
“သမီးက ကြီးလာရင် ဆရာဝန်ဖြစ်ချင်တာ”
ချစ်ချစ်တောက်ပူနေသည့် နေရောင်အောက် တောခုတ်ဓားတစ်ချောင်းဖြင့် ကြံကို တစ်ပင်ချင်းခုတ်ရင်း မမိုးအေးက သူ၏ အနာဂတ်အိပ်မက်ကို ပြောပြသည်။
ဆရာဝန်ဖြစ်ချင်သည်ဆိုသော်လည်း အသက် ၁၄ နှစ်အရွယ် မမိုးအေးတစ်ယောက် ကျောင်းတော့ မတက်ချင်ခဲ့။ အတိအကျဆိုလျှင်တော့ ဆရာလေး၏ အချိန်ပိုသင်တန်းကျောင်းကို မတက်ချင်ဟုဆိုလျှင် ပိုမှန်သည်။
တစ်ရွာလုံးက “ဆရာလေး” ဟု ခေါ်ကြပြီး လေးလေးစားစားဆက်ဆံကြသည့် ဆရာလေးစိုးမိုးဦးသည် ငယ်ရွယ်ပြီး ရည်မှန်းချက်ကြီးမားသည့် မမိုးအေးလိုတပည့်များအား ကျောင်းစာသင်ချိန်ပြီးဆုံးချိန်တွင် အချိန်ပိုသင်တန်းများ ပေးလေ့ရှိသည်။ ဆရာလေးက ကျောင်းသားများထက် ကျောင်းသူများအပေါ် ပိုပြီးလည်း ဂရုတစိုက်ရှိလှသည်။
၂၀၁၆ ဒီဇင်ဘာလ၏ တစ်ခုသော နေ့လယ်ခင်းတွင် ဆရာလေးစိုးမိုးဦးက အင်္ဂလိပ် Grammar စာအုပ်နှင့်အတူ မမိုးအေးလေးကို စာသင်ကျောင်းနှင့်ကပ်လျက် သူ၏ နေအိမ်ဆီသို့ အချိန်ပိုသင်ကြားပေးမည်ဟု အကြောင်းပြ၍ ခေါ်ခဲ့သည်။
အိမ်ခန်းထဲအရောက်မှာတော့ ဆရာလေးစိုးမိုးဦးသည် “ဆရာ” ဆိုသည့် မျက်နှာဖုံးစွပ်ထားသည့် “တဏှာရာဂ ဘီလူးသူရဲတစ်ကောင်” ဖြစ်နေသည်ကို မမိုးအေးတစ်ယောက် သိခဲ့လိုက်ရသည်။
“ကျောင်းဆက်မတက်တော့ဘူး။ သမီးလည်း ရှက်လို့ထွက်လိုက်တာ” ဟု ကြံခုတ်သမလေးက ပြောသည်။
အခုတော့ မမိုးအေးတစ်ယောက် စာသင်ကျောင်းကို ကျောခိုင်းပြီး တစ်ရက်လုပ်အားခ ၄၀၀၀ ရသည့် ကြံခုတ်သမတစ်ယောက်အဖြစ် မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ထဲက ကြံခင်းများထဲ သူ၏ဘဝကို မြှုပ်နှံထားလိုက်ရသည်။
ကျောင်းဆရာအမည်ခံ တဏှာရာဂဘီလူး၏ သားကောင်က မမိုးအေးတစ်ယောက်တည်း မဟုတ်ခဲ့။ စိုးမိုးဦးသည် အနည်းဆုံး ကျောင်းသူ ၃ ဦးအား လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုကျင့်ခဲ့သည်။
ထို့အတွက် စိုးမိုးဦးအား ပြင်ဦးလွင်ခရိုင်တရားရုံးက ၂၀၁၇ နိုဝင်ဘာလ၏ နောက်ဆုံးရက်များတွင် ကျောင်းသူသုံးဦးအား လိင်ပိုင်းဆိုင်ရာစော်ကားမှု ၃ မှုအတွက် တစ်မှုလျှင် ထောင် ၁၀ နှစ်စီဖြင့် ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခဲ့သည်။
