညာခံထားရသူ စောအဲလ်ဘတ်ချိုနှင့် စသိန်းဇော်မင်းတို့ နှစ်ဦးမှာ ယနေ့နံနက် ၁၀ နာရီခန့်က ကျောက်တံတားမြို့နယ် တရားရုံးသို့ လာရောက် အမှုရင်ဆိုင်ခဲ့သော်လည်း အာမခံရယူခြင်း မရှိသဖြင့် နော်အုန်းလှနှင့်အတူ အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ပြီဖြစ်သည်။

ငြိမ်းစုစီပုဒ်မ ၂၀ မှာ အများဆုံး ထောင်ဒဏ် သုံးလ အထိ ချမှတ်နိုင်ပြီး ငွေဒဏ်လည်း ချမှတ်နိုင်သည်။

လာမည့်ရုံးချိန်းကို နောက်တစ်ပတ်အင်္ဂါနေ့ သို့ ပြန်လည်ချိန်းဆိုထားပြီး တရားလိုဘက်မှ သက်သေခံများကို ဆက်လက် စစ်ဆေးသွားမည်ဖြစ်ကြောင်း တရားရုံးထံမှ သိရသည်။

ကရင်တိုင်းရင်းသားခေါင်းဆောင် စောဘဦးကြီး ကျဆုံးခဲ့သည့် ၁၉၅၀ ပြည့်နှစ် ဩဂုတ်လ ၁၂ ရက်နေ့ကို “ကရင့် အာဇာနည်နေ့” အဖြစ် ကရင်တို့က သတ်မှတ်ကျင်းပခဲ့သည်မှာ ၆၉ နှစ် တိုင်ခဲ့ပြီ ဖြစ်သည်။

အဆိုပါနေ့တွင် ကရင်အမျိုးသားတစ်ဦးက သတင်းပေးသည့်အတွက် ၎င်းရှိနေသည့်နေရာကို မြန်မာတပ်မတော်က ဝိုင်းရံပိတ်ဆို့ တိုက်ခိုက်သဖြင့် စောဘဦးကြီး ကျဆုံးခဲ့ကြောင်း KNU ဌာနချုပ်၏ ဝက်ဘ်ဆိုက်တွင် ရေးသားဖော်ပြထားသည်။

အာဏာပိုင်များဘက်က အာဇာနည်နေ့ဆိုသည့် အသုံးအနှုန်း သုံးစွဲခြင်းကို ကန့်ကွက်ခဲ့ကြပြီး ကရင်နိုင်ငံရေးသမားများကတော့ ထိုအသုံးအနှုန်းတိုင်းသာ အစဉ်တစိုက် သုံးစွဲခဲ့ကြသည်။

စောဘဦးကြီးမှာ ကရင်တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးမတိုင်ခင်ကာလနှင့် လွတ်လပ်ရေးရပြီးကာလ တစ်လျှောက်လုံး ကရင်တိုင်းရင်းသားများ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရန် အစဉ်တစိုက် တောင်းဆိုခဲ့သူဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button