အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မျက်မမြင်အား အဓမ္မပြုကျင့်မှုဖြင့် စွပ်စွဲခံရသည့် မသန်စွမ်းအသင်းချုပ်ဥက္ကဋ္ဌအား ရာထူးမှ ယာယီရပ်နား

မျက်မမြင်အမျိုးသမီးငယ်အား လိင်မတော်မတရားပြုကျင့်သည်ဟု စွပ်စွဲခံထားရသည့် မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ်ဥက္ကဋ္ဌအား ယမန်နေ့တွင် ရာထူးမှ ယာယီရပ်ဆိုင်းထားလိုက်သည်။

ဥက္ကဋ္ဌဦးအောင်ကိုမြင့်သည် အသက်၂၀ကျော် မျက်မမြင်အမျိုးသမီးအား အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့သည်ဆိုသည့် တိုင်ကြားစာလက်ခံရရှိခဲ့ပြီးနောက် အသင်းချုပ်၏ ထိပ်ပိုင်းအဖွဲ့ဝင်များ ယမန်နေ့ညက အရေးပေါ်အစည်းအဝေးခေါ်ခဲ့ပြီးနောက် ယင်းဆုံးဖြတ်ချက်ကို ချခဲ့ခြင်းဖြစ်သည်။

“တကယ်လို့ ဟုတ်တယ် မှန်တယ်ဆိုရင်တော့ သူက အသင်းချုပ်က နုတ်ထွက်ရမယ်။ တရားဥပဒေအရ ဆက်ရင်ဆိုင်သွားရမှာဖြစ်တယ်” ဟု အတွင်းရေးမှူး ဦးမြတ်သူဝင်းက Myanmar Now ကို ပြောသည်။

မျက်မမြင် အမျိုးသမီးက အလုံမြို့မရဲစခန်းတွင် ယနေ့တွင် ခြောက်နာရီကျော်ကြာ စစ်ဆေးခံခဲ့ပြီးနောက် တစ်လင်တစ်မယားဥပဒေ ပုဒ်မ ၁၃ ဖြင့် ဖွင့်ခဲ့သည်။

“အလိုမတူဘဲ အကျင့်ခံရတာတော့ ဟုတ်တယ်။ ဒါပေမဲ့ ကျူးလွန်ခံရတာလည်း ငါးလလောက်ရှိပြီဆိုတော့ သက်သေအနေနဲ့က မကျန်သလောက်ဖြစ်နေပြီ။ ဒါကြောင့် အမှုက လွတ်ထွက်မသွားအောင် ဒီအမှုနဲ့ ဖွင့်လိုက်တာ” ဟု လိုက်ပါကူညီဆောင်ရွက်သည့် iSchool-Myanmar မှ သုတေသနအရာရှိ မနော်ဇာဖြူခန့်က ပြောသည်။

လက်ရှိတွင် အဆိုပါမျက်မမြင်အမျိုးသမီးတွင် ကိုယ်ဝန်ရှိမရှိကို မစစ်ဆေးရသေးကြောင်းလည်း တရားလိုများက ဆိုသည်။

“သူက အတင်းလုပ်ခဲ့တာ ။ သမီးပြန်မပြောရဲဘူး ကြောက်တယ်။ သူ့လက်ထဲကလွတ်လာမှ ဦးလေးကို ပြန်ပြောလိုက်တာ။ အခု သမီး နေလို့မကောင်းဘူး။ အားနည်းနေတယ်” ဟု စခန်းတွင် လာရောက်အမှုဖွင့်သည့် အဆိုပါမျက်မမြင်အမျိုးသမီးက ပြောသည်။

Myanmar Now က ဖတ်ရႈခွင့်ရခဲ့သည့် တိုင်စာတွင် မြန်မာနိုင်ငံ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီ ဒုဥက္ကဋ္ဌ-၂ လည်းဖြစ်သည့် ဦးအောင်ကိုမြင့်သည် အဆိုပါ အမျိုးသမီးအား ဇန်နဝါရီလအတွင်းက မြန်မာနိုင်ငံမျက်မမြင်များအသင်းမှ ဖွင့်လှစ်ထားသော အလုံမြို့နယ်အတွင်းရှိ မျက်မမြင်အနှိပ်ခန်းတွင် စတင် လိင်အမြတ်ထုတ်ခဲ့ခြင်း ဖြစ်ကြောင်းပါရှိသည်။

ထို့နောက် သုံးကြိမ်ထက်မနည်း အဓမ္မပြုကျင့်ခဲ့သည်ဟု အဆိုပါအမျိုးသမီး၏ ဦးလေးက နေပြည်တော်ရှိ မြန်မာနိုင်ငံ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌထံ လိပ်မူပြီး အောက်တိုဘာ ၈ရက်က ပေးပို့သည့်တိုင်ကြားစာတွင် ရေးသားထားသည်။

စွပ်စွဲခံရသည့် ဦးအောင်ကိုမြင့်က သူ့အပေါ်စွပ်စွဲချက်များအား တရားဥပဒေကြောင်းအရ ရင်ဆိုင်ရန် ပြင်ဆင်နေသည်ဟု Myanmar Now ကို ပြောသည်။

“ကျွန်တော်က အခြေခံဥပဒေနဲ့အတူ ရင်ဆိုင်မှာပါ။ အသရေဖျက်နေတဲ့ သူတွေလည်း အွန်လိုင်းပေါ် ကလူတွေလည်း အသရေဖျက်တဲ့အတွက်ကြောင့် သူတို့တာဝန်ခံရပါလိမ့်မယ်။

ဒါပဲပြောချင်ပါတယ်” ဟု မြန်မာနိုင်ငံမျက်မမြင်များအသင်းချုပ်၏ ဥက္ကဋ္ဌလည်းဖြစ်သူ ၎င်းက ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button