
ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်းကို ကန့်ကွက်မှု နောက်ဆက်တွဲ ပဋိပက္ခတွင် အထိန်းသိမ်းခံနေရသော မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာမှ ဒေသခံများထဲမှ အသက်၃၀ကျော်အရွယ် ကိုထွန်းမြင့်ဝင်းသည် အိုးဘိုထောင်တွင် ယနေ့ သေဆုံးသွားသည်ဟု မိသားစုဝင်များထံမှ သိရသည်။
ထိန်းသိမ်းခံရအပြီး ၃ရက်မြောက်နေ့တွင် သေဆုံးသွားခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။
ကိုထွန်းမြင့်ဝင်းသည် ကုမ္ပဏီဝင်းအတွင်း လက်သမားလုပ်သူဖြစ်ပြီး အောင်သပြေကျေးရွာနှင့် ကုမ္ပဏီအကြား ဖြစ်ပွားခဲ့သည့် ပြဿနာများတွင် မပါဝင်ဘဲ ဇွန်လ၂ရက်နေ့က ထိန်းသိမ်းခံရခြင်းဖြစ်ကြောင်း အောင်သပြေရွာ ဒေသခံတစ်ဦးဖြစ်သူ ဦးရွှေအုန်းက ပြောသည်။
“အဲဒီနေ့က အခြားဆိုက်တစ်ခုကို လက်သမားသွားလုပ်ရင်း ရွာလယ်လမ်းမှ ရဲက ဖမ်းသွားတာပါ၊ သူက ကုမ္ပဏီဆိုက်ထဲမှာ အလုပ်လုပ်ခဲ့တာ၊ ရွာနဲ့ကုမ္ပဏီ ဖြစ်စဉ်အပြီး မလုပ်တော့ဘဲနေတာ” ဟု ၎င်းက ပြောသည်။
ဤဖြစ်ရပ်နှင့် ပတ်သက်၍ အကျဉ်းဦးစီးဌာန၏ မှတ်ချက် ရရှိရန် ကြိုးပမ်းသော်လည်း ပြောရေးဆိုခွင့်ရှိသူနှင့် အဆက်အသွယ် မရသေးပေ။
သေဆုံးရသည့် အကြောင်းရင်းကို တိတိကျကျ မသိရသေးကြောင်း ပုသိမ်ကြီးမြို့မ ရဲစခန်းမှ အမှုစစ်ရဲအရာရှိ ဇော်မင်းဦးက ပြောသည်။
“ပုဒ်မ ၄၃၆/၄၄၀ မီးရှို့မှုနဲ့ ဖမ်းတာပါ၊ သူ (ကိုထွန်းမြင့်ဝင်း) ပါဝင်တယ် ဆိုတာ ဘယ်လို စစ်ဆေးပေါ်ပေါက်သလဲ၊ ဘာသက်သေရှိလဲက ကျွန်တော်တို့က ပြောခွင့်မရှိပါဘူး၊ တရားရုံးတော်ကို သက်သေ တင်ပေးမှာပါ၊ အခုသေတာက … သူက အတက်ရောဂါရှိတယ်လို့ သိရတယ်၊ အရက်ကြိုက်တတ်တယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။
အောင်သပြေရွာရှိ ဦးရွှေအုန်းက သေဆုံးသူ ကိုထွန်းမြင့်ဝင်းသည် ကုမ္ပဏီက လမ်းဖောက်ရာတွင် လမ်းမပေးခဲ့ဘဲ ကန့်ကွက်သဖြင့် လမ်းတံတားဥပဒေဖြင့် အမှုဖွင့်ခံထားရသော အသက် ၇၀ ကျော် အဘွားဒေါ်အေး၏ သားဖြစ်ကြောင်း၊ အထိန်းသိမ်းမခံရမီက ရောဂါမှမရှိဘဲ ကျန်းကျန်းမာမာဖြင့် လုပ်ကိုင်စားသောက် နေသူဖြစ်ကြောင်း ပြောသည်။
