ရန်ကုန် – မြန်မာနိုင်ငံမြောက်ပိုင်း၊ အရှေ့ပိုင်း တိုင်းရင်းသားဒေသအများအပြားမှာ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အသာစီးရတာဟာ ကြိုတင်မဲမသမာမှုတွေကြောင့်ဖြစ်တယ်ဆိုပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က နိုဝင်ဘာ ၉ ရက်နေ့မှာ ပြောလိုက်ပါတယ်။
ရွေးကောက်ပွဲမှာ မဲအသာစီးနဲ့ ဦးဆောင်နေတဲ့ NLD ပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းထိန်က ရွေးကောက်ပွဲနေ့တုန်းက ထောင်နဲ့ချီတဲ့ကြိုတင်မဲတွေဟာ သတ်မှတ်ထားတဲ့ မဲပေးချိန် ကျော်လွန်ပြီးနောက်မှာ မဲရုံတွေကို ရောက်လာကြတယ်လို့ ဆိုပါတယ်။ အဲဒီမဲတွေကြောင့် မဲဆန္ဒနယ်တချို့မှာ ပြည်ခိုင်ဖြိုးပါတီက ထောက်ခံမဲတွေ အများကြီး ထပ်ရသွားခြင်းဖြစ်တယ်လို့ သူက ပြောပါတယ်။
ကယားပြည်နယ်မှ လွိုင်ကော်၊ ကချင်ပြည်နယ်မှ မြစ်ကြီးနားမြို့၊ ရှမ်းပြည်နယ်မှ တောင်ကြီး၊ လားရှိုး၊ ကလောမြို့တွေမှာ မဲမသမာမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သူက ပြောပါတယ်။
“အမှန်တော့ အဲဒီကြိုတင်မဲတွေဟာ ဥပဒေအရခွင့်ပြုချိန်ထက် နောက်ကျပြီး ညဉ့်နက်မှ ရောက်လာတဲ့ မဲတွေပါ။ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တာပါ။ တရားမဝင်ပါဘူး” လို့ ဦးဝင်းထိန်က ပြောပါတယ်။
ကလောမြို့မှာ သမားရိုးကျမဟုတ်တဲ့ ကြိုတင်မဲ ၅,ဝဝဝ၊ လွိုင်ကော်မှာလည်း ၂ဝ,ဝဝဝ ရောက်ရှိခဲ့ကြောင်း ဦးဝင်းထိန်က ပြောပါတယ်။
NLD က အဆိုပါဖြစ်စဉ်များနဲ့ ပတ်သက်ပြီး ကလောမြို့နယ် ရွေးကောက်ပွဲကော်မရှင်မှာ ကန့်ကွက်တိုင်ကြားထားပြီး ဆက်လက်တိုင်ကြားမှုများ လုပ်ဆောင်မယ်လို့ သူက ပြောပါတယ်။
ဒုသမ္မတစိုင်းမောက်ခမ်း ဝင်ရောက်ယှဉ်ပြိုင်တဲ့ လားရှိုးမှာတော့ တိုင်ကြားမှုကို ကော်မရှင်က ပယ်ချခဲ့တယ်လို့ ဆိုပါတယ်။
NLD နဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကိုယ်စားလှယ်တွေက လားရှိုးမှာဖြစ်တဲ့ မဲမသမာမှုတွေကို လက်မှတ်ထိုးပြီး ကော်မရှင်ကို တိုင်ကြားထားတာကို ဧရာဝတီသတင်းဌာနရဲ့ Facebook စာမျက်နှာမှာ ဖော်ပြခဲ့ပြီး ထပ်မံရောက်ရှိလာတဲ့ ကြိုတင်မဲ ၁၁,၈၁၅ မဲ ရှိတယ်လို့ ရေးထားပါတယ်။
ဒီစာမှာ “(၁) မဲဆန္ဒနယ်တိုင်းအတွက် ရောက်ရှိကြိုတင်မဲ စုစုပေါင်း (၁၁၈၁၅) မဲဆိုသည်မှာ လားရှိုးမြို့နယ်အတွက် အဆမတန် များပြားလွန်းနေသည်” လို့ ဖော်ပြထားပါတယ်။