ကျောင်းဆရာဆိုသည့် ဂုဏ်ပုဒ်ကို အသုံးချပြီး စိုးမိုးဦးသည် ကလေးငယ်များအား အဓမ္မပြုကျင့်ရန် ကြိုးစားခြင်း၊ ရင်သားများကို ကိုင်တွယ်ခြင်း စသည့် လိင်အမြတ်ထုတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း စွပ်စွဲခံရပြီး ထောင်ဒဏ် အပြစ်ပေးခံခဲ့ရသည်။
မုဒိမ်းသမားသည် သူ၏ပြစ်ဒဏ်အတွက် မန္တလေးတိုင်းဒေသကြီး အိုးဘိုထောင်တွင် အပြစ်ဒဏ်ပေးဆပ်နေခဲ့ရပြီး အခြားတစ်ဖက်တွင်တော့ သူကျူးလွန်ခဲ့သည့် ကျောင်းသူလေးများသည် အရွယ်နှင့်မမျှသည့် လောကဓံကို ရင်ဆိုင်ဖြတ်သန်းနေခဲ့ကြရသည်။

ကျောင်းသူများ ကြောက်ကြသည့် အချိန်ပိုသင်တန်း
မန္တလေးမြို့မှ အထက်ဘက် မိုင် ၉၀ ခန့်ဝေးသည့် သပိတ်ကျဉ်းမြို့နယ်အတွင်းရှိ ကုက္ကိုလ်ကုန်းကျေးရွာမှ ကိုစိုးမိုးဦးသည် သူ၏ အဘွားရှိရာ အင်ပျံကျေးရွာသို့ မကြာခဏ လာရောက်တတ်သူဖြစ်သည်။
သပိတ်ကျင်းမြို့နယ်မှ ထီးချိုင့်သို့သွားရာ ကားလမ်းမကြီး၏ဘေးမှ အိမ်ခြေပေါင်း ၁၀၀ ခန့်သာရှိသည့် အင်ပျံကျေးရွာတွင် စာသင်ကျောင်းမရှိ၊ လျှပ်စစ်မီးမရှိ။ ဆေးပေးခန်းလည်းမရှိ။
ပညာလိုလားကြသည့် ကလေးငယ်များသည် အင်ပျံမှ ဆိုင်ကယ်ဖြင့် နာရီဝက်တစ်နာရီခရီး မောင်းနှင်ရသော စာသင်ကျောင်းရှိသည့် အိမ်နီးချင်းရွာများသို့ စာသွားသင်ကြရသည်။
ရွာက ကလေးများ၏အခက်အခဲကို ဖြေရှင်းရန်အတွက် ရွာတွင် ကိုယ်ထူကိုယ်ထကျောင်းတစ်ကျောင်း တည်ထောင်ကြရန် ဆုံးဖြတ်လိုက်ကြပြီး ၂၀၁၅ခုနှစ် အရောက်တွင် ဓနိမိုးထရံကာ မြေစိုက်ကျောင်းဆောင်တစ်ခုကို တည်ဆောက်ခဲ့ကြသည်။ သို့သော် ရွာကျောင်းတွင် စာသင်မည့် ဆရာ၊ ဆရာမ တစ်ဦးတစ်ယောက်မျှမရှိ။
ကျောင်းဆရာလိုအပ်ချက်အရ အင်ပျံသို့ မကြာခဏ လာရောက်လည်ပတ်လေ့ရှိသည့် ကိုစိုးမိုးဦးအား တစ်လ ကျပ်တစ်သိန်းဖြင့် ခန့်အပ်ရန် ရွာက ဆုံးဖြတ်လိုက်ကြသည်။
