သတင်း

ရခိုင်တွင် ရိုက်နှက်ခံရသည့် သူနာပြု လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ရန် ကြိုးပမ်းခံရဟု ဆို 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် ကျန်းမာရေးဝန်ထမ်း သူနာပြုဆရာမတစ်ဦးအား တိုက်နယ်ဆရာဝန်နှင့် ဇနီးက ရိုက်နှက်ခဲ့သလို ထိုဆရာဝန်က လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ရန် ကြိုးပမ်းခဲ့ကြောင်း ကာယကံရှင်၏ မိသားစုဝင်နှင့် နီးစပ်သူ သူနာပြုဆရာမများက ပြောသည်။ 

ဘူးသီးတောင်မြို့နယ် စေတီတောင်ကျေးရွာ တိုက်နယ်ဆေးရုံတာဝန်ခံ ဒေါက်တာညီညီမောင်က ကာယကံရှင် သူနာပြုဆရာမကို ပြီးခဲ့သည့် ဇန်နဝါရီအတွင်းက “အတူတူအိပ်ဖို့ပါမလား အိပ်ပါယာလား” ဆိုသည့် ရခိုင်ဘာသာဖြင့် ဖုန်းစာတို(Message) ပို့ခဲ့သည်ဟု ကာယကံရှင်နှင့် နီးစပ်သည့်  သူနာပြုဆရာမ မဝါဝါ (အမည်လွှဲ) က ဆိုသည်။ 

“အဲဒီစာဝင်လာတဲ့အချိန်မှာ သူက တအားငိုပြီးတော့ မိုးလင်းတာနဲ့ အိမ်ကို ပြန်သွားတယ်။ Message က ညမှ ဝင်လာတာ။ သူကလည်း ဆရာဝန်ကြီးကို တိုင်ဖို့၊ ပြည်နယ်မှူးကို တိုင်ဖို့၊ အမျိုးသမီးရေးရာကို တိုင်ဖို့ ။ အပျိုလေးတစ်ယောက်ကို အတူတူအိပ်ကြမယ်ဆိုတာက Sex  (လိင်) ကိစ္စကို ပြောတာနဲ့ အတူတူပဲ မဟုတ်လား” ဟု ထိုသူနာပြုက ပြောသည်။

နောက်တစ်နေ့တွင် အဆိုပါ သူနာပြုဆရာမက မိသားစုဝင်များနှင့်အတူ ဘူးသီးတောင်မြို့ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ် ဒေါက်တာစောမင်းသိန်းထံ သွားရောက်တိုင်တန်းခဲ့သည်ဟု ဆိုသည်။ 

“ဘူးသီးတောင်ဆေးရုံအုပ်ကို တိုင်တဲ့အခါ ဆရာကြီးက ငါ သူ့ကို တောင်းပန်ခိုင်းလိုက်မယ်လို့ ပြောပါတယ်တဲ့။ ခဏ ကျေအေးပေး။ ဒီအမှုကို မကြီးထွားစေနဲ့တော့လို့ ပြောလိုက်တယ်လို့ ဆိုပါတယ်” ဟု အထက်ပါ သူနာပြုဆရာမက ပြောသည်။

“အဲဒီဆရာဝန်က ဖုန်းလည်းမဆက်ပါ။ တောင်းလည်းမတောင်းပန်လို့ ပြောပါတယ်။ ဆိုတော့ စေတီတောင်တိုက်နယ်ဆေးရုံကို ပြန်သွားတဲ့အချိန်မှာ ဆရာဝန်က ဟဲ့ ငါ့မယားနဲ့ မှားပို့မိတာဆိုပြီး တစ်ခွန်းပဲ ပြောတယ်တဲ့” ဟု ထိုဆရာမက ကာယကံရှင်ကို ကိုးကား၍ ဆက်ပြောသည်။

လိင်အမြတ်ထုတ်ရန် ကြိုးပမ်းခံခဲ့ရသည့် ထိုသူနာပြုဆရာမမှာ ၂၀၂၁ ခုနှစ် စက်တင်ဘာအတွင်းက ကျောက်ဖြူမြို့ပြည်သူ့ဆေးရုံကြီးမှ ဘူးသီးတောင်မြို့နယ် စေတီတောင်တိုက်နယ်ဆေးရုံသို့ ပြောင်း‌ရွှေ့လာသည့် အသက် ၂၃ နှစ်အရွယ် အစိုးရဝန်ထမ်း သူနာပြုဆရာမတစ်ဦးဖြစ်သည်။