ဒီမဲတွေအားလုံးနီးပါးဟာ ပြည်ခိုင်ဖြိုးပါတီအတွက်ပဲဖြစ်နေတာ အင်မတန် အံ့သြဖို့ ကောင်းပါတယ်လို့ ဒီစာမှာ ရေးထားတာ တွေ့ရပါတယ်။
လားရှိုးခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်မောင်ရွှေကတော့ ကော်မရှင်အဖွဲ့ခွဲတွေအနေနဲ့ စည်းကမ်းချိုးဖောက်မှု မရှိဘူးလို့ ငြင်းဆိုထားပါတယ်။
“ဒါဟာ နားလည်မှုလွဲတာပါ။ ဒီမဲတွေ (ကြိုတင်မဲတွေ) နောက်ကျမှ ရောက်လာတာ မဟုတ်ပါဘူး။ ကော်မရှင်ရုံးကို မဲရုံမပိတ်ခင်ကတည်းက ရောက်လာတာပါ” လို့ သူက Myanmar Now ကို ပြောပါတယ်။
“၁၁,ဝဝဝ ကျော်ဆိုတာလည်း မဟုတ်ပါဘူး။ ၄ဝဝ တောင်မှ မပြည့်ဘူး။ ရပ်ကွက်/ကျေးရွာ ကော်မရှင်တွေက ရလဒ်တွေကို စောင့်နေလို့ ကျွန်တော်တို့ ဒီမဲတွေကို ရေလို့မပြီးသေးပါဘူး။ ဒီနေ့ ညနေပိုင်းလောက်မှ သိနိုင်မှာပါ” လို့ သူက ပြောပါတယ်။
၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲကာလအတွင်းကလည်း ကြိုတင်မဲများမှာ မဲမသမာမှုအများအပြား ဖြစ်ပါတယ်။ စစ်တပ်က ထောက်ခံထားတဲ့ ပြည်ခိုင်ဖြိုးပါတီ အနိုင်ရမယ့်အခြေအနေမှာ ရောက်ရှိလာတဲ့ အဲဒီ ကြိုတင်မဲတွေကြောင့် ရွေးကောက်ပွဲရလဒ်များ ပြောင်းလဲခဲ့ရကြောင်းလည်း လေ့လာစောင့်ကြည့်သူများက ပြောပါတယ်။
လားရှိုးမြို့မှာတော့ မဲရုံတာဝန်ခံများက မဲပုံးတွေ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ကို ပြန်ပို့ရာမှာ မိတ္တူဆိုင်တစ်ဆိုင်ထဲကို မဲပုံးတွေ သယ်သွားခဲ့တယ်လို့လည်း တိုင်ကြားထားကြောင်းလည်း ဦးတင်မောင်ဆွေက ပြောပါတယ်။ ဒေသတွင်း သတင်းထောက်တွေက အဲဒီလိုယူသွားတဲ့ပုံကို ဓာတ်ပုံရိုက်ပြီး ပါတီကိုယ်စားလှယ်တွေကလည်း တိုင်ကြားထားတယ်လို့ ဆိုပါတယ်။
“ပါတီတွေ မီဒီယာတွေနဲ့ တွေ့ဆုံဆွေးနွေးပြီးပါပြီ။ ရပ်/ကျေးကော်မရှင်တွေက ဒီလိုယူမသွားရဘူးဆိုတာ မသိလို့ ဖြစ်သွားတယ်ဆိုတာ ရှင်းပြထားပါတယ်။ နောက်ဆုံးမှာတော့ ကလိမ်ကကျစ်လုပ်ဖို့ အခုလိုလုပ်တာမဟုတ်ဘူးဆိုတာ သိသွားကြပြီး အားလုံးပြေလည်သွားပါပြီ” လို့ ဦးတင်မောင်ရွှေက ပြောပါတယ်။
NLD အနေနဲ့ ရန်ကုန်တိုင်းအတွင်း မြို့နယ်အများအပြားအပါအဝင် နိုင်ငံအနှံ့နေရာ အများအပြားမှာ အနိုင်ရရှိထားပါတယ်။ ဧရာဝတီ၊ စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီးတွေမှာ ၇ဝ ရာခိုင်နှုန်း အနိုင်ရထားပြီလို့ ဦးဝင်းထိန်က ပြောပါတယ်။
ရွေးကောက်ပွဲကော်မရှင်ရဲ့ ပထမဆုံးထုတ်ပြန်မယ့် ရလဒ်ကတော့ နိုဝင်ဘာ ၉ ရက် တနင်္လာနေ့မှာ ထွက်ပေါ်လာနိုင်ဖွယ်ရှိပါတယ်။ ။