
စစ်ကောင်စီသည် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့တွင် ရိုဟင်ဂျာများကို ရက္ခိုင့်တပ်တော် (AA) ကို အလိုမရှိကြောင်း ဆန္ဒပြကြစေရန် ဖိအားပေးလုပ်ဆောင်နေကြောင်း ဒေသခံများက ပြောကြသည်။
ယမန်နေ့ (မတ် ၁၉) တွင် ဘူးသီးတောင်မြို့တွင် ရိုဟင်ဂျာများ ဆန္ဒပြကြသည့် ရုပ်သံမှတ်တမ်းများ၊ ဓာတ်ပုံများ အွန်လိုင်း လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။
ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲခန့်က ဘူးသီးတောင်မြို့၊ အမှတ် (၅) ရပ်ကွက်တွင် “AA အလိုမရှိ”၊ “ဘူးသီးတောင်ကို ကာကွယ်ကြ”၊ “တိုက်ပွဲ အလိုမရှိ” ဆိုင်းဘုတ်များကိုင်ကာ ကြွေးကြော်ဆန္ဒပြခဲ့သည်ဟု စစ်ကောင်စီ၏ ဝါဒဖြန့် အွန်လိုင်းစာမျက်နှာများတွင် ရေးသားထားကြသည်။
AA သည် ယခင်က ရခိုင်-မွတ်စလင် ဟန်ပြချစ်ကြည်ရေး လုပ်ခဲ့သော်လည်း နောက်ပိုင်းတွင် မွတ်စလင်များကို ဖိနှိပ်နေသဖြင့် ဆန္ဒပြရခြင်းဖြစ်ကြောင်း ဖော်ပြထားကြသည်။ ပွဲတက်သူ အင်အား ၁၀၀ ဝန်းကျင်ခန့်ရှိနိုင်ပြီး ဆိုင်းဘုတ်ကိုင်ဆောင်သူ အများစုမှာ လူငယ်များဖြစ်ကြသည်။
ဆန္ဒပြရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်ဘက်သုံးကားတစ်စီးဖြင့် လိုက်ပါလာသည်ဟု သိရကြောင်း မောင်တောဒေသခံတစ်ဦးက ပြောသည်။
“သူတို့ဆန္ဒပြတုန်း စစ်ကောင်စီဘက်က လုံခြုံရေးယူပေးထားတာတော့ မရှိ။ ဒါပေမဲ့ သူတို့နောက်က အိမ်စီးကားတစ်စီးပါတယ်။ အဲဒီကားမှာ စစ်ကောင်စီတပ်ဖွဲ့တွေအပြည့်ပဲ” ဟု ထိုသူက ဆိုသည်။
“ဆန္ဒပြရတာဟာ ဖိအားတစ်ခု ရှိမယ်လို့ ထင်ပါတယ်။ ဆန္ဒပြဖို့အတွက် စည်းရုံးနေတယ်။ လူမျိုးရေးပဋိပက္ခ ဖန်တီးဖို့ စည်းရုံးနေတယ်လို့ ပြောတယ်”

ဘူးသီးတောင်မြို့ခံအများစုသည် ပိုမိုပြင်းထန်လာသောတိုက်ပွဲများကြောင့် ထွက်ပြေး တိမ်းရှောင်နေကြရာ မြို့တွင်း ကျန်ရှိသောနေအိမ်တချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြပွဲလာသူတချို့က ဖောက်ထွင်းခဲ့ကြသည်ဟု ၎င်းက ဆက်ပြောသည်။
ဆန္ဒပြသူအများစုသည် နယ်မှ ဖြစ်ပြီး စစ်ကောင်စီက ငွေပေးစည်းရုံးခြင်း၊ ခြိမ်းခြောက်ဖိအားပေးခြင်း စသည့်နည်းလမ်းများကို သုံးကြသည်ဟု ဘူးသီးတောင်မြို့ခံ မွတ်စလင်လူလတ်ပိုင်းတစ်ဦးက ဆိုသည်။
