သတင်း

ဆိုင်းငံ့ခံ မသန်စွမ်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ရာထူးပြန်ရသည့်အပေါ် ကန့်ကွက်သူများရှိနေ

တစ်လင်တစ်မယားဥပဒေဖြင့် အမှုဖွင့်ခံရကာ ရာထူးမှဆိုင်းငံ့ခံခဲ့ရသူ မြန်မာနိုင်ငံမသန်စွမ်းအဖွဲ့ချုပ်ဥက္ကဋ္ဌကို အမှုဆောင်အများအပြား၏ သဘောဆန္ဒမပါဘဲ ရာထူး ပြန်လည်ခန့်အပ်ခဲ့ခြင်းအပေါ် အဖွဲ့ချုပ်အတွင်း သဘောထားကွဲကာ နှစ်ခြမ်းကွဲလျက်ရှိသည်။

အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ကိုမြင့်သည် မြန်မာနိုင်ငံမျက်မမြင်အသင်းက ဖွင့်လှစ်ထားသော အလုံမြို့နယ်ရှိ မျက်မမြင်အနှိပ်ခန်းတစ်ခု၌ အလုပ်လုပ်သည့် အသက် ၂၉ နှစ် အရွယ် အမျိုးသမီးတစ်ဦးနှင့် လိင်ကိစ္စဖြစ်ပွားခဲ့ပြီး ထိုအမျိုးသမီး၏ဦးလေးက ပြီးခဲ့သည့်နှစ်အတွင်း မုဒိမ်းမှုဖြင့်၊ နောက်ပိုင်းတွင် တစ်လင်တစ်မယားဥပဒေဖြင့် အမှုဖွင့်တိုင်ကြားခံခဲ့ရသဖြင့် အဖွဲ့ချုပ်ဥက္ကဋ္ဌရာထူးမှ အကန့်အသတ်မရှိ ဆိုင်းငံ့ခံခဲ့ရရာမှ သက်သေမခိုင်လုံဟုဆိုကာ ဖေဖော်ဝါရီလအတွင်း ရဲက အမှုပိတ်သိမ်းခဲ့သည်။

ထိုသို့ ပိတ်သိမ်းပြီးနောက် ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်နေ့က မြန်မာနိုင်ငံမသန်စွမ်းသူများအဖွဲ့ချုပ်ကျင်းပသော အမှုဆောင်အဖွဲ့အစည်းအဝေးတွင် အဖွဲ့ဝင်  ၁၇ ဦးအနက် ၁၂ ဦး တက်ရောက်ခဲ့ပြီး ဦးအောင်ကိုမြင့်ကို  ဥက္ကဋ္ဌရာထူး ပြန်ခန့်မခန့်အပေါ် အဖွဲ့ဝင် ၁၁ ဦးက မဲပေးဆုံးဖြတ်ခဲ့ရာ ၆ မဲ ၅ မဲ ဖြင့် ပြန်ခန့်ရေးဘက်က အနိုင်ရရှိခဲ့သည်။

သို့သော် ထိုနေ့က အစည်းအဝေးမတက်ရောက်ခဲ့သည့် အမှုဆောင် ၅ဦးက ၎င်းတို့သဘောဆန္ဒမပါဘဲ အစည်းအဝေးတွင် မဲခွဲမဆုံးဖြတ်ရန် ကြိုတင်အကြောင်းခဲ့သည့်ကြားမှ မဲခွဲကာ ဥက္ကဋ္ဌရာထူး ပြန်လည် ခန့်အပ်ခဲ့ခြင်းဖြစ်သဖြင့် ကန့်ကွက်ကြောင်း ၎င်းတို့က စာထုတ်ပြန်သည်။ အဆိုပါ ကန့်ကွက်စာကို ကန့်ကွက်သူ အမှုဆောင် စုစုပေါင်း ၉ဦးက လက်မှတ်ရေးထိုးထားပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ ပေးပို့ခဲ့သည်။

အမှုဆောင် ၁၇ ဦးရှိသည့်အနက် ကန့်ကွက်သူက ၉ဦးရှိနေရာ အမှုဆောင်အဖွဲ့၏ ထက်ဝက်ကျော်နေကြောင်း ကန့်ကွက်သည့်အမှုဆော ၉ဦးတွင် ပါဝင်သည့် ဒုဥက္ကဋ္ဌ (၂) ဦးမိုးဇင်က ပြောသည်။

ဘာလို့ကန့်ကွက်ရလဲ မေးရင် (ဦးအောင်ကိုမြင့်ကို တိုင်ကြားသူ) နာခါးရှီးကိစ္စနဲ့ပတ်သက်ပြီးတော့ ဦးအောင်ကိုမြင့်ဟာ ကွင်းလုံးကျွတ်လွတ်ပြီလို့ ဘယ်ကမှ မကြေညာသေးပါဘူး။ ရဲစခန်းကပဲ အမှုပိတ်သိမ်းကြောင်း ပြောတာဖြစ်တဲ့အတွက် ကျွန်တော်တို့က မှန်တဲ့ပေါ်မှာလည်း မရပ်တည်ဘူး မှားတဲ့ပေါ်မှာလည်း မရပ်တည်ဘူး ဟု ဦးမိုးဇင်က Myanmar Now ကို ပြောသည်။

