
အမြင်အာရုံချို့တဲ့သည့် အမျိုးသမီးငယ်ကို လိင်မတော်မတရား ပြုကျင့်သည်ဟုဆိုကာ အမှုဖွင့်ခံရ၍ မြန်မာနိုင်ငံမသန်စွမ်းသူများအဖွဲ့ချုပ်ဥက္ကဋ္ဌတာဝန်မှ ဆိုင်းငံ့ထားသူ ဦးအောင်ကိုမြင့်ကို ယနေ့ ဇူလိုင်၁၅ရက်နေ့တွင် ဥက္ကဋ္ဌရာထူး ပြန်လည်ထမ်းဆောင်စေခဲ့သည်။
ယင်းတိုင်ကြားခဲ့သည့်အမှုကို မတရားတိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ရဲကဆုံးဖြတ်ကာ အမှုပိတ်သိမ်းသည့် တရားဝင်အကြောင်းကြားစာ ရရှိပြီးနောက် ၎င်းအား မူလရာထူးကို ပြန်လည်ထမ်းဆောင်ရန် အဖွဲ့ချုပ်က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ဥက္ကဋ္ဌ ဦးအောင်ကိုမြင့်သည် အသက်၂၈နှစ်အရွယ် အမြင်အာရုံချို့တဲ့သည့် အမျိုးသမီး မနာခါးရှီးအား အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သည်ဟု စွပ်စွဲခံရပြီးနောက် ၂၀၁၈ခုနှစ် အောက်တိုဘာလအတွင်းက တစ်လင်တစ်မယားဥပဒေဖြင့် အမှုဖွင့်ခံခဲ့ရသည်။
“ကျွန်တော်တို့ သူ့ကို ဒီနေ့ကစပြီး မူလတာဝန် ထမ်းဆောင်ဖို့ ပေးလိုက်ပါတယ်၊ အစည်းအဝေးဆုံးဖြတ်ချက်မှာ အမှုဟာ ပိတ်သိမ်းလိုက်ပြီဖြစ်တဲ့အတွက် ဆိုင်းငံ့ထားမှုကိုရပ်ပြီးတော့ သူ့မူလနေရာ ဥက္ကဋ္ဌ
ရာထူးကို ပြန်လည်ပေးအပ်လိုက်တာပါ” ဟု
မြန်မာနိုင်ငံမသန်စွမ်းသူများအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးသိန်းလွင်က ပြောသည်။
အမှုမှာ ယခုကဲ့သို့မသေချာဘဲ တိုင်တန်းခံရခြင်း၊ ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုအဖြေ မရရှိခင်တွင် လူမှုကွန်ရက်၌ တင်ကာ ဖော်ပြခံရခြင်းတို့အတွက် နစ်နာမှုများစွာ ရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
- မျက်မမြင်အား အဓမ္မပြုကျင့်မှုဖြင့် စွပ်စွဲခံရသည့် မသန်စွမ်းအသင်းချုပ်ဥက္ကဋ္ဌအား ရာထူးမှ ယာယီရပ်နား
- မသန်စွမ်းအသင်းချုပ်ဥက္ကဋ္ဌ ရင်ဆိုင်နေရသည့် အဓမ္မမှုစွဲချက် မမှန်ကန်ဟု ရဲဆုံးဖြတ်
“တိုင်တဲ့သူကလည်း အပြစ်ရှိကြောင်း ခိုင်ခိုင်လုံလုံ မပြနိုင်ဘူး၊ နောက်ရှောင်နေတယ်၊ အမှုကိုစလိုက်ပြီးတော့မှ သတင်းတွေမှာ ဝေဝေဆာဆာပါလာတဲ့အပေါ် ဂုဏ်သိက္ခာပိုင်း သူ အရမ်းနစ်နာတာပေါ့” ဟု ၎င်းက ဆက်ပြောသည်။
တိုင်ကြားသူများသည် အစောပိုင်းက အဓမ္မမှုဖြင့် အမှုဖွင့်ရန် ကြိုးစားခဲ့သော်လည်း ခိုင်မာသည့်သက်သေ အားနည်းသည်ဟုဆိုကာ တစ်လင်တစ်မယားဥပဒေဖြင့် အမှုဖွင့်ပေးခဲ့ခြင်း ဖြစ်သည်။
ထိုစဉ်က Myanmar Now က ဖတ်ရှုခွင့်ရခဲ့သည့် တိုင်စာတွင် မြန်မာနိုင်ငံမသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီဒုဥက္ကဋ္ဌ ၂ လည်းဖြစ်သည့် ဦးအောင်ကိုမြင့်သည် အဆိုပါအမျိုးသမီးအား၂၀၁၈ ဇန်နဝါရီလအတွင်းက မြန်မာနိုင်ငံမျက်မမြင်အဖွဲ့က ဖွင့်လှစ်ထားသော အလုံမြို့နယ်အတွင်းရှိ မျက်မမြင်အနှိပ်ခန်းတွင် စတင် လိင်အမြတ်ထုတ်ခဲ့ခြင်း ဖြစ်သည်ဟု ပါရှိသည်။
ထို့နောက် သုံးကြိမ်ထက်မနည်း အဓမ္မပြုကျင့်ခဲ့သည်ဟု အဆိုပါအမျိုးသမီး၏ ဦးလေးတော်စပ်သူ ဦးမာကုက အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။ အမှုကို လေးလကျော် စစ်ဆေးခဲ့ပြီးနောက် မှားယွင်းတိုင်ကြားမှုဟု ဥပဒေအရာရှိများက စစ်ဆေးတွေ့ရှိပြီးနောက် အမှုပိတ်သိမ်းလိုက်သည်။
အစောပိုင်းတွင် အမှုပိတ်သိမ်းကြောင်း ရဲတပ်ဖွဲ့၏ တရားဝင်အကြောင်းကြားစာ မရရှိသေးသည့်အတွက် ဥက္ကဋ္ဌရာထူးကို ဆိုင်းငံ့ထားကာ ယခုတွင် ရရှိပြီဖြစ်၍ ပြန်လည်ထမ်းဆောင်စေရန် အစည်းအဝေးတွင် ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံမသန်စွမ်းသူများအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ကိုမြင့်က ၎င်းအားစွပ်စွဲခဲ့သူ တရားလိုဦးမာကုကို မတ်လ ၁၀ ရက်နေ့က နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၁၀ ဖြင့် ပြန်လည်အမှုဖွင့်ခဲ့သော်လည်း ယနေ့အကြိမ်အထိ တရားရုံးသို့လာရောက် ရင်ဆိုင်ခြင်းမရှိဟု ဦးသိန်းလွင်က ပြောသည်။