တက္ကသိုလ်ဝင်တန်းဖြေဆိုထားသည့် အသက် ၂၁ နှစ်အရွယ် ကိုစိုးမိုးဦး၏ လစာအတွက် ရွာသားများက လစဉ်အလှူငွေ ထည့်ဝင်သည့် စနစ်ဖြင့် ပေးချေခဲ့ကြသည်။ မကြာသေးခင်ကမှ အိမ်ထောင်ကျခဲ့သည့် ဆရာလေးအတွက်လည်း ယင်းကမ်းလှမ်းမှုက အဆင်ပြေလှသည်။
သူငယ်တန်းမှ ၅ တန်းအထိ ကျောင်းသူကျောင်းသားပေါင်း ၂၆ ဦးကျော်ခန့်ရှိသည့် အင်ပျံကျောင်းတွင် ဆရာလေးကိုစိုးမိုးဦးအပါအဝင် အရပ်ခန့် ကျောင်းဆရာ၊ ဆရာမ ၃ ဦး တာဝန်ထမ်းဆောင်ကြသည်။
“တစ်ရွာလုံးက လေးစားလို့ ဆရာလေးလို့ပဲ ခေါ်တယ်၊ ဘာလို့ သူ့ကိုခန့်ရလဲဆိုရင် ကျွန်တော်တို့ တစ်ရွာလုံးပေါင်းမှ ဆယ်တန်းပြည့်အောင် မတက်ဖူးလို့” ဟု အင်ပျံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆွေက ပြောသည်။
ဆရာလေး၏ အချိန်ပိုသင်တန်းများက မမိုးအေးလို ကျောင်းသူများအား ပစ်မှတ်ထားလေ့ရှိသည်။ ဆရာလေးသည် အချိန်ပိုခေါ်ချိန်တွင် သူ၏ laptop ကွန်ပျုတာနှင့် ဖုန်းများမှ ညစ်ညမ်းဇာတ်လမ်းများ ပြသပြီး ကျောင်းသူများအား လိင်ဆက်ဆံရန် ကြိုးစားခြင်းအပါအဝင် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်လေ့ရှိကြောင်း ထိုစဉ်က အသက် ၁၁ နှစ်အရွယ် မမိုးအေးက ဆိုသည်။
ဆရာလေးစိုးမိုးဦး၏ အချိန်ပိုသင်ခန်းစာများကို တက်ရောက်လိုစိတ် မရှိသည်က မမိုးအေးတစ်ယောက်တည်းတော့ မဟုတ်။ မမိုးအေးထက် တစ်နှစ်ငယ်သည့် လေးတန်းကျောင်းသူ မအိငယ်သည်လည်း မမိုးအေးနှင့်ဆင်တူသည့် ဖြစ်ရပ်မျိုး ကြုံတွေ့ခဲ့ရသည်။
ကျောင်းဆရာစိုးမိုးဦးသည် မိန်းကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်နေစဉ်တွင် တခြားသူငယ်ချင်း မိန်းကလေးငယ်တစ်ဦးကိုလည်း ကြည့်စေကြောင်းလည်း သူကဆိုသည်။
၂၀၁၆ ဒီဇင်ဘာလ၏ တစ်ခုသောနေ့တွင် မအိငယ်သည် သမိုင်းနှင့်ပထဝီ မေးခွန်းများကိုယူပြီး စိုးမိုးဦးထံ သွားရောက်မေးမြန်းခဲ့ကြောင်း၊ မှောက်လျက်စာရေးနေစဉ် စောင်ခြုံပေးပြီး ကျောင်းဆရာက လိင်ဆက်ဆံခဲ့ကြောင်း ၊ ယင်းအဖြစ်အပျက်အပါအဝင် ကျောင်းဆရာသည် အနည်းဆုံး ၃ ကြိမ်ထက်မနည်း လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခဲ့ကြောင်း တရားလိုပြောကြားချက်များကို ကိုးကားပြီး တရားရုံးမှတ်တမ်းများတွင် ဖော်ပြထားသည်။