ရှေ့လာမည့်သီတင်းပတ်အတွင်း ဝန်ကြီးဌာနနှင့် သဘောထားကွဲနေသည့် အမှုဆောင်နှစ်ဖွဲ့တို့ သုံးပွင့်ဆိုင်အစည်းအဝေး ကျင်းပရန် ခန့်မှန်းထားသည်ဟု ၎င်းက ဆက်ပြောသည်။

အလုံမြို့မရဲစခန်းတွင် တစ်လင်တစ်မယားဥပဒေဖြင့် အမှုဖွင့်တိုင်ကြားခံခဲ့ရသော်လည်း လေးလအကြာတွင် သက်သေတင်ပြမှု အားနည်းသည့်အတွက် ရဲစခန်းက အမှုပိတ်သိမ်းခဲ့ပြီး အမှုပိတ်သိမ်းကြောင်း ထောက်ခံစာ ရရှိခဲ့ကြောင်း အသင်း၏ဖွဲ့စည်းပုံစည်းမျဉ်းအရ ဥက္ကဋ္ဌရာထူးတွင် ပြန်လည်တင်မြှောက်ခဲ့ခြင်းဖြစ်ကြောင်း ဦးအောင်ကိုမြင့်က Myanmar Now ကို ပြောသည်။

Myanmar Now က ရရှိထားသော မြန်မာနိုင်ငံမသန်စွမ်းအဖွဲ့ချုပ် အဖွဲ့ဝင် ၉ ဦးကန့်ကွက်စာတွင် အဖွဲ့ဝင်များအနေဖြင့် အစည်းအဝေးမတက်ရောက်နိုင်ကြောင်း အကြောင်းကြားစာ ပေးပို့ခဲ့ကာ ၎င်းတို့ သဘောဆန္ဒမပါဘဲ မဆုံးဖြတ်ရန် ပြောခဲ့သော်လည်း တစ်ဖက်သတ် ဆုံးဖြတ်ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ပါရှိသည်။

ထို့ကြောင့် ဝန်ကြီးဌာနမှတာဝန်ရှိပုဂ္ဂိုလ်များနှင့် အဖွဲ့ချုပ်မှအလုပ်အမှုဆောင်များ ထပ်မံတွေ့ဆုံ ဆွေးနွေးမှုမတိုင်မီ အထမြောက်သည့် မည်သည့်အစည်းအဝေး  ဆုံးဖြတ်ချက်မှမပါဘဲ ထုတ်ပြန်သော ကြေညာချက်များကို အသိအမှတ်ပြု လက်မခံကြောင်းဟု ရေးသားဖော်ပြထားသည်။

“ပထမတစ်ချက်က ဦးအောင်ကိုမြင့် ဥက္ကဋ္ဌအဖြစ် ဆုံးဖြတ်ချက်ကို လက်မခံပါဘူး။ ဒုတိယချက် (လူကယ်ပြန်) ဒုဝန်ကြီးပါတဲ့ သုံးပွင့်ဆိုင်အစည်းအဝေး မထွက်ပေါ်မချင်း ကျွန်တော်တို့လက်မခံနိုင်ပါဘူး။ ဒီတိုင်းပဲဆိုရင်တော့ ကော်မတီဝင် ၉ဦးက ဆက်လုပ်မှာမဟုတ်တော့ဘူး” ဟု

 

မြန်မာနိုင်ငံမသန်စွမ်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးမြတ်သူဝင်းက Myanmar Now ကိုပြောသည်။

ဦးအောင်ကိုမြင့်ကမူ သုံးပွင့်ဆိုင် အစည်းအဝေးနှင့်ပတ်သက်ပြီး ၎င်းအနေဖြင့် တရားဝင်အကြောင်းကြားစာ မရရှိသေးကြောင်း ဆိုသည်။

ကျွန်တော့်ဆီတော့ ဘာမှမရောက်သေးဘူးခင်ဗျ။ ကျွန်တော်က အဖွဲ့ချုပ်ရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းအရ ပြန်ခန့်ခံရတာ၊ တကယ်လို့ ဆွေးနွေးမယ်ဆိုရင်လည်း ဒါက အဖွဲ့ချုပ်ရဲ့ဖွဲ့စည်းပုံ စည်းမျဉ်းစည်းကမ်းနဲ့ ဆုံးဖြတ်ရတာပါ။ (လူကယ်ပြန်) ဝန်ကြီးဌာနက ဝင်ရောက်စွက်ဖက်ခွင့်မရှိပါဘူး။ ပူးပေါင်းဆောင်ရွက်တာတို့ ညှိနှိုင်းဆွေးနွေးပေးတာမျိုးတို့တော့ ရပါတယ်ဟု ဇူလိုင်လ ၂၉ ရက်နေ့ နေ့လယ်က ဖုန်းဖြင့်ဖြေကြားသည်။

ထို့အပြင် လူမှုကွန်ရက်တွင် ထိုကိစ္စများနှင့်ပတ်သက်ပြီး မဟုတ်မမှန် သတင်းအချက်အလက်များ ရေးသားသည်ဟုဆိုကာ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီ အဖွဲ့ဝင်တစ်ဦးကိုလည်း ဦးအောင်ကိုမြင့်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် ယခုလ ၂၁ ရက်နေ့က အမှုဖွင့်ထားသည်။

Show More

Related Articles

Back to top button