သတင်း

မကရင်မ မိသားစုကို အစိုးရ စောင့်ရှောက်မည်

(ရန်ကုန်) – တပ်မတော်အရာရှိတစ်ဦး၏ နေအိမ်တွင် အိမ်အကူလုပ်ရင်း နှိပ်စက်ခံရသဖြင့် သေဆုံးခဲ့ရသည့် အိမ်အကူအမျိုးသမီး၏ အရွယ်မရောက်သေးသည့် သားသမီးလေးဦးကို လူမှုဝန်ထမ်းဦးစီးဌာနက ခေါ်ယူစောင့်ရှောက် ပေးရန် အသင့်ပြင်ဆင်ထားကြောင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက ပြောသည်။

ရန်ကုန်တိုင်း လှည်းကူးမြို့နယ် အင်းတိုင်သံချပ်ကာတပ်ရင်း အရာရှိရိပ်သာနေ ဗိုလ်မှူးတစ်ဦးနှင့် ဇနီးတို့ နေထိုင်သည့် အိမ်တွင် အိမ်အကူသွားလုပ်ခဲ့သည့် တွံတေးမြို့နယ် ခတ္တိယကျေးရွာအုပ်စု၊ အုပ္ဖိုလ်ကျေးရွာသူ အသက် ၃၈ နှစ်အရွယ် မကရင်မ ခေါ် မခင်သန္တာဦးကို အိမ်ရှင်က စုတ်ပြဲ၊ အညိုအမည်းစွဲဒဏ်ရာများဖြင့် မေလအတွင်းက ရွာသို့ ပြန်လာပို့ပေးသွားပြီးနောက် နာရီပိုင်းအတွင်း သေဆုံးခဲ့သည်။

၎င်းအား ဆွဲကြိုးခိုးသည်ဟု စွပ်စွဲကာ အသက် ၃၁ နှစ်ရှိ အိမ်ရှင် မသိင်္ဂီစုက ကျောက်ပျဉ်နှင့်ထုနှက်၊ ခြေထောက်နှင့်ကန်ကြောင်း၊ အစားအစာမကျွေးဘဲ နှိပ်စက်ကြောင်း အိမ်နီးချင်းတစ်ဦးကို ပြန်ပြောနေရင်း အိမ်ပြန်ရောက်ပြီး နာရီဝက်ကျော်အကြာတွင် သေဆုံးခဲ့သည်။ အလောင်းကို စစ်ဆေးသည့် ဆရာဝန်က မကရင်မသည် ပြင်ပမှ တုံးသောအရာနှင့် ထိခိုက်သဖြင့် အူပေါက်သည့် ဒဏ်ရာဖြင့် သေဆုံးသည်ဟု ကောက်ချက်ချခဲ့သည်။ အိမ်ရှင် မသိင်္ဂီစုကို ခလောက်ချိုက်ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၂ လူသတ်မှုဖြင့် အမှုဖွင့်ကာ ဖမ်းဆီးထားပြီး တရားစွဲဆိုထားသည်။

မကရင်မသည် မုဆိုးမတစ်ဦးဖြစ်ပြီး ၎င်းတွင် အရွယ်မရောက်သေးသည့် သားသမီးလေးဦး ကျန်ရစ်ခဲ့သည်။ ဌာနက အမှန်တကယ် စောင့်ရှောက်ရန် လိုအပ်သည့် အခြေအနေအမှန် ဖြစ်ကြောင်း သိရှိခဲ့ရသဖြင့် ထိုကလေးငယ်များကို စောင့်ရှောက်ရန် ပြင်ဆင်ထားသည်ဟု ဒေါက်တာစန်းစန်းအေးက ပြောသည်။

“ကျွန်မတို့ သွားတွေ့တော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ကျွန်မတို့ဆီ (ကလေးတွေကို) အပ်ဖို့ စာတင်ခိုင်းထားတယ်။ စောင့်ရှောက်ဖို့ အမှန်တကယ်လိုအပ်တယ်ဆိုပေမယ့် ကျွန်မတို့က ဇွတ်အတင်းခေါ်လို့တော့ မရဘူးပေါ့။ ရပ်ရွာက ခွင့်ပြုမှလည်း ကျွန်မတို့ ခေါ်လို့ရမှာပေါ့။ သူတို့ဆီက စာရတာနဲ့ ကျွန်မတို့က ကလေးတွေကို သွားခေါ်မယ်” ဟု လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်နော်သဝါးက ဆိုသည်။

ကလေးငယ်များအား အတန်းပညာသော်လည်းကောင်း၊ အသက်မွေးဝမ်းကျောင်းပညာသော်လည်းကောင်း ဆက်လက်သင်ယူစေမည်ဟု ၎င်းက ဆက်ဆိုသည်။

မကရင်မသည် ခင်ပွန်းကွယ်လွန်ပြီးနောက် ရန်ကုန်တွင် အလုပ်သွားလုပ်မည်ဟုဆိုပြီး လွန်ခဲ့သော ခြောက်လကျော်က ကျေးရွာမှ ထွက်သွားပြီးနောက် လှည်းကူးမြို့နယ်၊ အင်းတိုင်သံချပ်ကာတပ်ရင်း အရာရှိရိပ်သာမှ ဗိုလ်မှူးတစ်ဦး၏နေအိမ်တွင် အိမ်အကူအလုပ်ကို လုပ်ကိုင်ခဲ့ရာ မေလ ၁၉ ရက်တွင် အိမ်ရှင် မသိင်္ဂီစုကိုယ်တိုင် ၎င်းကို ရေဖျဉ်းဆွဲပြီး လိပ်ခေါင်းရောဂါရှိ၍ဟုဆိုကာ အုပ္ဖိုလ်ကျေးရွာရှိ နေအိမ်သို့ လာရောက်ပြန်ပို့ပြီး ပြန်သွားခဲ့သည်။ စစ်ဆေးသည့် ဆရာဝန်ကမူ လိပ်ခေါင်းရောဂါလက္ခဏာများ တွေ့ရသော်လည်း ရေဖျဉ်းစွဲသည့်လက္ခဏာများ မတွေ့ရဟု ဆိုသည်။

မသိင်္ဂီစုကို ဇွန် ၁၄ ရက်နေ့တွင် ရန်ကုန်တောင်ပိုင်းခရိုင်တရားရုံးတွင် ရုံးထုတ် စစ်ဆေးမည်ဟု တွံတေးမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဇင်ဦးက ပြောသည်။

အဆိုပါအမှုအတွက် မိမိတို့အဖွဲ့မှရှေ့နေများဖြင့် ဥပဒေအကြံပေးမှုများ ပြုလုပ်သွားမည်ဟု ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့က ဇွန်လ ၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

Show More

Related Articles

Back to top button