“မွတ်စလင်တွေက မိမိဆန္ဒအရ ဆန္ဒပြနေကြရတာ မဟုတ်ဘူးဗျ။ စစ်တပ်က နယ်က မွတ်စလင်တွေကို ငွေပေးပြီး စည်းရုံးခေါ်လာကြတာ။ ဘူးသီးတောင်မြို့ပေါ်က လူတွေကတော့ စစ်တပ်ကို ကြောက်လို့ အဓမ္မပြခိုင်းလို့ ပြခဲ့ကြတာ။ ဒီအချိန်မှာ ကျွန်တော်တို့ မွတ်စလင်တွေ နှစ်ဖက်လက်နက်ကိုင်နှစ်ဖွဲ့အကြားမှာ အလွန်အန္တရာယ်များစွာနဲ့ နေထိုင်နေကြရတာ။ စစ်တပ်က စစ်မှုမထမ်းမနေရဆိုတဲ့အခါ ပိုပြီးအခက်တွေ့လာနေကြရပြီ” ဟု သူက ပြောသည်။
“အုပ်ချုပ်ရေးမှူးတွေက ဆင်းရဲတဲ့ ရွာသူရွာသားတွေကို တစ်ဆင့်ခံ ငွေပေးပြီး စည်းရုံးမှာပါ။ (ဆန္ဒပြပွဲ လိုက်ရင်) တစ်ယောက် နှစ်သောင်းရတယ်လို့ ပြောကြပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
မောင်တောခရိုင် မြို့များတွင် စစ်တပ်၏ လူမျိုးရေး၊ ဘာသာရေး မှိုင်းတိုက်မှုများ ဆက်တိုက် ပြုလုပ်နေသောကြောင့် နိုင်ငံတကာအနေဖြင့် လက်ပိုက်ကြည့်မနေသင့်ကြောင်း သူက ဆက်ပြောသည်။
ဘူးသီးတောင်တွင် ဆန္ဒပြရန် ငွေပေးစည်းရုံးသည်ဆိုသောကိစ္စနှင့် ပတ်သက်၍ Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
သို့သော်လည်း မြန်မာ-ဘဂ်လားဒေ့ရှ်နယ်စပ် မောင်တောမြို့တွင် ရိုဟင်ဂျာ ၁၀၀ ကျော်ကို ဖမ်းဆီး၍ ဆန္ဒပြရန် မတ် ၁၈ နှင့် ၁၉ ရက်တို့တွင် ငွေပေး စည်းရုံးခဲ့သည်ဟု ပြန်လွတ်လာသူတချိုက ပြောသည်။
“မောင်တောက မွတ်စလင်ကျေးရွာတွေနဲ့ ရပ်ကွက်တွေက လူငယ် ၁၀၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးတယ်။ ဒီနေ့မနက်မှာ လူတစ်ဦးကို ငွေ ၂၀၀၀၀ ကျပ်နဲ့ စောင်တစ်ထည်စီ ပေးပြီး လက်မှတ်ထိုးခိုင်းတယ်။ သူတို့ခေါ်တဲ့အချိန် လာရမယ်။ AA အလိုမရှိကြောင်း ဆန္ဒပြရမယ်လို့ ပြောတယ်” ဟု ဖမ်းဆီးခံရပြီး ပြန်လွတ်မြောက်လာသူ ရိုဟင်ဂျာအမျိုးသားတစ်ဦးက ပြောသည်။

မတ်လ ၁၈ ရက်နေ့ ညတွင် မွတ်စလင်ကျေးရွာများဖြစ်သည့် မောင်နီကျေးရွာမှ ၃၀ ကျော်၊ ဗိုလ်မှူးရွာမှ ၂၀ ခန့်၊ အမှတ် (၅) ရပ်ကွက်မှ ၁၀ ဦးကျော်၊ မြို့မကညှင်တန်းမှ ၂၀ ခန့်နှင့် ဇူလကျေးရွာမှ ၁၀ ဦးကျော် စုစုပေါင်း လူငယ် ၉၀ ကျော်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ယမန်နေ့ (မတ်လ ၁၉) နေ့လယ်တွင် မောင်တောမြို့နယ် အောက်ရွာကို စစ်တပ်က ရောက်စီးနင်းစဉ် ရိုဟင်ဂျာလူငယ် ၅ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
ထိုသို့ ပစ်မှတ်ထား ဖမ်းဆီးနေသောကြောင့် အများစုမှာ တိမ်းရှောင်နေရကြောင်း အဆိုပါ ရွာများမှ ရွာခံများက ပြောကြသည်။
