သတင်း

မိခင်အရင်းက သေဆုံးသူမကရင်မကို သူခိုးဟု စွပ်စွဲ၊ အမှုရုပ်ပေးရန် တရားခွင်တွင် လျှောက်ထား

တပ်မတော်အရာရှိ ဦးသန့်ဇော်ဦး၏ ဇနီးဖြစ်သူ မသိင်္ဂီစုက နှိပ်စက်သဖြင့် အိမ်အကူ သေဆုံးသည်ဆိုကာ တရားစွဲဆိုထားမှုကို ပြန်ရုပ်သိမ်းခွင့်ပြုပါရန် အိမ်အကူ၏ မိခင်ဖြစ်သူ ဒေါ်လှလှဝင်းက တောင်ပိုင်းခရိုင်တရားရုံးတွင် ယနေ့ လျှောက်ထားလိုက်သည်။

ဒေါ်လှလှဝင်းက ၎င်း၏ သမီးသည် ခိုးတတ်သူ တစ်ဦးဖြစ်ကြောင်း၊ ၎င်း၏ သမီးကို ဒေါ်သိဂီၤစုက နှိပ်စက်သည်ဆိုခြင်းမှာ မတရားစွပ်စွဲချက်ဖြစ်ကြောင်း ဒေါ်သိင်္ဂီစုက သူ့သမီးကို နှိပ်စက်သည်ဆိုခြင်းကို မယုံကြည်ကြောင်းနှင့် ဒေါ်သိင်္ဂီစုကို လေးစားကြောင်းလည်း ယနေ့ ရုံးချိန်းတွင် တောင်ပိုင်းခရိုင်တရားရုံး၌ ထွက်ဆိုခဲ့သည်။

ဤအမှုတွင် ရုပ်သိမ်းရန် လျှောက်ထားသူသည် တရားလို မဟုတ်ကြောင်း အမှုမှန် ပေါ်ပေါက်ရေး ကြိုးပမ်းသူများသည် သေဆုံးသူ၏ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများသာဖြစ်ပြီး ဒေါ်လှလှဝင်း မဟုတ်ခဲ့ကြောင်း ဒေါ်ခင်သန္တာဦး (ခ) မကရင်မ သေဆုံးမှုကို ဥပဒေအရ ကူညီရန် ပြည်ထောင်စု ဥပဒေအထောက်အကူပြုအဖွဲ့က တာဝန်ပေးအပ်ခံရသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်က ပြောဆိုထားသည်။

“ဒီအမှုကို တိုင်တာကလည်းပဲ (သေသူရဲ့အမေ) ဒေါ်လှလှဝင်း မဟုတ်ခဲ့ဘူး။ တရားရုံးက သမ္မန်စာ ပို့တော့မှ သက်သေအဖြစ်နဲ့ ထွက်ဆိုရအောင်ဆိုပြီး ရောက်လာတာ။ ကျွန်မတို့ကို ကိုယ်တိုင်လာပြီး အပ်နှံတာ မဟုတ်ဘူး။ နစ်နာသူ တစ်ယောက်အနေနဲ့လည်း မအပ်နှံဘူး။ သေဆုံးသူရဲ့ မိခင်တစ်ယောက်အနေနဲ့လည်း မအပ်နှံဘူး” ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်က ပြောသည်။

အမှု ရုပ်သိမ်းရသည့် အကြောင်းရင်းကို မီဒီယာများက မေးမြန်းရာတွင် ဖြေကြားရန် ငြင်းဆန်ပြီး ၎င်းသည် မည်သည့်ဘက်ကမျှ ငွေကြေး တစ်စုံတစ်ရာ မရရှိထားကြောင်း ပြောဆိုသည်။

တောင်ပိုင်းခရိုင်တရားရုံး၌ စစ်ဆေးရာတွင် သေဆုံးသူ၏ မိခင် ဒေါ်လှလှဝင်းကို အမှု၌ တရားလိုပြသက်သေအဖြစ် စစ်ဆေးဖူးပြီး ယခု စွပ်စွဲခံရသူ ဒေါ်သိင်္ဂီစုတို့ဘက်မှ ပြန်ခေါ်သက်သေအဖြစ် စစ်ဆေးချိန်တွင် ယခင်ထွက်ဆိုမှုနှင့် ကွဲပြားမှုများရှိနေသည်။

