အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မတရားကျင့်သည်ဟုစွပ်စွဲသူကို မသန်စွမ်းအသင်းချုပ်ဥက္ကဋ္ဌ အမှုပြန်ဖွင့်

လိင်မတော်မတရားပြုကျင့်သည်ဟု စွပ်စွဲခဲ့သော မျက်မမြင်အမျိုးသမီး၏ ဦးလေးကို မြန်မာနိုင်ငံ မသန်စွမ်းသူများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ကိုမြင့်က  မတ်လ ၁ဝ ရက်နေ့တွင် ပြန်လည် အမှုဖွင့်လိုက်သည်။

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှု ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ(၁၀)ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်ဟု ရန်ကုန်၊ အင်းစိန်မြို့မရဲစခန်း စခန်းမှူး ဦးမောင်မောင်အေးထံမှ သိရသည်။  

“မနေ့က ညနေ ၅နာရီခွဲမှာ အမှုဖွင့်ပါတယ်၊ ကျွန်တော်တို့ ဟိုဘက်ကို အကြောင်း မကြားရသေးပါဘူး၊ တရားလိုဘက်ကို စစ်ဆေးဆဲ ရှိပါတယ်၊ ရဲလုပ်ငန်းတွေ ဆောင်ရွက်သွားမှာပါ” ဟု စခန်းမှူးက ပြောသည်။

ထိုပုဒ်မသည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၃ နှစ် အထိ ချမှတ်နိုင်သောပုဒ်မ ဖြစ်သည်။ 

အလုံတွင် ဖွင့်ခဲ့သော အမှု

ဦးအောင်ကိုမြင့်သည်  ၂၈ နှစ် အရွယ် မျက်မမြင်အမျိုးသမီး မနာခါးရှီးကို အကြိမ်ကြိမ် အဓမ္မပြုကျင့်သည်ဟု  ပြီးခဲ့သည့်နှစ် အောက်တိုဘာလက စွပ်စွဲခံခဲ့ရသည်။

ထိုအမျိုးသမီး၏ ဦးလေးတော်စပ်သူ ဦးမာကုက ရန်ကုန်၊ အလုံမြို့နယ်ရဲစခန်းတွင် အဓမ္မပြုကျင့်မှုဖြင့် အမှုဖွင့်ရန် ကြိုးစားသော်လည်း   ရဲက   ခိုင်မာသည့်သက်သေ အားနည်းသည်ဟု ဆိုသဖြင့် တစ်လင်တစ်မယားဥပဒေဖြင့် အမှုဖွင့်ခဲ့သည်။   ထို့နောက် အမှုကို လေးလကျော်ကြာ စစ်ဆေးပြီးနောက် မှားယွင်းတိုင်ကြားမှုဟု ဥပဒေအရာရှိများက ဆုံးဖြတ်ရာ ရဲစခန်းက ဇန်နဝါရီ ၃၁ တွင် အမှု ပိတ်သိမ်းလိုက်သည်။

ဥက္ကဋ္ဌ တာဝန်

ပြန်လည်အမှုဖွင့်ခံရခြင်းနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့က ဆက်သွယ်မေးမြန်းခြင်း၊ အသိပေးခြင်း မရှိသေးကြောင်း   ဦးမာကုက ပြောသည်။

“ကျွန်တော်တို့ကို ရဲက အကြောင်းမကြားသေးပါဘူး၊ ကျွန်တော်တို့က အမှုမှန်ပေါ်ပေါက်ဖို့ ကြိုးစားတာ။ သူ့ကို အသရေဖျက်တာ မဟုတ်တဲ့အတွက် ဘာမှ မဖြစ်လောက်ပါဘူး” ဟု ၎င်းက ပြောသည်။

ဥက္ကဋ္ဌ ဦးအောင်ကိုမြင့်က ယင်းကဲ့သို့ ပြန်လည်အမှုဖွင့်ရခြင်းမှာ ၎င်း၏ ဂုဏ်သိက္ခာကြောင့် ဖြစ်သည်ဟု ပြောသည်။

“ဘဝတူ မျက်မမြင်တဲ့ လူတစ်ယောက်ကို ဒုက္ခရောက်ပါစေတော့ ဆိုပြီး အမှုပြန်ဖွင့်တာ မဟုတ်ပါဘူး၊ ဒါပေမဲ့ သူ့ရဲ့လုပ်ရပ်က ကျွန်တော့်ရဲ့ နိုင်ငံသားအခွင့်အရေး လုံခြုံရေးကို ထိခိုက်တဲ့ လုပ်ရပ်တွေ လုပ်ခဲ့တဲ့ အတွက်ကြောင့် ထိခိုက်ရတဲ့အတွက် ခုလိုဖွင့်ရတာပါ” ဟု ဦးအောင်ကိုမြင့်က ပြောသည်။

ဦးအောင်ကိုမြင့်သည် စတင် စွပ်စွဲခံရပြီး မကြာမီမှာပင် အသင်းချုပ် ဥက္ကဋ္ဌ တာဝန်မှ ယာယီ ရပ်ဆိုင်းခံခဲ့ရသည်။

ဥက္ကဋ္ဌနေရာကို ဒု ဥက္ကဋ္ဌ (၁) ဦးသိန်းလွင်က တာဝန်ယူထားသည်။ 

ဦးအောင်ကိုမြင့် ဥက္ကဋ္ဌတာဝန် ပြန်လည်ယူရေးမှာ အဆင့်ဆင့် ဆောင်ရွက်ရမည်ဟု ဦးသိန်းလွင်က ဆိုသည်။

“ရာထူးပြန်လည်ရရှိဖို့ စာတင်ပြီး တောင်းရမှာ။ သူ မတောင်းသေးပါဘူး၊ ကျွန်တော့်အနေနဲ့က သူပြန်လာရင် နေရာကို ပြန်ပေးချင်တယ်၊ အမှုဆောင်အဖွဲ့ဝင်တွေက သဘောတူတယ်ဆိုရင် ပြန်လည်ပေးမှာပါ၊ အမှုဆောင်အဖွဲ့ဝင်တွေအားလုံး သဘောတူဖို့လိုတယ်” ဟု   ဦးသိန်းလွင်က ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button