နိုင်ငံရေးသတင်း

ဘူးသီးတောင် ဒေသခံ ၂၀၀ နီးပါးကို စစ်တပ်က နေရပ်စွန့်ခွာခိုင်း

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်းတွင် ခြေမြန်တပ်မ (၂၂) လက်အောက်ခံတပ်မှ စစ်သား ငါးဦး လက်နက်များနှင့်အတူ ထွက်ပြေးသွား၍ စစ်တပ်က တောနင်းရှာဖွေနေစဉ် အနီးဝန်းကျင်ရှိ ရခိုင်တိုင်းရင်းသားများ နေထိုင်သည့် ကျေးရွာ ရွာနှစ်ရွာမှ လူ ၂၀၀ ခန့်ကို ရွာမှ ထွက်ရန် စစ်ကောင်စီက ညွှန်ကြားထားသည်။

ဖရုံချောင်းကျေးရွာအနီး တောင်ပေါ်နှင့် ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်မှ စစ်သား ငါးဦး ဧပြီလဆန်းက ထွက်ပြေးသွားခြင်းဖြစ်သည်။ စစ်သား ငါးဦးကို ရှာဖွေရန်  ဖရုံချောင်းရွာ၊ ကပ်လျက်ရှိ ငှက်ပျောချောင်းရွာမှ ဒေသခံများကို ရွာမှ တစ်ပတ်ခန့် ထွက်ခွာပေးရန် စစ်တပ်က ဧပြီ ၃၀ ရက်က ညွှန်ကြားခဲ့သည်ဟု ဒေသခံနှစ်ဦးထံမှ သိရသည်။ 

“စစ်သားတွေက ရွာဘေးက တောင်မှာလည်း တပ်စွဲလို့ရှိတယ်။ ဘုန်းကြီးကျောင်းမှာလည်း ရှိတယ်။ ရွာအနီးဝန်းကျင်မှာ ရှိတဲ့တပ်က ၅ ယောက်လောက် လက်နက်၊ ကျည်ဆန်တွေနဲ့အတူ ထွက်ပြေးသွားတယ်။ အဲဒါကို အထက်လူကြီးတွေက စစ်ဆေးဖို့ လာမယ်။ အဲဒီကြောင့် ရွာကလူတွေက ၈ ရက် တစ်ပတ်လောက် ရွာက ထွက်နေရမယ် အဲဒီလောက်ပဲ ပြောတယ်” ဟု ဖရုံချောင်းရွာ လူကြီးတစ်ဦးက ပြောသည်။

မြို့ပေါ်မှ ၈ မိုင်ခန့်အကွာ ဘူးသီးတောင်-ညောင်ချောင်းကားလမ်းမဘေးတွင် တည်ရှိသော ဖရုံချောင်းနှင့် ငှက်ပျောချောင်းကျေးရွာ နှစ်ရွာပေါင်း အိမ်ခြေ ၄၁ အိမ်ရှိပြီး လူဦးရေ ၂၀၀ ဝန်းကျင်ခန့် ရှိသည်ဟု ၎င်းထံမှ သိရသည်။ 

ဒေသခံများ ရွာမှ ထွက်မပေးပါက ပျောက်ဆုံးနေသည့် တပ်ဖွဲ့ဝင်များနှင့် ပတ်သက်၍ တာဝန်ယူရမည်ဟု ခြိမ်းခြောက်ပြောဆိုမှုများလည်း ရှိခဲ့သည်ဟု ကာယကံရှင် ရွာသားများကို ကိုးကား၍ လုံခြုံရေးအရ အမည်မဖော်လိုသော ဘူးသီးတောင်ဒေသခံ အမျိုးသားတစ်ဦးကလည်း ပြောသည်။

“စစ်သားတွေက ပထမတော့ ယောကျ်ားတွေကို ရှောင်ခိုင်းတာလို့ သိရတယ်။ အသက်ကြီးပိုင်းနဲ့ မသန်စွမ်းတွေတော့ ရှောင်စရာမလိုဘူးဆိုတဲ့ သဘော။ ရွာသားတွေ ရှောင်ကြတဲ့အချိန်မှာ အသက်ကြီးပိုင်းတွေနဲ့ မသန်စွမ်းတွေကို ထားခဲ့လို့ မဖြစ်ဘူးဆိုပြီး (ရွာရှိ လူကုန်) အားလုံးရှောင်သွားကြတာ” ဟု သူက ဆိုသည်။

“သူတို့ တပ်သားတွေ ပြန်ရှာတွေ့လား၊ မတွေ့လားဆိုတာကို မသိရဘူး။ အမှန်တကယ် ပျောက်လား၊ မပျောက်လားဆိုတာကိုလည်း အတိအကျလည်း မသိရဘူး။ ဒါပေမဲ့ ရွာသားတွေကတော့ အခုထိ ရှောင်နေကြရတုန်းပါ” 

အဆိုပါရွာနှစ်ရွာမှ ဒေသခံများမှာ အနီးနား ဘူးသီးတောင်ရွာမ၊ သေကံခွဆုံ၊ သေကံ၊ ညောင်ချောင်း စသည့် ကျေးရွာများတွင် ခေတ္တ ခိုလှုံနေကြရသည်ဟု ဖရုံချောင်းရွာသားများထံမှ သိရသည်။