ထိုအဖြစ်အပျက်ကို ထုတ်မပြောရန် စိုးမိုးဦးက မအိငယ်ကို ငွေ ၂၀၀ ပေးပြီး နှစ်သိမ့်ခဲ့သည်ဟု မအိငယ်ကဆိုသည်။
“သမီးတို့ကို မကောင်းတဲ့ကားတွေလည်း ပြတယ်။ တခြားသူတွေကိုတော့ မသိဘူး။ ဒါ့ပေမဲ့ သူငယ်ချင်းတစ်ယောက်ကတော့ သူ့ကို ရင်သားတွေဘာတွေကိုင်တယ် ကြားတယ်။ အဲ့ဒါကြောင့် သူတောင် သူ့အမေကို ပြောပြီး ကျောင်းထွက်သွားတယ်” ဟု မအိငယ်က သူကြုံတွေ့ခဲ့သည့် အဖြစ်အပျက်ကို ရင်ဖွင့်သည်။
သို့သော် ကလေးငယ်များက သူတို့၏အဖြစ်အပျက်ကို လူသိရှင်ကြား ထုတ်မပြောရဲခဲ့ကြ။ မိဘများကိုပင် မတိုင်ပင်ရဲခဲ့။ ကလေးငယ်များက သူတို့အဖြစ်အပျက်၏ အဓိကတရားခံသည် တစ်ရွာလုံးက လေးစားကြသည့် ဆရာလေးဖြစ်နေကြောင်း ထုတ်ပြောခဲ့ပါက သူတို့ဘက်က မည်သူမှ ရပ်တည်မည်မဟုတ်ဟု ယူဆခဲ့ကြောင်း ပြောကြသည်။
ဆရာလေး၏ အချိန်ပိုသင်ခန်းစာများကို ရှောင်လွှဲရန်အတွက် ကျောင်းသူများဘက်က လုပ်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းက ကျောင်းဆင်းချိန်တွင် ကျောင်းပြတင်းပေါက်မှ သူ့ထက်ငါဦးအောင် တွယ်ဆင်းကာ အိမ်သို့ ထွက်ပြေးကြခြင်းဖြစ်သည်။
သို့သော် တစ်ရက်တွင်တော့ တဏှာရာဂဘီလူး၏ ကျောင်းဆရာမျက်နှာဖုံး ကွာကျဖို့အကြောင်း ဖန်လာတော့သည်။
မအိငယ်၏ သူငယ်ချင်းဖြစ်သည့် မထွေးထွေးက ၂၀၁၆ ဒီဇင်ဘာလ တစ်ခုသော နံနက်ခင်းတွင် ဆရာလေးဦးစိုးမိုးဦး၏ ကျောင်းစာသင်ခန်းသို့ မသွားရောက်လိုကြောင်း စတင်ငြင်းဆန်ခဲ့သည်။ ပညာလိုလားသည့် သမီးဖြစ်သူ၏ ထူးဆန်းသည့်အပြုအမူကို မိဘများက မေးမြန်းသောအခါမှသာ ကျောင်းဆရာ၏လုပ်ရပ်များကို ကျောင်းသူကလေးများက ရင်ဖွင့်နိုင်ခဲ့သည်။
မထွေးထွေးက ယင်းအဖြစ်အပျက်သည် သူတစ်ယောက်တည်း ကြုံတွေ့ခဲ့ရခြင်းမဟုတ်ဘဲ အခြားကျောင်းသူများလည်း ကြုံတွေ့ခဲ့ရကြောင်း ရင်ဖွင့်ခဲ့သည်။
ယင်းနောက် ကျောင်းသူ ၃ ဦး၏ မိဘများက သီးခြားစီ အမှုဖွင့်ပြီး ကျောင်းဆရာ၏ မျက်နှာဖုံးကို ခွာချရန် ကြိုးစားတော့သည်။ အခြားကျောင်းသူ ၂ ဦးထက်မနည်းလည်း ကျောင်းဆရာ၏ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုကို ခံခဲ့ရသော်လည်း အမှုမဖွင့်ခဲ့ဘဲ ရွာမှ ပြောင်းပြေးသွားကြကြောင်း မထွေးထွေး၏မိခင်က ဆိုသည်။