ထိုသို့ စာပို့သည့် ကိစ္စအား အထက်လူကြီးထံ တိုင်တန်းခဲ့ပြီးနောက် လုပ်ငန်းခွင်အတွင်း အဆင်အပြေမှုများနှင့်လည်း ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း နီးစပ်သူများမှတစ်ဆင့် သိရသည်။

ထို့နောက် ပြည်နယ်မှူး ဒေါက်တာကြည်လွင် ဘူးသီးတောင်သို့ လာရောက်ပြီး အဆိုပါသူနာပြုအား စစ်ဆေးမေးမြန်းခဲ့ပြီးနောက် ကာယကံရှင်က ထုတ်ဖော်ပြောဆိုခြင်း မရှိတော့ကြောင်း သူနာပြု မဝါဝါ (အမည်လွှဲ) က ပြောသည် ။ 

“ကာယကံရှင်က တစ်ခုမှမပြောသေးဘူး။ ပြည်နယ်မှူးရောက်လာတာနဲ့ ပတ်သက်လို့ ယင်းနောက်ပိုင်း သူ့ကို တစ်ခုမှ မေးလို့ မရတော့ဘူး။ မေးလို့မရဆိုတာက သာရေးနာရေးကလွဲလို့ တစ်ခုမှ မမေးပါနဲ့၊ တစ်ခုမှ မပြောပါနဲ့၊ အဲဒီလို ဘူးခံပြီး ဘာမှမေးလို့မရတော့တဲ့ အခြေအနေတစ်ခု ဖြစ်သွားတယ်။ ပြည်နယ်မှူးနဲ့ တွေ့ပြီးတဲ့နောက်ပိုင်းပါ” ဟု ဆိုသည်။

အထက်လူကြီးများက ထိုကိစ္စကို သတင်းမီဒီယာများနှင့် အင်တာဗျူးမလုပ်ရန် တောင်းဆိုခဲ့ကြောင်း၊ ၎င်းတို့ ဖြေရှင်းပေးမည်ဟု ပြောဆိုခဲ့ကြောင်း ကျူးလွန်ခံရသည့် သူနာပြုဆရာမ၏ မိသားစုဝင်တစ်ဦးက ပြောသည်။

“ဒီမှာလည်း ကိုယ်တို့က လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ထားတယ်။ နောက်ထပ် မီဒီယာတွေမှာ မတင်နဲ့တော့လို့ တောင်းဆိုတာပါ။ ခြိမ်းခြောက်တာမျိုးတော့ မဟုတ်ပါ။ အဲဒီကိစ္စကို လူကြီးတွေက ဖြေရှင်းပေးမယ်လို့ ပြောပါ တယ်။ အဆင်ပြေအောင်လုပ်ပေးမယ် အဖြစ်မှန်ပေါ်အောင်ပါလေ။ မီဒီယာတွေမှာလည်း မပြောပါနဲ့တော့လို့ ပြောလို့ပါ” ဟု ထိုစဉ်က အခြေအနေကို အထက်ပါမိသားစုဝင်က ပြောပြသည်။

ထို့နောက် ယခုနှစ် မေ ၁၀  ည ၇ နာရီခန့်တွင် ဆရာဝန် ညီညီမောင်၊ ၎င်း၏ဇနီး ဒေါ်နွယ်နွယ်ဦးနှင့် တပည့်တစ်ဦးတို့က သူနာပြုဆရာမနေသည့် အဆောင်သို့ လာရောက်ကာ ရိုက်နှက်ခဲ့မှု ဖြစ်ပေါ်ခဲ့ပြီး ဒေသတွင်းမီဒီယာများ၌ သတင်းဖော်ပြခဲ့ကြသည်။ 

“နာ့စ်မနဲ့ ဆရာဝန်နဲ့ ပြဿနာဖြစ်တာ ဟုတ်တယ်။ ဖြစ်ကြတာက အဲဒီကလေးမ အဆောင်သို့ လာပြီးတော့ ဆရာဝန်လင်မယားနဲ့ ဆရာဝန်မှာ တစ်ပည့်တစ်ယောက်ပါလာတယ်လို့ ပြောတယ်။ သူ့နာမည်တော့ ထွန်းထွန်းဝင်းလို့ ပြောတယ်” ဟု စေတီတောင်ကျေးရွာမှ ရွာလူကြီးတစ်ဦးက  ပြောသည်။