“အခု မိသားစုကို သူတို့ဘက်က အကြောင်းကြားတာက အရက်ကြောင်ကြောင်တာတဲ့၊ အရက်ကလည်း အရမ်းသောက်သူ မဟုတ်ပါဘူး၊ ကြောင်စရာလည်း အကြောင်းမရှိပါဘူး” ဟု ၎င်းက ဆက်ပြောသည်။
ရဲတပ်ဖွဲ့က ဒေသခံတို့ကို တိကျခိုင်လုံသော အထောက်အထား မရှိဘဲ မသက်ဆိုင်သည့် ပုဒ်မများ တပ်၍ ဖမ်းဆီး အမှုဖွင့်နေသဖြင့် တစ်ရွာလုံး စိုးရိမ်နေကြကြောင်း ၎င်းက ဆိုသည်။
- အယ်လ်ဖာ ဘိလပ်မြေစက်ရုံ ဆူပူမှုတွင်ပါ၍ ဟုဆိုကာ ၉ တန်းကျောင်းသားကိုဖမ်း
- ဘိလပ်မြေစက်ရုံကို ကန့်ကွက်နေသော အောင်သပြေရွာကို အရပ်ဝတ် ၃၀ ခန့် ဝင်စီး
သေဆုံးသူ၏ အစ်ကိုတော်စပ်သူ ဦးဇင်း ဦးဝိမလက “အခုအိုးဘိုထောင်ရှေ့ကိုတော့ ရောက်နေပါပြီ၊ ဘာနဲ့ ဘယ်လို သေဆုံးလဲ အခု မေးနေတာပါ၊ စခန်းမှာ သေတာလား၊ ထောင်မှာသေတာလားကို မသိရသေးပါဘူး၊ ဖမ်းတုန်းကလည်း ဘာအပြစ်မှမရှိဘဲ ဖမ်းသွားတာ၊ စစ်ဆေးပြီး ပြန်လွှတ်မယ်ဆိုပြီး နေလိုက်တာ၊ ဒီနေ့ကျ ဆုံးတယ်လို့ အကြောင်းကြားလာတာ” ဟု မိန့်သည်။
အောင်သပြေကျေးရွာမှ ရွာသူရွာသားများသည် ၎င်းတို့ ကျေးရွာနှင့်ကပ်လျက် လာရောက် အကောင်အထည်ဖော်နေသည့် မြင့်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ၏ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံကို အစဉ်တစိုက် ကန့်ကွက်လာခြင်းဖြစ်သည်။
စက်ရုံ၏ ယာဉ်၊ ယန္တရားများ အသွားအလာပြုလုပ်နေသည့် လမ်းကို ပိတ်ဆို့တားဆီးခဲ့ကြရာမှ ရဲတပ်ဖွဲ့က ရာဘာကျည်များဖြင့် ပစ်ခတ်ဖြိုခွဲခဲ့ပြီး ရုန်းရင်းဆန်ခတ်ဖြစ်ကာ တောင်သူနှစ်ဦးနှင့် သတင်းထောက်တစ်ဦး ဖမ်းဆီးခံခဲ့ရသည်။
ယင်းကြောင့် ရွာသားတချို့က ကုမ္ပဏီခြံဝင်းအတွင်းမှ ကားနှစ်စီးနှင့် အဆောက်အအုံတချို့ကို မီးရှို့ခဲ့ပြီး၊ မော်တော်ယာဉ်မှန်များကိုလည်း ဖျက်ဆီးခဲ့သည်။
အဆိုပါ ရုန်းရင်းဆန်ခတ်မှုကြောင့် ရွာထိပ်တွင် ရဲတပ်ဖွဲ့က လုံခြုံရေးအင်အား အများအပြား ချထားကာ ရာအိမ်မှူးအပါအဝင် သုံးဦးကို ဆွေးနွေးမည်ဟု ခေါ်ယူပြီး ထပ်မံဖမ်းဆီးခဲ့သည်။ ရွာသူရွာသားအနည်းဆုံး ၉ဦးခန့်ကို ပုဒ်မ ၅၀၅(ခ) အပါအဝင် ပုဒ်မအများအပြားဖြင့် အမှုဖွင့်ထားသည်။