
မသန်စွမ်းအဖွဲ့အစည်းတစ်ခု၏ ဥက္ကဋ္ဌကို တစ်လင်တစ်မယားဥပဒေဖြင့် အရေးယူပေးရန် ယမန်နှစ်က အမှုဖွင့်ခဲ့သော်လည်း မအောင်မမြင် ဖြစ်ခဲ့သည့် အမျိုးသမီးသည် ထိုသူအား မုဒိမ်းမှုဖြင့် တနင်္လာနေ့တွင် ထပ်မံအမှုဖွင့်ခဲ့ရာ ရဲက လက်ခံထားလိုက်သည်။
အသက် ၂၈ နှစ်အရွယ် အမြင်အာရုံမသန်စွမ်းသူ နာခါးရှီးသည် မြန်မာနိုင်ငံမျက်မမြင်အသင်းက အလုံမြို့နယ်၌ ဖွင့်လှစ်ထားသည့် အနှိပ်ခန်းတစ်ခုတွင် အလုပ်လုပ်နေစဉ် ၎င်းအား မြန်မာနိုင်ငံမသန်စွမ်းသူများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ကိုမြင့်က အကြိမ်ကြိမ် အဓမ္မပြုကျင့်သည်ဟုဆိုကာ ၎င်း၏ဦးလေးက တရားလိုလုပ်ကာ ဦးအောင်ကိုမြင့်ကို ယမန်နှစ်အတွင်း အမှုဖွင့်ခဲ့သည်။
အသက် ၄၄ နှစ်အရွယ် ဦးအောင်ကိုမြင့်သည် အိမ်ထောင်ရှင်တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံမျက်မမြင်အသင်း၏ ဥက္ကဋ္ဌဟောင်းလည်းဖြစ်သည်။ နာခါးရှီးတို့သည် မူလက ၎င်းကို မုဒိမ်းမှုဖြင့် အမှုဖွင့်ရန် ကြိုးစားခဲ့သော်လည်း ရဲက ခိုင်မာသည့် သက်သေအားနည်းသည်ဟုဆိုသဖြင့် ထောင်ဒဏ် ခုနစ်နှစ်အထိ ချနိုင်သည့် တစ်လင်တစ်မယားဥပဒေဖြင့် ပြောင်းလဲ အမှုဖွင့်ခဲ့ခြင်းလည်းဖြစ်သည်။
သို့ရာတွင် ရဲက တစ်လင်တစ်မယားဥပဒေဖြင့် အမှုဖွင့်ရန်လည်း သက်သေမခိုင်လုံဟု ဆိုကာ ဇန်နဝါရီလတွင် အမှုပိတ်သိမ်းခဲ့သည်။ ဒုတိယအကြိမ် မုဒိမ်းမှုဖြင့် အမှုဖွင့်ရာတွင် အလုံရဲစခန်းက တိုင်ချက်ဖွင့်ကာ လက်ခံထားလိုက်သည်။
“သက်သေအထောက်အထား ခိုင်လုံတယ် မခိုင်လုံဘူးဆိုတာက အမှုဖွင့်ပြီးမှ စုံစမ်းစစ်ဆေးရတာပါ။ ပြီးတော့ ဒီကိစ္စက ခရိုင်မှူး၊ မြို့နယ်မှူးတို့က ဆောင်ရွက်တာဆိုတော့ ကျွန်တော်တို့ပြောခွင့်မရှိပါဘူး။ ဖွင့်တာကတော့ (ရာဇသတ်ကြီးပုဒ်မ) ၃၇၆ နဲ့ပါ” ဟု အလုံမြို့မရဲစခန်းမှ တာဝန်ကျအရာရှိ တစ်ဦးက Myanmar Nowကို ပြောသည်။
ပုဒ်မ ၃၇၆ မုဒိမ်းမှုသည် တစ်သက်တစ်ကျွန်းအထိဖြစ်စေ၊ ၁၀ နှစ်အထိဖြစ်စေ ထောင်ဒဏ်ချမှတ်နိုင်သည့် ပုဒ်မ ဖြစ်သည်။
“မနေ့ညနေက သွားဖွင့်လိုက်တာပါ သူ (နာခါးရှီး) လည်းပါတယ်။ ရဲက အမှုလက်ခံပေးပါတယ်” ဟု မနာခါးရှီး၏ အဒေါ် ဒေါ်ကြီးမိုင်က ပြောသည်။
တစ်လင်တစ်မယားဥပဒေဖြင့် စွဲသည့်အမှုကို ရဲကပိတ်သိမ်းပြီးနောက် ဦးအောင်ကိုမြင့်သည် ဆိုင်းငံ့ခံထားရသည့် မသန်စွမ်းအဖွဲ့ချုပ်ရာထူးကို ပြန်လည်ရရှိခဲ့သော်လည်း ယင်းကိစ္စတွင် ကော်မတီဝင်အချင်းချင်း သဘောထား ကွဲလွဲခဲ့ကြသည်။ သို့သော် လက်ရှိတွင် ဦးအောင်ကိုမြင့်သည် ဥက္ကဋ္ဌအဖြစ် ဆက်ရှိနေဆဲဖြစ်သည်။
- မြန်မာနိုင်ငံမသန်စွမ်းသူများအဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် ဦးအောင်ကိုမြင့်ကို ပြန်လည်ခန့်အပ်
- ဆိုင်းငံ့ခံ မသန်စွမ်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ရာထူးပြန်ရသည့်အပေါ် ကန့်ကွက်သူများရှိနေ
ဦးအောင်ကိုမြင့်အနေဖြင့် ယခုတိုင်ကြားမှုနှင့်ပတ်သက်ပြီး တရားဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း Myanmar Now ကို ပြောသည်။
“အရင်ကလည်း ကျွန်တော် ဥပဒေအတိုင်း ဆောင်ရွက်ခဲ့တာပဲ။ အခုလည်း ဥပဒေအတိုင်း ဆောင်ရွက်သွားမှာပါ’’ ဟု အင်္ဂါနေ့ နေ့လယ်ပိုင်းက ဖုန်းဖြင့်ပြောသည်။
ဦးအောင်ကိုမြင့်သည် နာခါးရှီး၏ဦးလေး ဦးမာကုကိုလည်း နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကာကွယ်ရေး ဥပဒေပုဒ်မ ၁၀ ဖြင့် အမှုပြန်ဖွင့်ထားသည်။
ထို့ပြင် စွပ်စွဲခံရသည့် ကိစ္္စများနှင့်ပတ်သက်ပြီး လူမှုကွန်ရက်တွင် မဟုတ်မမှန် သတင်းအချက်အလက်များ ရေးသားသည်ဟုဆိုကာ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီအဖွဲ့ဝင် တစ်ဦးကိုလည်း ၎င်းကပင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်တိုင်ကြားထားသည်။