“ အခုဖြစ်သွားတဲ့ ဆရာမလေးနဲ့အတူ တခန်းတည်းမှာ အိပ်နေကြတဲ့ စာရေးမတစ်ယောက် ရှိတယ်လို့ ပြောတယ်။ သူတို့ပြောတာ တိုင်ချက်မှာ ပါတာကို ပြောတာ။ စာရေးမလေးက တံခါးကို ဖွင့်ပေးလိုက်တယ်” ဟု ၎င်းက ဆိုသည်။

သူနာပြုဆရာမမှာ ရေချိုးရန် ပြင်ဆင်နေခိုက်ဖြစ်ပြီး ဆရာဝန်၏ ဇနီးက ဝင်ရောက်ရိုက်နှက်ခဲ့သည်ဟု သိရကြောင်း၊ ဆရာဝန်နှင့် တပည့်တစ်ဦးက ကူညီခဲ့သည်ဟု သိရကြောင်း ထိုရွာလူကြီးက ဆိုသည်။ 

“ဆရာဝန်မယားက ရိုက်တယ်လို့ ပြောတယ် သူက။ အဲဒါကို ဆရာဝန်က ကိုင်ပေးတယ်တဲ့။ နောက် တပည့်တစ်ယောက်ပါလာတာက ဟိုကောင်မလေး ထွက်မပြေးရအောင် တံခါးကို ပိတ်လိုက်တယ်လို့ ပြောတယ်။ ဖြစ်တဲ့ မိန်းကလေးကလေး အသက် ၂၂ နှစ်လောက် ရှိမယ်။ အပျိုလေး” ဟု ရွာလူကြီးက ဆက်ပြောသည်။

ထိုသို့ ရိုက်နှက်ခံရမှုနှင့် ပတ်သက်၍ ယခုနှစ် ဧပြီ ၁၉ တွင် NGO (အရပ်ဘက်ကူညီရေး) အဖွဲ့အစည်းတစ်ခု စေတီတောင်တိုက်နယ်ဆေးရုံသို့ ရောက်ရှိလာကြောင်း၊ ထိုအဖွဲ့ ပြန်သွားချိန် ‌‌‌ဒေါက်တာညီညီမောင်၏ ဇနီးဖြစ်သူက ကျန်နေသည့်မုန့်များကို လာပို့ခိုင်းရာတွင် ဝန်ထမ်းများက လာမပို့သည့်ကိစ္စနှင့် ပတ်သက်၍ ထိုဆရာမကို အကြောင်းရှာ လာရောက်ရိုက်နှက်သည်ဟု ယူဆရကြောင်း  သူနာပြုဆရာမ မဝါဝါ (အမည်လွှဲ) က ပြောသည်။ 

“NGO ဖွဲ့တွေ စားတဲ့မုန့်တွေကို ငါ့အိမ်ကို လာပို့ဆိုပြီး ဝန်ထမ်းတွေကို ခိုင်းတော့ သွားမပို့ကြဘူးလို့ ဆိုပါတယ်။ ဆိုတော့ အဲဒီအမျိုးသမီးက ဆေးရုံအသုံးအဆောင်ပစ္စည်း ဖန်ခွက်၊ ဟင်းစားခွက်တွေကို ခွဲပစ်တယ်လို့ ပြောပါတယ်။ အဲဒါကို ဆေးရုံကလူတွေလည်း မြင်တယ်လို့ ပြောပါတယ်။ အဲဒီဖန်ခွက်တွေ ခွဲပစ်တဲ့ကိစ္စနဲ့ ပတ်သက်လို့ ဆရာဝန်လင်မယားနဲ့ သူနဲ့ စကားများကြတယ်လို့ ဆိုပါတယ်”ဟု ပြောသည်။

ထိုအမှုနှင့် ပတ်သက်၍  စစ်ကောင်စီ၏ လက်အောက်ခံဝန်ထမ်းအား ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်တော် (ULA/AA) ဘက်က အကာအကွယ်ပေး စောင့်ကြည့်မှုများရှိနေကြောင်း ထိုသူနာပြုဆရာမအမှုအား ကူညီပေးနေသူတစ်ဦးက ပြောသည်။

