ရန်ကုန် – အမြင်အာရုံချို့တဲ့သည့် အမျိုးသမီးငယ်ကို လိင်မတော်မတရားပြုကျင့်သည်ဟု ဆိုကာ မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ်ဥက္ကဋ္ဌအပေါ် တိုင်ကြားခဲ့သည့် အမှုသည် မှားယွင်းတိုင်ကြားမှု ဖြစ်ကြောင်းဆုံးဖြတ်ပြီး အလုံမြို့နယ် ရဲစခန်းက ဇန်နဝါရီ ၃၁ တွင် အမှုပိတ်သိမ်းပေးလိုက်သည်။
ဥက္ကဋ္ဌဦးအောင်ကိုမြင့်သည် အသက်၂၈ နှစ်အရွယ် အမြင်အာရုံချို့တဲ့သည့် အမျိုးသမီး မနာခါးရှီအား အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သည်ဟု စွပ်စွဲခံရပြီးနောက် ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းက တစ်လင်တစ်မယား ဥပဒေဖြင့် အမှုဖွင့်ခံခဲ့ရသည်။
တိုင်ကြားသူများသည် အစပိုင်းတွင်း အဓမ္မပြုကျင့်မှုဖြင့် အမှုဖွင့်ရန် ကြိုးစားခဲ့သော်လည်း ခိုင်မာသည့် သက်သေ အားနည်းသည်ဟုဆိုကာ တစ်လင်တစ်မယား ဥပဒေဖြင့် အမှုဖွင့်ခဲ့ခြင်း လည်းဖြစ်သည်။
ထိုစဉ်က Myanmar Now က ဖတ်ရှုခွင့်ရခဲ့သည့် တိုင်စာတွင် မြန်မာနိုင်ငံ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီ ဒုဥက္ကဋ္ဌ–၂ လည်းဖြစ်သည့် ဦးအောင်ကိုမြင့်သည် အဆိုပါအမျိုးသမီးအား ၂၀၁၈ ဇန်နဝါရီလအတွင်းက မြန်မာနိုင်ငံမျက်မမြင်များအသင်းကဖွင့်လှစ်ထားသော အလုံမြို့နယ်အတွင်းရှိ မျက်မမြင်အနှိပ်ခန်းတွင် စတင် လိင်အမြတ်ထုတ်ခဲ့ ခြင်းဖြစ်ကြောင်း ပါရှိသည်။
ထို့နောက် သုံးကြိမ်ထက်မနည်း အဓမ္မပြုကျင့်ခဲ့သည်ဟု အဆိုပါအမျိုးသမီး၏ ဦးလေးတော်စပ်သူက နေပြည်တော်ရှိ မြန်မာနိုင်ငံ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌထံ လိပ်မူပြီး ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၈ရက်က ပေးပို့သည့် တိုင်ကြားစာတွင် ရေးသားထားသည်။
လေးလကျော် စစ်ဆေးခဲ့ပြီးနောက် ယင်းအမှုသည် မှားယွင်းတိုင်ကြားမှုဟု ဥပဒေအရာရှိများက စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် အမှု ပိတ်သိမ်းခွင့်ပြုလိုက်သည်။
“သူတို့စွပ်စွဲတာမဟုတ်လို့ ဥပဒေက အမှန်အတိုင်း ဆုံးဖြတ်တာပါ” ဟု ဦးအောင်ကိုမြင့်က ပြောသည်။
သူသည် လိင်အရှုပ်အထွေးတွင် ပါဝင်ပတ်သက်ကြောကြောင်း တိုင်ကြားခံခဲ့ရပြီးနောက် မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ်ဥက္ကဋ္ဌ ရာထူးမှ ယာယီရပ်ဆိုင်းခံခဲ့ရသည်။
စွပ်စွဲခံရသည့် အမှုကို ကျူးလွန်ခြင်းမရှိကြောင်း သက်သေပြခဲ့ပြီးနောက် ၎င်းအား မဟုတ်မမှန် ပြောဆိုသူများအား တရားဥပဒေကြောင်းအရ ပြန်လည်တိုင်ကြားရန် ပြင်ဆင်နေကြောင်း လည်း ဦးအောင်ကိုမြင့်က ပြောသည်။
“စွပ်စွဲခံရသူသည် ဟုတ်ဟုတ်၊ မဟုတ်ဟုတ် စွပ်စွဲခံလိုက်ရပြီဆိုကတည်းက သိက္ခာကျတယ်။ ကျွန်တော် မတုံ့ပြန်ခဲ့ဘူး။ ကျွန်တော် မဟုတ်မှန်ကြောင်း ဥပဒေနဲ့ပဲ ဆက်သွားတယ်။ အခုအဲဒီအတိုင်းပဲ။ အဲဒီတုန်းကစွပ်စွဲခဲ့သူတွေ၊ မဟုတ်မမှန်ပြောကြသူတွေ တာဝန်ခံကြရမယ် ” ဟု ၎င်းက ပြောသည်။
ဦးအောင်ကိုမြင့်အား တိုင်ကြားထားသူများဘက်ကမူ အမှုပိတ်သိမ်းလိုက်သည်ကို မကျေမနပ် ဖြစ်နေကြပြီး အမှုကို ပြန်လည်စစ်ဆေးပေးရန် တောင်းဆိုသည့်အနေဖြင့် စနေနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန် ပြင်ဆင်နေသည်။
“ကျွန်တော်တို့က ခံရတဲ့သူဆိုတော့ အမှန်တရားပေါ်ပေါက်အောင် လုပ်အုံးမှာပဲ။ ဒီလို ရဲက တစ်ဖက်သတ် ပိတ်သိမ်းလိုက်တဲ့အပေါ် လုံး၀ကျေနပ်မှုမရှိပါဘူး” ဟု အမှုဖွင့်တိုင်ကြားသည့် မနာခါးရှီ၏ ဦးလေး ဦးမာကုက ပြောသည်။
အမှုပိတ်သိမ်းကြောင်း ရဲတပ်ဖွဲ့ထံမှ တရားဝင် အကြောင်းကြားစာ မရရှိသေးသည့်အတွက် ယာယီရပ်နားထားသည့် ဥက္ကဋ္ဌနေရာကို ဦးအောင်ကိုမြင့်အား ပြန်လည်ပေးအပ်ရန် သဘောထားမှတ်ချက် မပေးနိုင်သေးကြောင်း မသန်စွမ်းသူများအသင်းချုပ်အတွင်းရေးမှူး ဦးမြတ်သူဝင်းက ပြောသည်။



