
မန္တလေး မြို့အဝင် တံခွန်တိုင်အဝိုင်းတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ထိုင်သပိတ် နေ့စဉ်ပြုလုပ်နေရာ ယင်းသပိတ်စခန်း စတင်အပြီး(၇)ရက်မြောက်နေ့ တွင် ရဲတပ်ဖွဲ့ဝင်တို့က အင်အားသုံးဖြိုခွင်းမှုကြောင့် ဒဏ်ရာရရှိသူများထဲတွင် မွေးရာပါ ခန္ဓာကိုယ်မသန်စွမ်း လူငယ်တစ်ဦးလည်း ပါဝင်သည်။
အသက်(၂၁)အရွယ် ဟန်သက်ဇော်အမည်ရှိ ထိုလူငယ်ကို ရဲယူနီဖောင်းဝတ်ဆင်ထားသူများက ပြည်ကြီးတံခွန်မြို့နယ် ၇၈ လမ်းရှိ တံခွန်တိုင်အဝိုင်းတွင် အငြိုးတကြီး ဝိုင်းရိုက်နေကြသည့် ရုပ်သံသည် Twitter, Facebook တို့မှတဆင့် နိုင်ငံတကာသို့ ပျံ့နှံ့သွားပြီဖြစ်သည်။
အခြားသော ဒေသအများအပြားနည်းတူ ပြည်ကြီးတံခွန်မြို့နယ်တွင်လည်း ဆန္ဒပြသူတို့ စွန့်ပစ်သည့်အမှိုက်ကို လိုက်လံသိမ်းဆည်းသူများရှိရာ မောင်ဟန်သက်ဇော်သည်လည်း လုပ်အားပေးသူတဦးဖြစ်သည်။
မောင်ဟန်သက်ဇော်သည် သူငယ်ချင်းများနှင့်အတူ သပိတ်စခန်းတွင် အမှိုက် နေ့စဉ် ကောက်လေ့ရှိကြောင်း၊ ဆန္ဒပြရာတွင်မပါဝင်ဘဲ ရိုက်နှက်ခံခဲ့ရခြင်းဖြစ်ကြောင်း ၎င်း၏ဦးလေးဖြစ်သူက ပြောသည်။
“ဒီလိုမသန်စွမ်းကလေးငယ်တစ်ဦးကို တိရစ္ဆာန်သဖွယ် ဝိုင်းရိုက်နှက်တဲ့ အဲဒီအဖွဲ့အစည်းကို ရှုတ်ချတယ်” ဟု ဦးလေးဖြစ်သူက ဆိုသည်။
၁၄ စက္ကန့်ကြာ ရုပ်သံမှတ်တမ်းတွင် မောင်ဟန်သက်ဇော်သည် ရဲယူနီဖောင်းဝတ်ဆင်ထားသူတို့၏ ပြင်းထန်သည့် တုတ်ချက် ဆယ်ချက်ထက်မနည်း ထိခဲ့သည်ကို တွေ့နိုင်သည်။
ရိုက်ချက်များကြောင့် မောင်ဟန်သက်ဇော် မပြေးနိုင်တော့သည့်အချိန်တွင် ပြောက်ကျားစစ်ဝတ်စုံ ဝတ်ဆင်ထားသူက ရိုက်နှက်သူတို့ကို ဟန့်တားလိုက်သည့်ပုံကို ရုပ်သံတွင် တွေ့လိုက်ရသည်။
အဆိုပါနေ့က ညနေ(၄)နာရီခန့်တွင် သပိတ်စခန်း ဖြိုခွင်းခံရသည်ဟု ကြားသိရပြီး ၎င်း၏တူ ရိုက်နှက်ခံရသည်ဟု အိမ်နီးနားချင်းများက လာပြောကြောင်း၊ စိတ်ပူပင်၍ လိုက်လံရှာဖွေရာ ဘုန်းကြီးကျောင်းဝင်းအတွင်း ပုန်းနေသည်ကို ပြန်တွေ့ခဲ့ရကြောင်း သူက ဆက်ပြောသည်။
“ပါသွားပြီထင်တာ၊ ဘာလုပ်လို့ ဘာကိုင်ရမှန်းလည်း မသိဘူး၊ ပြန်တွေ့တော့ မျက်နှာက ညိုမည်းနေတယ်၊ ပါးရိုးတွေရော ညိုမည်းနေတယ်၊ ကျောကုန်းမှာ နံပါတ်တုတ်အရာ ငါးချက်တွေ့ရတယ်၊ သူက ကြောက်ပြီး ပုန်းနေရှာတာ” ဟု အတူနေဦးလေးဖြစ်သူက Myanmar Now ကို ပြန်ပြောပြသည်။
“သူက မပြေးနိုင်ဘူး၊ မပြေးနိုင်တော့ သူတို့က ဝိုင်းသမတယ်၊ ကျွန်တော်က သိသိချင်း လိုက်သွားတယ်၊ လိုက်သွားတော့ ပစ်မိန့်နဲ့ဆိုတော့ ကျွန်တော်တို့က မလိုက်ရဲဘူး၊ နောက်မှ သူပုန်းနေတာကို ရှာတွေ့ခဲ့တာ”
ခန္ဓာကိုယ်မသန်စွမ်းသည့် မောင်ဟန်သက်ဇော်သည် မွေးရာပါ ဦးနှောက်အမှေးရောင်ရောဂါ ခံစားနေရပြီး အသက် ၉ နှစ်မှသာ စကားစတင်ပြောနိုင်ပြီး (၁၀)နှစ်အရွယ်မှသာ လမ်းစတင်လျှောက်နိုင်ကြောင်း မိသားစုဝင်က ရှင်းပြသည်။