ဒေါ်လှလှဝင်းသည် ပထမအကြိမ် တရားလိုပြသက်သေအဖြစ် စစ်ဆေးရာ၌ ၎င်း၏ သမီး မည်သူ့အိမ်၌ အိမ်အကူလုပ်ကိုင်သည်ကို မသိရှိကြောင်း၊ မကရင်မ သေဆုံးခါနီး အခြေအနေတွင် တွံတေးမြို့ရှိ ခတ္တိယ ကျေးရွာ နေအိမ်သို့ ပြန်ပို့ပေးသူများမှာလည်း မည်သူမှန်း မသိရှိကြောင်း ထွက်ဆိုထားရာမှ ယနေ့ ဒေါ်သိင်္ဂီစု၏ ရှေ့နေဘက်မှ ပြန်ခေါ် သက်သေအဖြစ် စစ်ဆေးချိန်တွင် ၎င်းသမီးအလုပ်လုပ်ကိုင်သည့် အိမ်၊ အလုပ်ရှင်နှင့် ရင်းနှီးကျွမ်းဝင်မှု အလုံးစုံကို ခရေစေ့တွင်းကျ သိရှိနေကြောင်း ရှင်းပြ ထွက်ဆိုခဲ့သည်။

ထိုသို့ ကွဲလွဲနေရခြင်း ပထမ အကြိမ်ဖြေကြားစဉ်က ၎င်းမှာ ကြောက်ရွံ့နေသဖြင့် အမှန်အတိုင်း မထွက်ဆိုနိုင်ခဲ့ကြောင်း ယနေ့ ထွက်ဆိုချက်များသည်သာ အမှန်အတိုင်း ဖြစ်ကြောင်း တရားခွင်၌ ပြောကြားသည်။

ထို့ပြင် တရားခွင်၌ စွပ်စွဲခံရသူဘက်မှ ရှေ့နေက မေးမြန်းခြင်း မရှိပါဘဲ သူ၏ သမီးမှာ ခိုးတတ်သူ တစ်ဦး ဖြစ်သည်ကို သူအသိဆုံးဖြစ်ကြောင်း သူကိုယ်တိုင်၏ သဘောဆန္ဒဖြင့် ဖြေကြားသည်ကို တွေ့ခဲ့ရသည်။

စွပ်စွဲခံရသူ ဒေါ်သိင်္ဂီစု၏ ရှေ့နေက သမီးဖြစ်သူ၏ အကြွေးများနှင့် ငွေကြေးအရှုပ်အရှင်းများအကြောင်း မေးမြန်းသည်ကိုလည်း မှန်ကန်ကြောင်း ထွက်ဆိုသည်။ များသောအားဖြင့် ဒေါ်သိင်္ဂီစု ရှေ့နေ၏ မေးခွန်းအားလုံးနီးပါးကို မှန်ကန်ကြောင်းသာ ထွက်ဆိုသည်ကို တွေ့ရသည်။

ထိုထဲမှာ မကရင်မက ဒေါ်သိင်္ဂီစု၏ ဆွဲကြိုးခိုးသဖြင့် ရပ်ကွက်လူကြီးများဖြင့် ခေါ်ယူမေးမြန်းသည့် ဖြစ်စဉ်တွင် မကရင်မသည် ဒေါ်သိင်္ဂီစုအပေါ် ကျေနပ်ခြင်း မရှိဟု ရှေ့နေက မေးမြန်းသည်ကိုလည်း မကရင်မ၏ မိခင်ဒေါ်လှလှဝင်းက ဟုတ်မှန်ကြောင်း ဖြေဆိုသည်။

မကရင်မသည် ကျန်းမာရေးကောင်းမွန်သူ မဟုတ်ဘဲ လိပ်ခေါင်းရောဂါ၊ ရေဖျဉ်းရောဂါ၊ အစာအိမ်ရောဂါများ ရှိသူ ဖြစ်ကြောင်း စွပ်စွဲခံရသူ၏ ရှေ့နေက မေးမြန်းသည်ကို ဟုတ်မှန်ကြောင်း ဖြေကြားသည်။ မကရင်မ မသေဆုံးမီက ပင် သူ့အား သူ့သမီးက အထက်ပါရောဂါများ ပြန်ဖြစ်နေပြီဟု ပြောကြားထားကြောင်းလည်း ဆိုသည်။

 

ထို့ပြင် ဒေါ်သိင်္ဂီစုတို့ဘက်မှ မကရင်၏ ဒဏ်ရာများတွင် လေအေးပေးစက်မရင်း လှေကားပေါ်မှ ပြုတ်ကျသည့် ဒဏ်ရာများ ဖြစ်သည်ဟု ချေပထားရာ ယင်းအချက်မှာလည်း ဟုတ်မှန်ကြောင်း၊ မကရင်မ၏ မိခင်က ထွက်ဆိုသည်။

လာမည့် မေလ ၁၁ ရက် ရုံးချိန်းတွင် မကရင်မ၏ မိခင် ဒေါ်လှလှဝင်း၏ အမှုရုပ်သိမ်းလွှာအပေါ် တရားရုံးက အမိန့် ချမှတ်မည် ဖြစ်ပြီး ဒေါ်သိင်္ဂီစုကို ဆက်လက်စစ်ဆေးမည် ဖြစ်ကြောင်း တရားရုံးမှ သိရသည်။