“ဒီအမှုမှာ စစ်ကောင်စီဘက်ကရော၊ ULA/AA ဘက်ကပါ ပါဝင်ပတ်သက်မှုရှိနေပါတယ်။ နောက်ပြီး နှစ်ဖက်စလုံးက ဖိအားပေးမှုတွေရှိနေပါတယ်။ အမှန်တရားနဲ့ ပြည်သူကိုအခြေခံတယ်ဆိုရင် တရားမျှတမှုရအောင် လုပ်ပေးကြရပါမယ်။ ကိုယ့်လူကို ကာကွယ်တာတော့ မဖြစ်သင့်ပါ” ဟု ထိုသူက ဆိုသည်။

ရိုက်နှက်ရာတွင် ပါဝင်ခဲ့သည့် ဆရာဝန်လင်မယားနှင့် လိုက်ပါလာသူတစ်ဦးမှာ AA ကတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဆေးပညာသင်ယူရန် စေတီတောင်ဆေးရုံသို့ ရောက်ရှိနေသူတစ်ဦးဖြစ်သည်ဟု ဒေသတွင်းသတင်းများ ထွက်ပေါ်နေသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။ 

ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်

နေအိမ်ထဲအထိ ဝင်ရောက်ပြီး အုပ်စုဖွဲ့ရိုက်နှက်ခဲ့သူများကို အိမ်ကျော်နင်းမှု၊ ကာယအိန္ဒြေပျက်ပြားအောင် ကိုယ်ထိလက်ရောက်ကျူးလွန်မှုအပါအဝင် ပုဒ်မ ၃ ခုဖြင့် ညောင်ချောင်းရဲစခန်းတွင် မေ ၁၁ ရက်က ကာယကံရှင် သူနာပြု အမျိုးသမီးကိုယ်တိုင် အမှုဖွင့်တိုင်ကြားထားသည်။

ထိုပုဒ်မသုံးခုမှာ ကာယအိန္ဒြေပျက်ပြားအောင်အကြံနှင့် ကိုယ်ထိလက်ရောက်ကျူးလွန်မှုပုဒ်မ ၃၅၄၊ အိမ်ကျော်နင်းမှု ပုဒ်မ ၄၅၁ နှင့် ဆဲဆိုမှုပုဒ်မ ၂၉၄ တို့ဖြစ်ကြောင်း ဥပဒေဆိုင်ရာ အကူအညီပေးနေသည့် ဥပဒေရေးရာကုစားရေးရုံး (LCM) မှ တရားလွှတ်တော်ရှေ့နေ ဒေါ်မြသူဇာက ရခိုင်အခြေစိုက် BNA သတင်းဌာနသို့ ဖြေကြားထားသည်။

LCM အဖွဲ့သည် တရားမျှတမှု လက်လှမ်းမီရရှိရေး၊ အမျိုးသမီးများအပေါ်စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာအရ အကြမ်းဖက်ခံရတဲ့ မည်သူ့ကိုမဆို ဥပဒေအရ ကူညီပေးနေသော အဖွဲ့တစ်ခုဖြစ်သည်။

အဆိုပါအမှုအတွက် ကာယကံရှင်အပါအဝင် စေတီတောင်တိုက်နယ်ဆေးရုံမှ ဝန်ထမ်း ၅ ဦးကို ညောင်ချောင်းရဲစခန်းက ခေါ်ယူစစ်ဆေးခဲ့သလို AA ဘက်မှလည်း ထိုသူနာပြုဆရာမကို မေ ၁၄ မှ ၁၆ ရက် နံနက်ပိုင်းအထိ စည်တောင်ကျေးရွာသို့ ခေါ်ယူစစ်ဆေးခဲ့ကြောင်း ၎င်း၏ မိတ်ဆွေသူနာပြုဆရာမနောက်တစ်ဦးက ပြောသည်။

“ထိုဘက်အဖွဲ့ (ULA/AA) က စစ်ပါတယ်။ ကာယကံရှင်က ပြောပြတာတွေပါ။ သူပြောတာက တရားလိုမဟုတ်ဘဲ တရားခံလိုဖြစ်နေတယ်လို့ ပြောတယ်။ (ULA က) စစ်တဲ့လူကလည်း ဆရာဝန်နဲ့ သောက်ဖော်သောက်ဖက်လို့ ပြောပါ တယ်” ဟု ဆိုသည်။