ခက်ခဲလှသည့်အမှန်တရား
ကျောင်းဆရာ၏ မျက်နှာဖုံးကို ခွာချရန် ကြိုးပမ်းခြင်းက နစ်နာသူကျောင်းသူများနှင့် သူတို့၏ မိသားစုဝင်များအတွက် လွယ်လွယ်ကူကူတော့ မဖြစ်ခဲ့။
ကျူးလွန်ခံရသူ ကလေးငယ်မိသားစုများအတွက် အခက်ခဲဆုံးအချိန်များသည် တရားရုံးမှ ရုံးချိန်းဆင့်ခေါ်သည့် အချိန်များဖြစ်ပြီး သက်ငယ်မုဒိမ်းဖြစ်သည့်အတွက် သူတို့၏ရွာမှ ၅ နာရီခန့် ကားလမ်းခရီးဖြင့် သွားရသည့် ပြင်ဦးလွင်ခရိုင်တရားရုံးအထိ သွားရောက်ရင်ဆိုင်ခဲ့ရသည်။
ရုံးတော်က ဆင့်ခေါ်သည့်အခါ ကျောင်းသူများ၏ မိသားစုများက တရားရုံးစရိတ်အတွက် ရွာထဲရှိ ငွေကြေးပြေလည်သူများထံမှ အတိုးဖြင့် လမ်းစရိတ် ချေးငှားသွားကြရသည်။
တရားရုံးကဆင့်ခေါ်သည့်အခါတိုင်း ပိုက်ဆံရှိရှိ၊ မရှိရှိ မပျက်မကွက် တက်ရောက်ခဲ့ကြရသည်ဟု မိန်းကလေးငယ်များ၏ မိဘများက ဆိုသည်။
“အဖေက သမီးကို ဖိနပ်နဲ့ ပစ်ပေါက်တယ်၊ ကျောကုန်းတွေထုတယ်၊ ‘နင်ဂြိုဟ်မွှေလို့ဖြစ်တာတဲ့’ အဖေ့စိတ်ထဲမှာ သမီးကို စိတ်တိုနေတယ်။ ဒါပေမယ့် အဲ့ဒီအချိန်က ပိုက်ဆံမရှိလို့ အဖေက စိတ်တိုနေတာပါ” ဟု
တစ်နှစ်တာ အချိန်အတောအတွင်း ဖြစ်ပျက်ခဲ့သည်များကို မအိငယ်က ပြန်လည်ပြောပြသည်။
ယင်းအပြင် ရဲစခန်းနှင့်တရားခွင်အတွင်းက တာဝန်ရှိသူများ၏ အကဲဆတ်လွန်းသော မေးခွန်းများကြောင့် အခက်အခဲများ ကြုံတွေ့ခဲ့ရပြန်သည်။
ရဲ နှင့် တရားရုံးက မေးမြန်းသည့် လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံရမှု အသေးစိတ်အဖြစ်အပျက် မေးခွန်းများကို ပြန်ဖြေရသည်က သူတို့အတွက် ကြီးကြီးမားမား စိတ်သောက ရောက်ရသည်ဟု ကျောင်းသူလေးများက ဆိုကြသည်။
၁ နှစ်နီးပါးကြာ စစ်ဆေးခဲ့ပြီးနောက် ၂၀၁၇ နိုဝင်ဘာလတွင် စိုးမိုးဦးကို ပြင်ဦးလွင်ခရိုင် တရားရုံးက စွဲချက်တစ်ခုစီအတွက် ထောင်ဒဏ် ၁၀ နှစ်စီဖြင့် အလုပ်ဖြင့်ထောင်ဒဏ် နှစ် ၃၀ ချမှတ်လိုက်သည်။