“ကျွန်မ တကယ် လုပ်တယ်ဆို အချိန်မဆွဲဘဲ ဝန်ခံမှာပါ။ ကျွန်မ မလုပ်တဲ့အတွက် ကျွန်မမှာ အပြစ် မရှိပါဘူး” ဟု မသိင်္ဂီစုက တရားခွင်၌ ပြောကြားသည်။

မကရင်မ သေဆုံးမှုနှင့် ပတ်သက်၍ သံသယရှိသူ ဒေါ်သိင်္ဂီစုကို လူသတ်မှု ပုဒ်မ ၃၀၂(၂) ဖြင့် တောင်ပိုင်းခရိုင်တရားရုံး၌ စွဲချက်တင်ထားခြင်းဖြစ်ပြီး ယင်းပုဒ်မသည် အမြင့်ဆုံး ထောင်ဒဏ် တစ်သက်တစ်ကျွန်းဖြစ်စေ၊ ဆယ်နှစ်ထိ အလုပ်ကြမ်းနှင့် ထောင်ဒဏ်ဖြစ်စေ ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ရာဇသတ်ကြီးဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ရန်ကုန်တိုင်း လှည်းကူးမြို့နယ် အင်းတိုင်သံချပ် ကာတပ်ရင်း၊ အရာရှိရိပ်သာရှိ ဒေါ်သိင်္ဂီစု၏ နေအိမ်တွင် အိမ်အကူလုပ်ကိုင်သော အသက် ၃၈ နှစ်အရွယ် မကရင်မ(ခ)မခင်သန္တာဦးကို ရေဖျဉ်းဆွဲပြီး လိပ်ခေါင်းရောဂါရှိ၍ဆိုကာ အိမ်ရှင် ဒေါ်သိင်္ဂီစုကိုယ်တိုင် နေအိမ်သို့ ပြန်ပို့ခြင်းဖြစ်ကြောင်း တရားလိုဖြစ်သူ ရာအိမ်မှူးက တရားရုံး၌ ထွက်ဆိုထား သည်။

၂၀၁၈ ခုနစ် မေလ ၁၉ ရက်က တွံတေးမြို့နယ် ခတ္ထိယကျေးရွာအုပ်စု၊ အုပ္ဖိုလ်ကျေးရွာရှိ မကရင်မ၏ နေအိမ်သို့ ၎င်း၏ ပိုလျှံလစာ ကျပ် ၁၈၀,၀၀၀ နှင့်အတူ ပြန်ပို့ပြီးနောက် ၁ နာရီခန့် အကြာတွင် မကရင်မ သေဆုံးခြင်းဖြစ်ကြောင်း ရာအိမ်မှူးက ထွက်ဆိုထားသည်။

မကရင်မ မသေဆုံးမီ ဆေးရုံပို့ပေးရန် တောင်းဆိုပြီး အိမ်ရှင် အမျိုးသမီးက ၎င်းကို ဆွဲကြိုးခိုး သည်ဆိုကာ နှိပ်စက်သည်ဟု ပြောကြားကြောင်း တရားလို ရာအိမ်မှူးက ထွက်ဆိုထားသည်။ မကရင်မ သည် လွန်ခဲ့သော လေးနှစ်က ခင်ပွန်းသေဆုံးပြီးနောက် စီးပွား ရေးမပြေလည်သဖြင့် အိမ်အကူ လုပ်ကိုင်ပြီး သေဆုံးခဲ့ရာ ဆယ်ကျော်သက်အရွယ် သား တစ်ဦး၊ သမီးသုံးဦး ကျန်ရစ်ခဲ့ သည်။

ဒေါ်သိဂီၤစုသည် ပဲခူးခရိုင်၊ ဥပဒေအရာရှိ၊ အဆင့် (၄) ဒုဦးစီးမှူး ဖြစ်ပြီး မဟာဥပဒေဘွဲ့ရရှိထားသူဖြစ်ကြောင်း တရားရုံးတွင် စစ်ဆေးမေးမြန်းချက်များအရ သိရသည်။ ဒေါ်သိင်္ဂီစု၏ ခင်ပွန်း ဦးသန့်ဇော်ဦးမှာ တပ်မတော်တွင် ဗိုလ်မှူးအဆင့် ရှိသူ ဖြစ်ပြီး လားရှိုးရှိ သံချပ်ကာ တပ်ရင်း၌ တာဝန်ထမ်းဆောင်နေသူ ဖြစ်ကြောင်းလည်း တရားရုံး၌ စစ်ဆေးချက်အရ သိရသည်။

Show More

Related Articles

Back to top button