“ထိန်းချုပ်ထားတဲ့ ပုံစံမျိုး သူ ပြန်မဲ့နေ့ကတောင် (AA ဘက်က) ပေးမပြန်တဲ့ အဲဒီလိုကိစ္စမျိုးတွေလည်း ရှိတယ်တဲ့။ ပြည်နယ်မှူး လာလို့ ဘူးသီးတောင်ကို ရောက်နေပြီဆိုတာတောင်မှ ပေးမပြန်တဲ့ကိစ္စတွေရှိတယ်တဲ့” 

“ရွာသားတွေကြားထဲမှာလည်း ဒီဆရာဝန် (ဒေသကို) မလာရင် နင်တို့ဆီကို ဘယ်သူလာမှာလဲ အဲဒီလိုပြောတာတွေလည်း ရှိတယ်တဲ့။ ဒီဆရာဝန်ကို နင်တို့ ဒီလိုလုပ်ပစ်လို့မရ၊ အဲဒါကြောင့် ဆရာဝန်မျက်နှာကို ထောက်ထားပေးရမယ်ဆိုတဲ့ စကားတွေ ပြောတာတွေလည်းရှိတယ်လို့ ပြောတယ်” ဟု ဆိုသည်။ 

လိင်ပိုင်းဆိုင်ရာ အစော်ကားခံရပြီး ကိုယ်ထိလက်ရောက် ရိုက်နှက်ခံရသည့် ထိုကျန်းမာရေးဝန်ထမ်းအတွက် ၎င်း၏ မိသားစုဝင်များဘက်မှ အမှန်တရားအတွက် အမှုမှန်ပေါ်ပေါက်လာစေရေး လိုလားနေကြသည်ဟု နီးစပ်သူများထံမှ သိရသည်။ 

လက်ရှိတွင် သူနာပြုဆရာမ ရိုက်နှက်ခံရပြီး နောက်တစ်နေ့တွင် ဒေါက်တာညီညီမောင်အား ခုတင် ၅၀၀ ဆံ့ စစ်တွေ ပြည်သူ့ဆေးရုံကြီးသို့ ပြောင်းလိုက်ကြောင်း ကျန်းမာရေးအသိုင်းအဝိုင်းမှ သိရသည်။ 

၎င်းသည် ၂၀၂၁ နှစ်လယ်ပိုင်းတည်းက စေတီတောင်တိုက်နယ်ဆေးရုံသို့ ယာယီတာဝန်ထမ်းဆောင်ရန် ရောက်ရှိနေခြင်းဖြစ်ကြောင်း ကျေးရွာသားများထံမှ သိရသည်။

ဒေါက်တာညီညီမောင်အား Myanmar Now မှ မေ ၂၀ ရက်တွင် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပေ။ 

ကျန်းမာရေးဝန်ထမ်း သူနာပြုတစ်ဦးအား အုပ်စုဖွဲ့ ရိုက်နှက်ခဲ့ခြင်းအပေါ် ရခိုင်အမျိုးသမီးကွန်ရက်၊ ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့တို့ကလည်း တရားမျှတမှုရရှိရေး တောင်းဆိုထားကြသည်။

ကိုယ်ထိလက်ရောက်အစော်ကားခံရခြင်းအပေါ် စိတ်မကောင်းဖြစ်ရကြောင်းနှင့် အမျိုးသမီးထုတစ်ရပ်လုံးအတွက် သတိထားစရာအချက်ဖြစ်သလို စိုးရိမ်စရာတစ်ခုလည်းဖြစ်ကြောင်း ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးက မှတ်ချက်ပြုသည်။

အလားတူ ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ကလည်း သူနာပြုဆရာမတစ်ဦးကို ဆရာဝန်အပါအဝင် ဇနီးဖြစ်သူတို့က အုပ်စုဖွဲ့ရိုက်နှက်ခဲ့ခြင်းသည် အမျိုးသမီးအကြမ်းဖက်မှုမြောက်ပြီး ထိုအပြုအမူအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း (မေ ၁၆) က ထုတ်ပြန်သည်။

“ဒီဟာက မြန်မာနိုင်ငံမှာလည်း ၁၉၉၃ ခုနှစ်က ကုလသမဂ္ဂမှာ သဘောတူစာချုပ် ချုပ်ပြီးသားရှိတယ်။ အဲဒီအမျိုးသမီးနဲ့ ပတ်သက်လို့ ဝန်ထမ်းတစ်ယောက်ကို အထက်အရာရှိတစ်ယောက်က အခုလိုလုပ်တာဟာ အမျိုးသမီးအခွင့်အရေး ဆုံးရှုံးတယ်။ ပြီးတော့ လူ့အခွင့်အရေးချိုးဖောက်မှုတစ်ခုလည်းဖြစ်တယ်” ဟု ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ထွန်းက ပြောသည်။