မိဘများက ငယ်စဉ်ကတည်းက မိသားစုပြိုကွဲသွားပြီး အဆက်အသွယ်မရဘဲ ဦးလေးဖြစ်သူ၎င်းကို စောင့်ရှောက်ခဲ့ရသည်၊ နားမကြားသည့် အသက်(၇၆)နှစ်အရွယ် အဘွားဖြစ်သူနှင့်အတူ ၎င်းတို့ သုံးဦး အတူနေထိုင်ကြသည်။ ဦးလေးဖြစ်သူက သူတို့ကို ကြွေပြားကပ်သည့်အလုပ်ဖြင့် လုပ်ကိုင်ကျွေးမွေးထားသည်။
မောင်ဟန်ဇော်သက်က ယင်းနေ့ဖြစ်စဉ်နှင့် ပတ်သက်ပြီး ထိတ်လန့်နေဆဲဖြစ်သည်။
“ကျွန်တော်ကြောက်တယ်၊ နာတယ်၊ အဲဒီကို ပြန်မသွားရဲဘူး၊ ကျွန်တော့်ကို လုပ်တဲ့ကောင်တွေ အသေဆိုးနဲ့ သေပါစေ ဆုတောင်းတယ်” ဟု ထိတ်လန့်နာကြည်းဟန်ဖြင့် ဆိုသည်။
“ကျွန်တော်ရောက်သွားတော့ သူတို့က လူတွေကို ရိုက်နေတာ၊ ကျွန်တော်မပြေးနိုင်ဘူးလေ၊ မပြေးနိုင်လို့ အရိုက်ခံရတာ”

လတ်တလောတွင် ပြင်ပဆေးခန်း၌ ဆေးကုသမှု ခံယူထားကာ ဒဏ်ရာအခြေအနေ မစိုးရိမ်ရတော့ဟု သိရသည်။
ထိုဖြစ်ရပ်အပြီးတွင် မောင်ဟန်သက်ဇော်သည် အမှိုက်ကောက်လုပ်အားပေး မထွက်တော့ကြောင်း ၎င်း၏အဘွားဖြစ်သူက ဆိုသည်။
“အမေစုလွတ်ပါစေ၊ အမေစုလွတ်ပါစေပဲ သူ နေ့စဉ်အော်နေတော့တာ၊ အပြင်တော့ သူ မသွားတော့ဘူး” ဟု အဘွားဖြစ်သူက Myanmar Now ကို ပြောပြသည်။
မန္တလေး၂၆လမ်း၈၂လမ်း မြန်မာ့စီးပွားရေးဗဟိုဘဏ်ရှေ့တွင် ဆန္ဒပြနေသည့် ပြည်သူများက လွန်ခဲ့သည့်သုံးရက် ဖေဖော်ဝါရီ ၁၅ ညနေပိုင်းက စစ်ကားများနှင့် ရဲကား အများအပြားရောက်ရှိလာပြီး ပစ်ခတ်ဖြိုခွင်းခဲ့ရာ ဆန္ဒပြရာတွင်မပါဝင်သည့် ပြည်သူများ၊ စျေးဝယ်ထွက်လာသူများ၊ သတင်းထောက်များလည်း ဒဏ်ရာရရှိသွားကြသည်။
ယင်းနေ့က မန္တလေး၇၈လမ်းတံခွန်တိုင်အဝိုင်းရှိ သပိတ်စခန်းဝန်းကျင်ရှိ အင်အားထောင်ဂဏန်းရှိ လူအုပ်အား တစ်ပြိုင်နက်တည်းဖြိုခွင်းရာ ၆ ဦး ဖမ်းဆီးခံရကာ ၂၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ကြီးတံခွန်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံထံမှ သိရသည်။
“အိုးဘိုထောင်ကို တစ်ညခေါ်သွားပြီး နောက်နေ့ နေ့လယ်ခင်းလောက်မှာ ဖမ်းခံရသူတွေကို ခံဝန်နဲ့ ပြန်လွှတ်ပေးပါတယ်၊ ဒီလိုတွေ သူတို့ ဖမ်းတာဆီးတာလုပ်လည်း ပြည်သူက နေ့စဉ် ဆန္ဒပြနေကြတုန်းပဲ” ဟု သူက ဆက်ပြောသည်။
ယင်းနေရာ၌ နေ့စဉ် ဆန္ဒပြသူ လူထုအင်အားထောင်ချီရှိသည်ဟုဆိုသည်။
အာဏာသိမ်းစစ်ကောင်စီက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း နေပြည်တော်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာ ၎င်းတို့အား ဆန့်ကျင်ကန့်ကွက်သူတို့က ရဲတပ်ဖွဲ့ဝင်တို့ကို တိုက်ခိုက်ခဲ့သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။