“ဖမ်းဆီးခံရမှာ ကြောက်တော့ သားသမီးတွေကို မိဘတွေက နေအိမ်တွေမှာ မအိပ်ခိုင်းကြတော့ဘူး။ ထမင်းထုပ်လေးတွေ ထုပ်ပေးပြီး ဘေးလွတ်ရာမှာ သွားအိပ်ကြဖို့ စီမံပေးနေကြတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
“ချမ်းသာတဲ့ တိုက်အိမ်တွေကျတော့ တံခါးတွေ လုံခြုံလို့ ဝင်ရောက်ဖမ်းဆီးဖို့ မလွယ်ကြဘူး။ ဆင်းရဲသားနေအိမ်တွေကျတော့ စစ်တပ်က ဝင်ချင်သလို ဝင်ရောက်ပြီး ဖမ်းဆီးနေကြတာ”
ဘူးသီးတောင်မြို့ဆန္ဒပြပွဲအကြောင်း ပြောခဲ့သည့် မောင်တောမြို့ခံ အမျိုးသားကလည်း ၎င်းတို့မြို့တွင် အလားတူဆန္ဒပြပွဲ ဖြစ်လာနိုင်သည်ဟု ဆိုသည်။
“မောင်တောမှာလည်း ဘူးသီးတောင်လို ဆန္ဒပြပွဲလုပ်ဖို့ စီစဉ်နေတယ်လို့ သိရတယ်” ဟု သူက ဆိုသည်။
“မောင်တော၊ ဘူးသီးတောင်ဘက်မှာက အရင်ကတည်းက လူမျိုးရေးပဋိပက္ခတွေရှိခဲ့ဖူးတော့ မပြေလည်မှုတွေ ဖြစ်အောင် (စစ်ကောင်စီက) ဖန်တီးမှုလို့ သတ်မှတ်တယ်။ ဆိုတော့ မောင်တောမှာလည်း အဲလိုဖြစ်လာမှာကို စိုးရိမ်တယ်”
ပဋိပက္ခဖြစ်နိုင်သည့် ဆန္ဒပြပွဲ စီစဉ်သည်ဟူသော ဒေသခံတို့၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

ကျောက်ဖြူမြို့နယ်ရှိ ဒုက္ခသည်စခန်းများမှ မွတ်စလင်များကိုလည်း စစ်တပ်က ဖိအားပေး စစ်သင်တန်းများ ပေးကာ စစ်တိုက်ရန် ခိုင်းစေနေသလို AA ကလည်း စစ်တပ်သင်တန်းဆင်း မွတ်စလင်အလောင်းများ တွေ့ရှိသည်ဟု ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ထားသည်။
မကြာသေးမီက မင်းပြားမြို့နယ်တွင် မတ် ၁၈ ရက်နေ့ နံနက် တစ်နာရီခွဲခန့်က သာဒါရွာကို လေတပ်က ဗုံး ၂ လုံး ကြဲချခဲ့ရာ ကလေးများအပါအဝင် ၂၂ ဦး သေဆုံးကာ ၂၉ ဦး အပြင်းအထန်ဒဏ်ရာရခဲ့သည်။ အဆိုပါ မွတ်စလင်ရွာကို ဗုံးမချမီ တစ်ရက်အလိုတွင် စစ်တပ်က ဒရုန်းလွှတ်ကာ လှည့်ပတ်ကြည့်ရှုခဲ့ပြီးမှ လူအများအိပ်မောကျနေချိန် ဗုံးချခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
စစ်တပ်ဝါဒဖြန့် အွန်လိုင်းစာမျက်နှာများက သာဒါရွာတိုက်ခိုက်မှုသည် AA ၏ အကြမ်းဖက်လုပ်ရပ်ဟု ဖော်ပြခဲ့ကြပြီး AA ကလည်း စစ်ကောင်စီက လူမျိုးရေးအမုန်းတရားများကို အခြေခံပြီး စစ်ရေးပစ်မှတ်မဟုတ်သော ပြည်သူများကို အစုလိုက်အပြုံလိုက် နေ့စဉ်တိုက်ခိုက်သတ်ဖြတ်နေခြင်းသည် လူသားမျိုးနွယ်အပေါ်နှင့် စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေခြင်းပင်ဖြစ်သည်ဟု ယမန်နေ့ညက ထုတ်ပြန်ထားသည်။
