သတင်း

လှည်းကူး တပ်အရာရှိအိမ်မှ အိမ်အကူသေဆုံးမှု အမှုရုပ်သိမ်းရေး တရားစွဲအဖွဲ့အစည်း ကန့်ကွက်

တပ်မတော်အရာရှိ တစ်ဦး၏အိမ်တွင် အိမ်အကူသွားရောက်လုပ်ကိုင်ရာမှ ဒဏ်ရာများနှင့်အတူ အိမ်ပြန်ပို့ခံခဲ့ရပြီး နာရီပိုင်းအတွင်း သေဆုံးသွားခဲ့သည့် သက်လတ်ပိုင်း အမျိုးသမီးတစ်ဦး၏အမှုတွင် ထိုအမျိုးသမီး၏ မိခင်က အမှုရုပ်သိမ်းရန် ကြိုးပမ်းခြင်းနှင့်ပတ်သက်၍ တရားစွဲအဖွဲ့အစည်းက ယနေ့ ရန်ကုန်တောင်ပိုင်းခရိုင်တရားရုံး၌ ကန့်ကွက်ခဲ့သည်။

တွံတေးမြို့နယ် ခတ္တိယကျေးရွာအုပ်စုနေ ဒေါ်ခင်သန္တာဦး (ခေါ်) မကရင်မကို သေလောက်အောင် ညှဉ်းပန်းနှိပ်စက်သူအဖြစ် စွပ်စွဲခံထားရသည့် ၎င်း၏အလုပ်ရှင် လှည်းကူးမြို့နယ် အင်းတိုင်သံချပ်ကာတပ်ရင်း အရာရှိ ရိပ်သာနေ ဒေါ်သိင်္ဂီစုသည် ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၂) ဖြင့် ပြီးခဲ့သည့်နှစ် မေလကတည်းက ရုံးထုတ် စစ်ဆေးခံနေရခြင်းဖြစ်ပြီး သေသူ၏ မိခင်က တစ်နှစ် အကြာတွင် အမှုရုပ်သိမ်းရန် လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ဤအမှုတွင် သေသူ၏မိခင် ဒေါ်လှလှဝင်းသည် သမီးဖြစ်သူ သေဆုံးမှုအတွက် တရားလိုပြသက်သေအဖြစ် ရန်ကုန်တောင်ပိုင်းခရိုင်တရားရုံးသို့ လာရောက်ထွက်ဆိုပေးခဲ့သော်လည်း စွပ်စွဲခံရသူ အရာရှိကတော်၏ တောင်းဆိုချက်အရ ပြန်ခေါ်သက်သေအဖြစ် စစ်ဆေးခံရမည့် အချိန်တွင်မှ အမှု ရုပ်သိမ်းလိုကြောင်း လျှောက်ထားလာခြင်း ဖြစ်သည်။ ယနေ့ရုံးချိန်း၌ အမိန့်ချမှတ်ရန် ဖြစ်သော်လည်း လျှောက်ထားသူ ရောက်မလာခဲ့ပေ။

ဤဖြစ်စဉ်သည် ဟာသသရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုတွင် ကာယကံရှင်မိသားစုဘက်က အမှုရုပ်သိမ်းရန် ကြိုးပမ်းမှုနှင့် ဆင်တူသော်လည်း ဤအမှုတွင် ရုပ်သိမ်းရန် လျှောက်ထားသူသည် တရားလို မဟုတ်ကြောင်း ကန့်ကွက်ခဲ့သည့် တရားလို ရှေ့နေ ဒေါ်စန်းစန်းမြင့်က ပြောသည်။

“ဒီအမှုကို တိုင်တာကလည်းပဲ (သေသူရဲ့အမေ) ဒေါ်လှလှဝင်း မဟုတ်ခဲ့ဘူး။ တရားရုံးက သမ္မန်စာ ပို့တော့မှ သက်သေအဖြစ်နဲ့ ထွက်ဆိုရအောင်ဆိုပြီး ရောက်လာတာ။ ကျွန်မတို့ကို ကိုယ်တိုင်လာပြီး အပ်နှံတာ မဟုတ်ဘူး။ နစ်နာသူ တစ်ယောက်အနေနဲ့လည်း မအပ်နှံဘူး။ သေဆုံးသူရဲ့ မိခင်တစ်ယောက်အနေနဲ့လည်း မအပ်နှံဘူး” ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်က ပြောသည်။

အမှုမှန် ပေါ်ပေါက်ရေး ကြိုးပမ်းသူများသည် သေဆုံးသူ၏ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများသာဖြစ်ပြီး ဒေါ်လှလှဝင်း မဟုတ်ခဲ့ကြောင်း ဒေါ်ခင်သန္တာဦး (ခ) မကရင်မ သေဆုံးမှုကို ဥပဒေအရ ကူညီရန် ပြည်ထောင်စု ဥပဒေအထောက်အကူပြုအဖွဲ့က တာဝန်ပေးအပ်ခံရသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်က ဆိုသည်။