တရားသူကြီးက “ အမျိုးသမီးများဘ၀ လုံခြုံမှုရှိစေရန် တရားခံသည် ငယ်ရွယ်သော ကျောင်းနေအရွယ် တပည့်တစ်ဦးအပေါ် အနာဂတ်ပညာရေးအတွက် ရှေ့ဆောင်လမ်းပြ သွန်သင်ပေးရမည့်သူ ဖြစ်ပါလျက် ပန်းကောင်းအညွန့်ကျိုးစေမည့် မုဒိမ်းမှုပြုကျင့်နိုင်ရန် အားထုတ်ခဲ့မှုပြုသဖြင့် နောင်တွင် အလားတူဖြစ်ရပ်မျိုး မဖြစ်ပွားရန် ထိရောက်ဟန့်တားသည့် အပြစ်ပေးရမည်” ဟု တရားရုံးမှတ်တမ်းတွင် ထည့်သွင်း သုံးသပ်ခဲ့သည်။
စိုးမိုးဦးအား မန္တလေးတိုင်းဒေသကြီး အိုးဘိုထောင်တွင် ထိန်းသိမ်းထားပြီး တရားခံက သူ၏ပြစ်ဒဏ်များအတွက် အယူခံဝင်ရန် ကြိုးစားနေသည်။
စိုးမိုးဦး၏ဖခင်ကတော့ သူ၏သားသည် အပြစ်မရှိဘဲ ကျောင်းလခများ ခေါ်တောင်းသည့်ကိစ္စများအပေါ် မကျေနပ်၍ အငြိုးထားကာ ပြဿနာကို ဖန်တီးခဲ့ခြင်းသာ ဖြစ်သည်ဟု ယူဆနေသည်။
“ဘုရား၊တရား လိုက်စားတဲ့ကလေးပါ သူက။ အခုလည်း သူ့စိတ်နဲ့ပဲ သူ့အမေက မကျန်းမမာ ခဏခဏ ဖြစ်တယ်။ ပြီးခဲ့တဲ့လကမှ ဆေးရုံကဆင်းတယ်။ တစ်သက်လုံး သူ့ဘဝ ထောင်ထဲမှာပဲ အချိန်ကုန်ရတော့မှာ၊ သူပြန်လာတဲ့အချိန်လည်း ဦးတို့က ရှိတော့မှာမဟုတ်ဘူးလေ” ဟု စိုးမိုးဦး၏ဖခင် ဦးဖိုးဆွေက ဆိုသည်။
တရားမမျှတသည့် တရားမျှတမှုများ
ရုံးတော်က ကျူးလွန်သူကို နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့ပြီး ခံစားခဲ့ရသူများအတွက် တရားမျှတမှု ရှာဖွေပေးနိုင်ခဲ့သည်။
သို့သော် လက်တွေ့ဘဝတွင်တော့ တရားဥပဒေအဆုံးအဖြတ် တစ်ခုတည်းက အမှန်တကယ် ခံစားခဲ့ရသည့် ကျောင်းသူများအတွက် လုံလောက်သည့် ကုစားမှုတော့ မဟုတ်ခဲ့။
ကျောင်းသူလေးများသည် သူတို့၏အတိတ်ကို ပြည်ဖုံးကားချသည့်အနေဖြင့် စာသင်ကျောင်းကို ကျောခိုင်းခဲ့ရပြီး သူတို့၏ ဆရာဝန်အိပ်မက်များကို စွန့်လွှတ်လိုက်ကြရသည်။
ကျောင်းသူတချို့ဆိုလျှင် နေရပ်ရင်းမှ မိသားစုလိုက် ပြောင်းပြေးပြီး တခြားတစ်နေရာတွင် ဘဝကို ခက်ခဲစွာ စတင်ကြရသည်။
“ရွာထဲရန်ဖြစ်ရင် ဒီအကြောင်းတွေ ဖော်ပြီး ပြောကြတာပဲ” ဟု မမိုးအေး၏မိခင်က မျက်ရည်အရွှဲသားဖြင့် သူ၏သမီးအဖြစ်အပျက်ကို ရင်ဖွင့်သည်။
