အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဦးသောဘိတကို တပ်မတော်က ဒုတိယအကြိမ် တရားစွဲထားမှု မေ ၁၃ ရက်နေ့ အမရပူရတရားရုံး၌ စစ်ဆေးမည်

တပ်မတော်ဂုဏ်သိက္ခာ ကျဆင်းအောင် လူမှုကွန်ရက်တွင် ရေးသားသည်ဆိုကာ ရွှေဝါရောင်ဆရာတော် ဦးသောဘိတ(အလင်္ကာကြယ်) ကို တပ်မတော်က တရားရုံးတွင် ဒုတိယအကြိမ် ထပ်မံတရားစွဲဆိုထားမှုအား ယခုလ ၁၃ ရက်နေ့ (လာမည့် တနင်္လာနေ့) တွင် အမရပူရတရားရုံး၌ စစ်ဆေးမည်ဟု ဆရာတော်၏ရှေ့နေ ဒေါ်ရွက်နုအောင်က ပြောသည်။

ဆရာတော် ဦးသောဘိတကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုထားခြင်းကြောင့် အမှုရင်ဆိုင်နေစဉ် ဧပြီလ ၉ ရက်နေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဦးစီးအရာရှိပထမတန်း၊ ဒုတိယဗိုလ်မှူးကြီးအောင်မျိုးကျော်က အမရပူရမြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်ထားကာ ထပ်မံတရားစွဲဆိုလိုက်ခြင်းဖြစ်သည်။

ဦးသောဘိတသည် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တပ်မတော်၏ တရားစွဲဆိုမှုခံရပြီးနောက် အမှုရင်ဆိုင်နေစဉ်တွင် လူမှုကွန်ရက်၌ ရေးသားသော အကြောင်းအရာများထဲမှ အချက် ၁၀ ချက်ကို တရားရုံးသို့ ဦးတိုက်လျှောက်ထားကာ ထပ်မံတရားစွဲဆိုခြင်းဖြစ်သည်။

ယင်းရေးသားသော အချက်များတွင် “နိုင်ငံရေးမှာ ဝင်ပြီးဖျာခင်း၊ ဘာသာရေးမှာ ဝင်ပြီးဖျာခင်း၊ လူမှုရေးမှာ ဝင်ပြီးဖျာခင်း၊ ပညာရေးမှာ ဝင်ပြီးဖျာခင်း၊ နေရာတကာခင်း၊ နောက်ဆုံး ဘုရားဂေါပကထိဝင်ခင်းနေပုံက ဖျာသယ်တပ်ကြီးလို ဖြစ်နေတယ်” ဆိုသောအချက်လည်း ပါဝင်ကြောင်း Myanmar Now က ရရှိထားသော တိုင်ချက်တွင် ဖော်ပြထားသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အမရပူရမြို့နယ်တရားရုံးမှ တရားသူကြီး ဦးဇော်မင်းအောင်က ယင်းလျှောက်ထားချက်နှင့်ပတ်သက်ပြီး ရဲက ကိုင်တွယ်နေကြောင်း Myanmar Now ကို ဧပြီလ ၂၅ ရက်နေ့က ပြောသည်။

ရဲစခန်းက ဆရာတော်သီတင်းသုံးရာကျောင်းသို့ မေလ ၄ ရက်နေ့က လာရောက်ခဲ့ပြီး ဆရာတော်ထံမှ ထွက်ဆိုချက် လာယူကြောင်း ဆရာတော်ကမိန့်သည်။

ဆရာတော်၏ရှေ့နေ ဒေါ်ရွက်နုအောင်က “သူတို့ဘက်က ၅၀၅ (ခ) ကို ဦးတည်တဲ့ စကားလုံးတွေနဲ့ တိုင်တာပေါ့နော်၊ ရဲက စစ်တာ အချက် ၁၀ ချက် ရှိတယ်၊ ဘုန်းဘုန်းက သတင်းတွေကို ဟောပြောဖြန့်ချိတာမျိုး မဟုတ်ဘူး၊ facebook မှာ ရေးသားတာပဲ ဖြစ်တယ်၊ နောက်ပြီး ၅၀၅ (ခ) ဆိုတာ အုပ်ချုပ်ရေးအာဏာရှိတဲ့ အစိုးရနဲ့ ပတ်သက်တဲ့ဟာလေ၊ ဆရာတော်အနေနဲ့ အစိုးရအကြည်ညိုပျက်စေတဲ့ စကားတွေ သုံးမှ မသုံးတာ” ဟု ရှင်းပြသည်။

ဆရာတော်ကမူ တပ်မတော်အနေဖြင့် အကြောင်းအကျိုးဖြင့် ဝေဖန်ခြင်းများကို လက်ခံနိုင်စွမ်းမရှိပါက လူထုနှင့် နီးစပ်မည်မဟုတ်ကြောင်း မိန့်သည်။

“စစ်တပ်အနေနဲ့ တရားစီရင်ရေးကို လက်နက်သဖွယ် အသုံးချပြီးတော့ အမှုမြောက်တာ မမြောက်တာတွေကို မစဉ်းစားဘဲနဲ့၊ တရားဥပဒေနဲ့ညီတာ မညီတာတွေကို မစဉ်းစားဘဲနဲ့ လုပ်နေတယ်လို့ ခံစားရတယ်” ဟု ဆရာတော်က မိန့်သည်။

“ဒီလိုအကြောင်းအကျိုးနဲ့ ဝေဖန်တာတွေကို လက်ခံနိုင်စွမ်း မရှိဘူးဆိုရင်တော့ တပ်မတော်ဟာ လူထုနဲ့ ဘယ်တော့မှ နီးကပ်မှာ မဟုတ်ဘူးလို့ ဦးဇင်းပြောချင်တယ်” ဟု ဆက်လက်မိန့်သည်။

တပ်မတော်အနေနှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅ဝ၅ (က) တို့ကို အသုံးပြုကာ ယခုရက်ပိုင်းအတွင်း တရားစွဲဆိုမှုများ ရှိခဲ့ပြီး ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်နှင့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့မှ ကိုဇေယျာလွင်၊ ပိုင်ရဲသူ၊ ပိုင်ဖြိုးမင်း၊ ကေခိုင်ထွန်း၊ ဇော်လင်းထွဋ် (ခ) ဖိုးသား၊ မဆုရတနာမြင့်၊ ကိုငြိမ်းချမ်းစိုး တို့ကိုလည်း တရားစွဲဆိုထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button