အမှုရုပ်သိမ်းရန် လျှောက်ထားလွှာအပေါ် အမိန့်ချရမည့်ယနေ့တွင် ဒေါ်လှလှဝင်းသည် ခရီးလွန်၍ဆိုကာ မရောက်လာသဖြင့် အမှုရုပ်သိမ်းလိုရသည့်အကြောင်းရင်းကို မသိရှိရပေ။ ယနေ့ ရုံးချိန်းတွင် စွပ်စွဲခံရသူ အရာရှိကတော်က ပြန်ခေါ်သက်သေ နှစ်ဦး ထပ်မံ စစ်ဆေးလိုကြောင်း တောင်းဆိုသည့်အပေါ် နှစ်ဖက်ရှေ့နေများ အပြန်အလှန်လျှောက်လဲချက် ပေးသည်။

မခင်သန္တာဦး (ခေါ်) ကရင်မ သေဆုံးမှုနှင့် ပတ်သက်၍ စွပ်စွဲခံရသူ ဒေါ်သိင်္ဂီစုကို လူသတ်မှု ရာဇသတ်ကြီးပုဒ်မ ၃၀၂(၂) ဖြင့် တောင်ပိုင်းခရိုင်တရားရုံး၌ ၂၀၁၈ ခုနှစ် မေလ ၁၉ ရက်တွင် တရားစွဲတင်ခဲ့သည်။ ယင်းပုဒ်မသည် အမြင့်ဆုံး ထောင်ဒဏ် တစ်သက်တစ်ကျွန်းဖြစ်စေ၊ ဆယ်နှစ်ထိ အလုပ်ကြမ်းနှင့် ထောင်ဒဏ်ဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

အသက် ၃၁ နှစ်အရွယ် ဒေါ်သိင်္ဂီစုသည် ပဲခူးခရိုင်၊ ဥပဒေအရာရှိ၊ အဆင့် (၄) ဒုဦးစီးမှူး ဖြစ်ပြီး မဟာဥပဒေဘွဲ့ ရရှိထားသူဖြစ်ကြောင်း၊ ၎င်း၏ခင်ပွန်းမှာ တပ်မတော်တွင် ဗိုလ်မှူးအဆင့် ရှိသူ ဖြစ်ပြီး လားရှိုး သံချပ်ကာတပ်ရင်း၌ တာဝန်ထမ်းဆောင်နေသူ ဖြစ်ကြောင်းလည်း တရားရုံး၌ စစ်ဆေးချက်အရ သိရသည်။

ရန်ကုန်တိုင်း လှည်းကူးမြို့နယ် အင်းတိုင်သံချပ်ကာတပ်ရင်း၊ အရာရှိရိပ်သာရှိ ဒေါ်သိင်္ဂီစု၏ နေအိမ်တွင် အိမ်အကူ လုပ်ကိုင်နေသော အသက် ၃၈ နှစ်အရွယ် ဒေါ်ခင်သန္တာဦး (ခေါ်) ကရင်မ ကို ရေဖျဉ်းစွဲပြီး လိပ်ခေါင်းရောဂါရှိ၍ဆိုကာ အလုပ်ရှင် ဒေါ်သိင်္ဂီစုကိုယ်တိုင် နေအိမ်သို့ ပြန်ပို့ခြင်းဖြစ်ကြောင်း တရားလိုအဖြစ် အမှုဖွင့်ခဲ့သည့် ဒေါ်ခင်သန္တာဦး၏ ကျေးရွာရာအိမ်မှူးက တရားရုံး၌ ထွက်ဆိုထား သည်။

၂၀၁၈ ခုနစ် မေလ ၁၉ ရက်က တွံ့တေးမြို့နယ် ခတ္ထိယကျေးရွာအုပ်စု၊ အုပ္ဖိုလ်ကျေးရွာရှိ သေသူ၏နေအိမ်သို့ ၎င်း၏ ပိုလျှံလစာ ကျပ် ၁၈၀,၀၀၀ နှင့်အတူ ဒေါ်သိင်္ဂီစုက လိုက်ပို့ပြီးနောက် တစ်နာရီခန့် အကြာတွင် သေဆုံးခြင်းဖြစ်ကြောင်း ၎င်းက ထွက်ဆိုထားသည်။

ဒေါ်ခင်သန္တာဦး မသေဆုံးမီ ၎င်းကို ဆေးရုံပို့ပေးရန် တောင်းဆိုကြောင်း၊ အိမ်ရှင်အမျိုးသမီးက ၎င်းအား ဆွဲကြိုးခိုးသည်ဟု စွပ်စွဲကာ နှိပ်စက်သည်ဟု ပြောသွားခဲ့ကြောင်း တရားလို ရာအိမ်မှူးက ထွက်ဆိုထားသည်။

ဒေါ်ခင်သန္တာဦး (ခေါ်) ကရင်မသည် လွန်ခဲ့သော လေးနှစ်က ခင်ပွန်းသေဆုံးပြီးနောက် စီးပွားရေး မပြေလည်သဖြင့် အိမ်အကူအလုပ်ဝင်ပြီး ခြောက်လခန့်အကြာတွင် သေဆုံးခဲ့ရာ ဆယ်ကျော်သက်အရွယ် သားတစ်ဦး၊ သမီးသုံးဦး ကျန်ရစ်ခဲ့ သည်။

နောက်ရုံးချိန်းကို မေလ ၂၁ ရက်သို့ ပြန်လည် ချိန်းဆိုသည်။

Show More

Related Articles

Back to top button