ကျောင်းပညာ မတတ်မြောက်ပါက အခြားသူများအနိုင်ကျင့်ခြင်းကို ခံရမည်ဟု စိုးရိမ်ပြီး ကျောင်းထားခဲ့သည့် သူ၏သမီး ကံဆိုးမိုးမှောင်ကျခဲ့သည့်အတွက် လွန်စွာ နာကျင်ကြေကွဲရသည်ဟု မမိုးအေး၏မိခင်က ဆိုသည်။
“ကျွန်မတို့မှာ စာမတတ်ပေမတတ်နဲ့ နေပူကြီးထဲ အမှုမှန်ပေါ်ချင်လို့ လိုက်ရှင်းခဲ့ရတာ။ ဖိနပ်တောင် မစီးနိုင်ပါဘူး တရားရုံးက ပေးလိုက်တာ” ဟု ရှိုက်ကြီးတငင် ငို၍ပြောသည်။
အမှုအခင်းများပြီးခဲ့ပြီးနောက် မမိုးအေးတစ်ယောက် စာသင်ခန်းကို ကျောခိုင်းခဲ့ပြီး ကြံခင်းများတွင် နေ့စားအလုပ်သမားအဖြစ် အသက်မွေးဝမ်းကျောင်းပြုနေရသည်။

မမိုးအေးကဲ့သို့ပင် အိပ်မက်ဆိုးဖြင့်ကြုံခဲ့ရသည့် ကျောင်းသူ ၂ ဦးကတော့ ဇွဲမလျှော့ဘဲ ပညာရေး ဆုံးခန်းတိုင်အောင် ကြိုးစားလျက်ရှိသည်။
သို့သော် မျက်လုံးပေါင်းများစွာ၏ စောင့်ကြည့်မှုဒဏ်ကို သူတို့ရင်မဆိုင်ရဲဘဲ တနယ်တကျေးတွင် ပြောင်းရွှေ့ ပညာသင်ကြားလျက်ရှိကြသည်။
ကျောင်းဆရာ၏မျက်နှာဖုံးကို ခွာချရန်အတွက် မိဘများထံ သူ၏အတွေ့အကြုံကို စတင်ပြောပြခဲ့သည့် မထွေးထွေးက အတန်းပညာ ဆက်လက်သင်ကြားရန် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ လူမှုဝန်ထမ်းတို့နှင့် ချိတ်ဆက်၍ မန္တလေးတိုင်းအတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ရွှေ့ပြောင်းသွားခဲ့သည်။
ယခုအချိန်တွင် ၁၄ နှစ်အရွယ် ရောက်နေပြီဖြစ်သည့် မထွေးထွေးက သူ၏အတိတ်ဆိုးကို မေ့ပျောက်လိုနေပြီဟုလည်း ဆိုသည်။
“တစ်ခါတလေ တစ်နှစ်လောက်ကြာမှလည်း တရားရုံးက ပြန်ခေါ်တာဆိုတော့ သမီးက မှတ်ထားတာ။ အမှုတွေ အကုန်ပြီးပျောက်သွားရင်တော့ သမီး မမှတ်ရင်မမှတ်တော့ဘူး။ အမှုတွေ မပြီးသေးရင်တော့ သမီး ဆက်မှတ်ထားဦးမှာ” ဟု ရှင်းပြသည်။
နောက်ထပ် ကျောင်းသူလေးတစ်ဦးဖြစ်သည့် မအိငယ်သည်လည်း ကျောင်းပြန်တက်လိုသော်လည်း ရွာနှင့် ရွာအနီးတဝိုက် ကျောင်းများတွင်တော့ ဆက်မတက်လိုတော့ဟု ဆိုသည်။
သူ၏အတိတ်ဆိုးကို လှောင်ပြောင်မည့်သူ မရှိသည့် ကျောင်းတစ်ခုတွင် ပညာသင်ကြားနေပြီး ကျောင်းပိတ်ရက်များတွင် သက်ငယ်ယက်ခြင်းဖြင့် မိသားစုဝင်ငွေရရန် ကြိုးစားလျက်ရှိသည်။