အမျိုးသမီးတစ်ဦး ပြစ်မှုကျူးလွန်ခံရလျှင် ကျူးလွန်ခံရသည့် အမျိုးသမီးတစ်ဦးအနေဖြင့် ထုတ်ဖော်ပြောဆိုရန် ဣန္ဒြေသိက္ခာပိုင်းနှင့် ဆိုင်နေသည့်အတွက်ကြောင့် လွယ်လွယ်ကူကူထုတ်ဖော်ပြောဆိုသည့် အနေအထားမရှိ၊ သို့သော် ယခုဖြစ်စဉ်တွင် ကာယကံရှင်သူနာပြုဆရာမက အရဲစွန့်ပြီး ထုတ်ဖော်ပြောဆိုထားခြင်းဖြစ်သည်ဟု ရခိုင့်ရှေ့ဆောင်အမျိုးသမီးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စောစံငြိမ်းသူက ပြောသည်။

“အခုလိုအမှုကိစ္စတစ်ခုပေါ်လာတယ်ဆိုလို့ရှိရင် အများအားဖြင့် ငွေများသူနိုင်စတမ်း၊ ရာထူးကြီးသူနိုင်စတမ်းဆိုတဲ့ အနေအထားမျိုးနဲ့ တကယ့်မှန်ကန်တဲ့ တရားစီရင်ရေးဘက်ကနေ သေသေချာချာ စုံစမ်းစစ်ဆေးပြီးတော့ ဥပဒေကြောင်းအရ အရေးယူ‌ဆောင်ရွက်တဲ့အနေအထားမရှိဘဲ မျက်နှာလိုက်ပြီးတော့ စီစဉ်မှုတွေကလည်း အများကြီးရှိနေတာကို တွေ့ရပါတယ်” ဟု ဒေါ်စောစံငြိမ်းသူက ဆိုသည်။

”အခုဆိုလို့ရှိရင်လည်း စစ်ဆေးမှုတစ်ခုမှ မလုပ်ခင်ကတည်းက နေရာရွေးပြောင်းလိုက်တာမျိုးတွေ စသဖြင့် အဲလိုပုံစံလုပ်တာမျိုးတွေကလည်း တရားနည်းလမ်းမကျလို့ မြင်ပါတယ်။ နေရာရွေ့ပေးလိုက်ရုံနဲ့ ကိစ္စတစ်ခုပြီးဖို့လားဆိုတဲ့ကိစ္စတစ်ခုရှိပါတယ်။ ဘယ်အခြေအနေမျိုးမှာပဲဖြစ်ဖြစ် ယင်းကဲ့သို့ စီစဉ်ဆောင်ရွက်ခြင်းက ကျူးလွန်ခံရသည့် အမျိုးသမီးတစ်ယောက်အတွက် လုံးဝတရားမျှတတဲ့ အရေးယူဆောင်ရွက်မှုမဟုတ်ဆိုတာတော့ သေချာပါတယ်”ဟု ၎င်းက ဆက်ပြောသည်။ 

ထိုကဲ့သို့ အခြေအနေအမျိုးသည် အမှုကိစ္စတခုတည်းမဟုတ်ဘဲ တခြားအခြေအနေမတူသည့် အနေအထားမျိုးနှင့်လည်း ကျူးလွန်ခံရသည့် အမျိုးသမီးများလည်းရှိနေကြောင်း သူက ပြောသည်။

စေတီတောင်တိုက်နယ်ဆေးရုံက အဆိုပါသူနာပြုဆရာမအား လိင်အမြတ်ထုတ်ရန်ကြိုးစားမှု၊ အုပ်စုဖွဲ့ရိုက်နှက်မှု ဖြစ်ပွားခဲ့သည့်ကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနက ပြည်နယ်မှူး ဒေါက်တာကြည်လွင်သို့ Myanmar Now က ယနေ့ (မေ ၂၀) နေ့လယ်ပိုင်းက ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ ထိုကိစ္စအား ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။

ထိုအမှုကို စစ်ဆေးနေသည်ဟု ဆိုသော ULA/AA ထံမှ မှတ်ချက်မရသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button