မင်းပြားကို ထိန်းချုပ်သိမ်းပိုက်ထားသည့် AA က သာဒါရွာမှ ဒဏ်ရာရသူများကို ဆေးကုသပေးနေကြောင်း ထုတ်ပြန်ထားသည်။
မြို့ ၉ မြို့ကို သိမ်းထားသော AA သည် လက်ရှိတွင် ဘူးသီးတောင်နှင့် မောင်တောမြို့ရှိ လက်ကျန်စခန်းတချို့ကို ဆက်လက်ထိုးစစ်ဆင်နေပြီး ဘူးသီးတောင်မြို့အတွင်းရှိ စကခ (၁၅) လက်အောက်ခံ ခမရ (၅၅၂) တပ်ရင်းကိုလည်း ဆက်လက်ထိုးစစ်ဆင်နေသည်။
မောင်တောမြို့နယ်အတွင်း လက်ကျန်နယ်ခြားစောင့်စခန်းတချို့ကို သိမ်းပိုက်ရယူရေးအတွက် တိုက်ခိုက်နေပြီး စခန်းစွန့်ပြေးနေသည့် စစ်သားများကို လိုက်လံဖမ်းဆီးလျက်ရှိကြောင်း AA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်တပ်၏ လူမျိုးရေးသွေးထိုးလှုံ့ဆော်မှုများကြောင့် ရခိုင်ဒေသတွင် ၂၀၁၂ ခုနှစ်၌ လူမျိုးရေးပြဿနာများ ဖြစ်ပွားခဲ့ပြီး ၂၀၁၇ ခုနှစ်တွင်လည်း စစ်တပ်၏ နယ်မြေရှင်းလင်းမှုကြောင့် ရခိုင်မြောက်ပိုင်းမှ နေအိမ် ထောင်နှင့်ချီ မီးလောင်ခဲ့ပြီး ရိုဟင်ဂျာသိန်းချီ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရသည်။
ပဋိပက္ခဖန်တီးခြင်းသည် စစ်တပ်၏ ထွက်ပေါက်ရှာနည်းဖြစ်သည်ဟု ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ဝေဖန်သည်။
“စစ်ကောင်စီက နိုင်ငံရေး စစ်ရေး အကျပ်အတည်းက ထွက်ပေါက်ရှာဖို့အတွက် တစ်နိုင်ငံလုံး စစ်မျက်နှာတိုင်းမှာ ရှုံးနိမ့်နေတယ်။ နိုင်ငံတကာ၊ ပြည်တွင်းမှာ ကျရှုံးနေတာကို ထွက်ပေါက်ရှာဖို့အတွက် လူမျိုးရေးပဋိပက္ခတစ်ခုကို ဖန်တီးချင်ပုံရပါတယ်” ဟု သူက ဆိုသည်။
“ရခိုင်ပြည်မှာ မွတ်စလင်နဲ့ ရခိုင် ပြဿနာဖြစ်လာမယ်ဆိုရင် နိုင်ငံတကာကလည်း ဒီအပေါ်မှာ အာရုံရောက်လာမယ်။ ပြီးတော့ လူအုပ်စုနှစ်ခုကြားမှာလည်း ပဋိပက္ခဖြစ်မယ်။ အဲဒီမှာ သူတို့က ကြားကနေပြီး နိုင်ငံရေးအမြတ်ထုတ်မယ်၊ စစ်ရေး အမြတ်ထုတ်မယ်။ အဲလိုရည်ရွယ်ပြီးတော့ AA ရဲ့ အောင်မြင်မှုတွေကို ချိုးနှိမ်ဖို့အတွက် လမ်းကြောင်းလွှဲပေးတာလို့ မြင်ရတယ်”
လူထုထောက်ခံမှု အားကောင်းသော AA ကို ဆန္ဒပြခြင်း၊ AA ကို တိုက်ရန် ပြည်သူ့စစ်ဖွဲ့စည်းရာတွင် ပါဝင်ခြင်းတို့သည် လူမျိုးရေးပဋိပက္ခ ဖြစ်သွားနိုင်သဖြင့် ရပ်ရွာလူကြီးများက ထိန်းသိမ်းပေးသင့်သည်ဟု သူက ဆက်ပြောသည်။