“ကျောင်းက ဆက်မတက်ချင်တော့ဘူး ငွေရှာပြီး အဖေတို့ကို နားစေချင်ပြီ။ ပိုက်ဆံစုပြီး အိမ်မှာ ရေတွင်းကလေးဘာလေးဆောက်ပြီး ရှာကျွေးချင်ပြီ” ဟု ခပ်သွက်သွက်ပြောသည်။
အဆိုးထဲကအကောင်းတစ်ခုက ကျောင်းသူလေးများ၏ ဝမ်းနည်းဖွယ် အဖြစ်ဆိုးပြီးနောက် အစိုးရက ကျောင်းကို တရားဝင်အသိအမှတ်ပြုပေးခဲ့ပြီး အစိုးရဝန်ထမ်းကျောင်းဆရာ ၃ ဦးကို စေလွှတ်ပေးခဲ့သည်။
“အခုအချိန်မှာ အစိုးရကျောင်းလည်းဖြစ်သွားတယ်။ ဆရာတွေကလည်း ကလေးတွေကို သင်ကြားမှုပေါ်မှာ ရိုးရိုးသားသားနဲ့ မြင်တွေ့ရတဲ့အခါကျတော့ အားလုံးက စိတ်ချရတဲ့ အနေအထားမျိုးဖြစ်တဲ့အတွက် အားလုံးကို ကျေနပ်မှုရှိပါတယ်” ဟု ကျောင်းဆောင်သစ်ကို လိုက်ပြရင်း မအိငယ်၏ဖခင်က ပြောသည်။
ယခုဆိုလျှင် အင်ပျံရွာကျောင်းလေးတွင် ကျောင်းသား ၄၀အထိ တိုးလာခဲ့ပြီး ကျောင်းသားကျောင်းသူများလည်း စိတ်အေးချမ်းစွာ ပညာသင်နေကြပြီ ဖြစ်သည်။
ကျူးလွန်သူ ထောင်ဒဏ် အနှစ် ၃၀ ကျသွားပေမဲ့ ကျူးလွန်ခံရသည့် ကလေးငယ်များကတော့ ၎င်းတို့နေထိုင်သည့် ပတ်ဝန်းကျင်၊ စာသင်ကျောင်းတို့တွင် အနှစ် ၃၀မက ဘဝကို ပင်ပန်းကြီးစွာ ခက်ခဲရုန်းကန်နေရတော့မည် ဖြစ်သည်။
လွန်ခဲ့သည့် ၃ နှစ်က ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ကိုလည်း လူတိုင်းသတိမထားမိတော့ဘဲ မေ့မေ့ပျောက်ပျောက် ဖြစ်လာခဲ့သည်။ ကျောင်းဆရာမျက်နှာဖုံးနှင့် တဏှာရာဂဘီလူးသည်လည်း ထောင်မှ နောင်လာမည့် နှစ် ၃၀ ဒါမှမဟုတ် ဒီထက်စောစော ပြန်လွတ်ကောင်းလွတ်လာမည်။
ဒီအဖြစ်အပျက်ကို ကျောင်းသူလေးများကတော့ ဘယ်တော့မှ မေ့နိုင်မည်တော့မဟုတ်။
“သမီးကတော့ ကျောင်းဆရာတွေကို မယုံတော့ဘူး။ ဆရာလေးလည်း ဘယ်တော့မှ မလွတ်ပါစေနဲ့။ ထောင်ထဲမှာပဲ တစ်သက်လုံးနေရပါစေ” ဟု ကြံပင်များအား စိုက်ကြည့်ကာ မမိုးအေး ခပ်တိုးတိုး ပြောလိုက်သည်။
( မှတ်ချက်။ ။ ကလေးငယ်များ၏ အကျိုးစီးပွားအတွက် အမည်ရင်းများအစား အခြားအမည်များကို ပြောင်းလဲသုံးစွဲထားပါသည်)