စစ်သား ငါးဦး လက်နက်ခဲယမ်းများနှင့်အတူ ထွက်ပြေးသွားမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်မှ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မတွေ့ရသေးပေ။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ စစ်ကောင်စီတပ်သားများ တပ်မှ ပြေးကာ ရက္ခိုင့်တပ်တော် (AA) ထံ ထွက်ပြေးသည့်ဖြစ်စဉ်များ ရှိခဲ့သည်။ 

“သူတို့က (စစ်တပ်) တစ်ပတ်ပြီးရင် ပြန်ခေါ်မယ်လို့တော့ ပြောတယ်။ ငါတို့ ရွာက ထွက်လာကြတာ ၅ ရက်၊ ၆ ရက်လောက် ရှိပြီ။ လက်နက်ကျည်ဆန်တွေနဲ့ ပျောက်သွားတဲ့နေရာကိုတော့ အတိအကျ မကြားဘူး။ တကယ်ထွက်ပြေးသွားတယ်ဆိုရင်လည်း အဲဒီအနီးဝန်းကျင်က ရွာတွေမှာလည်း AA က ရှိတယ်” ဟု အထက်ပါ ဖရုံချောင်းကျေးရွာ ရွာလူကြီးက ဆိုသည်။​

ဖရုံချောင်း၊ ငှက်ပျောချောင်းကျေးရွာ အနီးဝန်းကျင်ရှိ ကံ့ကော်မြိုင်၊ အောင်ဇေယျ၊ အတွင်းအပြင် စသည့် ကျေးရွာများအနီး AA တပ်ဖွဲ့ဝင်များ စစ်ရေးလှုပ်ရှားမှုရှိနေသည်ဟု အထက်ပါ သတင်းရင်းမြစ်များထံမှ သိရသည်။

“ပတ်ပတ်လည်မှာ AA ကလည်း ရှိတယ်။ ထွက်ပြေးသွားတဲ့ စစ်သားတွေက ဘယ်လိုဖောက်ထွက်လို့ ရောက်နိုင်မလဲပေါ့” ဟု ဖရုံချောင်းရွာလူကြီးက ဆက်ပြောသည်။

ရွာအနီး တပ်စွဲထားသော စစ်ကောင်စီတပ်ကလည်း စခန်းနှင့် ကတုတ်ကျင်းများ တည်ဆောက်ရန် ဖရုံချောင်းကျေးရွာအတွင်း ဝင်ရောက်ကာ လူနေအိမ်များမှ ပျဉ်နှင့် သစ်သားများကို ယူဆောင်လေ့ရှိသောကြောင့် နေအိမ်များကို ထားခဲ့ရသည်မှာ စိတ်မချကြောင်း အမည်မဖော်လိုသူ ဖရုံချောင်းရွာသားတစ်ဦးကလည်း ပြောသည်။

“ရွာမှာ လူရှိနေချိန်တောင် သူတို့ရွာထဲ ဝင်ပြီးတော့ နေအိမ်မှာ အဖီတွဲထားတဲ့ တိုင်လုံးတွေကို ယူတာတွေ၊ ပျဉ်အကောင်းတွေကို ခွာယူတာတွေကို ကိုယ်တိုင်မြင်ခဲ့ရတာ ရှိတယ်။ မယူနဲ့လို့ တားတဲ့အချိန် ပြန်သွားပြီးတော့ နောက်တစ်ဖက်က ဝင်ယူတာတွေ ရှိခဲ့တယ်။ အခု ငါတို့ ရွာမှာ မရှိတော့ ဘယ်လိုဖြစ်နေလဲဆိုတာကို မသိရသေးဘူး၊ ပြန်မှ သိရမယ်”

ဖရုံချောင်းကျေးရွာနှင့် ငှက်ပျောချောင်းကျေးရွာ တည်ရှိရာ ဒေသသည် ၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီနှင့် AA တို့အကြား တစ်ကျော့ပြန် တိုက်ပွဲပြင်းထန်ခဲ့သည့် ဒေသတစ်ခုဖြစ်သည်။

၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၆ ရက်တွင် နားလည်မှုဖြင့် AA နှင့် စစ်ကောင်စီ နှစ်ဖက် အပစ်အခတ်ရပ်စဲခဲ့ကြသည်မှာ ၅ လကျော် ကြာမြင့်လာပြီဖြစ်သည်။

ထိုသို့ အပစ်အခတ်ရပ်စဲထားသော်လည်း စစ်ကောင်စီတပ်က ရိက္ခာသယ်ယူခြင်း၊ လူသူ လက်နက်အင်အား တိုးချခြင်းနှင့် တပ်ရင်းတပ်စခန်းများကို အခိုင်အမာတည်ဆောက်နေသည်ကို မြင်တွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များအတွင်း ၂၀၁၇ ခုနှစ်မှစသည့် စစ်တပ်၏ စစ်ဆင်ရေးများအတွင်း ရိုဟင်ဂျာ သန်းနှင့်ချီ၍ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးခဲ့ရဖူးသည်။ ထိုလုပ်ရပ်ကြောင့် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် စစ်ကောင်စီ အမှုရင်ဆိုင်နေရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Related Articles

Back to top button