ရွေးကောက်ပွဲသည် အောင်မြင်မှုရပြီး အများမျှော်လင့်ထားသည်ထက် ပိုမိုအဆင်ပြေခဲ့သည်ဟု နိုင်ငံတကာမှ စောင့်ကြည့်လေ့လာသူတို့က အင်္ဂါနေ့တွင် ပြောသည်။
ဥရောပသမဂ္ဂ (EU) ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့၏ လေ့လာရေးမှူးချုပ် Alexander Graf Lambsdorff က မြန်မာ့ ဒီမိုကရေစီ အကူးအပြောင်း၏ သမိုင်းဝင် အချိတ်အဆက်ဖြစ်သော ဤရွေးကောက်ပွဲတွင် မဲပေးမှု၊ မဲရေတွက်မှုများ စနစ်တကျ ရှိခဲ့သည်ဟု ချီးကျူးလိုက်ပြီး ကြိုတင်မဲ၊ မွတ်စလင်လူနည်းစုတို့ ကန့်သတ်ခံရမှု၊ ရွေးကောက်ခံရခြင်းမရှိသော တပ်မတော်သားကိုယ်စားလှယ်များ လွှတ်တော်တွင် ရောက်ရှိနေမှုနှင့် ပတ်သက်ပြီး စိုးရိမ်ကြောင်း ပြောလိုက်သည်။
“လူတွေအများကြီး အေးအေးဆေးဆေးနဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်မှာ ပါဝင်ခဲ့ကြတာ အံ့သြဖို့ကောင်းပါတယ်။ ရွေးကောက်ပွဲအစီအစဉ်က ဟိုတုန်းက အများ ယူဆထားကြတာထက် ပိုပြီး အဆင်ပြေခဲ့ပါတယ်။ လုပ်ငန်းစဉ်ဟာ အလုံးစုံနီးပါး အေးအေးချမ်းချမ်းပဲ ပြီးဆုံးခဲ့ပါတယ်” ဟု Lambsdorff က ရန်ကုန်မြို့ သတင်းစာရှင်းလင်းပွဲတွင် ပြောလိုက်သည်။
သို့သော်လည်း အနာဂတ်တွင် စစ်မှန်သည့် ရွေးကောက်ပွဲများ ဖြစ်ပေါ်ရေးအတွက် ပြုပြင်ပြောင်းလဲမှုများ ထပ်မံ လိုအပ်နေသေးသည်ဟု သူက ဆိုသည်။
ဥရောပသမဂ္ဂ ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့က လေ့လာသူ ၁၅ဝ ကို နိုင်ငံအနှံ့မဲရုံများသို့ စေလွှတ်ပြီး မဲပေးမှု၊ မဲရေတွက်မှု လုပ်ငန်းစဉ်ကို လေ့လာစောင့်ကြည့်ရာ ၉၅ ရာခိုင်နှုန်းမှာ “ကောင်းသည်” သို့မဟုတ် “အလွန်ကောင်းသည်” ဟု စောင့်ကြည့်လေ့လာသူတို့က သတင်းပို့ခဲ့ကြသည်ဟု ဆိုသည်။
ရွေးကောက်ပွဲမတိုင်ခင်က မဲစာရင်းမပြည့်စုံမှု၊ ကြိုတင်မဲပေးမှုလုပ်ငန်းစဉ်၊ စစ်တပ်နယ်မြေအတွင်းမဲပေးမှုအခြေအနေတို့နှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ ရှိခဲ့သည်။
မဲရုံ ၇ ရာခိုင်နှုန်းခန့်တွင် မဲဆန္ဒရှင်တို့ ၎င်းတို့အမည်ကို မဲစာရင်းတွင်ရှာမတွေ့သည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။
ဤပြဿနာသည် ရွေးကောက်ပွဲမတိုင်ခင် ပေါ်ပေါက်ခဲ့သည့် စိုးရိမ်ဖွယ်အခြေအနေထက် များစွာ လျော့နည်းခဲ့သည်ဟု ဥရောပသမဂ္ဂ ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့၏ လေ့လာရေးမှူးချုပ်က ပြောသည်။
“လေ့လာခွင့်ရရှိမယ်လို့ ကနဦးပြောကြားခဲ့ပေမယ့် စစ်တပ်နယ်ပယ်အတွင်းက မဲဆန္ဒနယ် ပြင်ပ ကြိုတင်မဲပေးမှုတွေကို ဥရောပသမဂ္ဂ ရွေးကောက်ပွဲလေ့လာသူတွေ လေ့လာခွင့် မရခဲ့ပါဘူး” ဟု သူက ပြောသည်။
အတိုက်အခံတို့ သပိတ်မှောက်ခဲ့သည့် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် အများဆုံး အပြစ်တင်ခံရမှုများထဲတွင် ကြိုတင်မဲလုပ်ငန်းစဉ်က အများဆုံး ပါဝင်ခဲ့သည်။
လွတ်လပ်သော အာရှ ရွေးကောက်ပွဲ စောင့်ကြည့်သူများ ကွန်ရက် (ANFREL) ကိုယ်စားလှယ်များကလည်း ၂၀၁၅ ရွေးကောက်ပွဲကို စောင့်ကြည့်ခဲ့သည်။ ၎င်းတို့ကလည်း ကြိုတင်မဲလုပ်ငန်းစဉ်၊ အထူးသဖြင့် ဒေသတချို့ရှိ စစ်ဘက် ရဲဘက် ကြိုတင်မဲပေးကြပုံကို လေ့လာစောင့်ကြည့်မှုတွင် အခက်အခဲနှင့် ရင်ဆိုင်ရသည်ဟု ၎င်းတို့ထုတ်ပြန်သည့် ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။
လွှတ်တော်အတွင်း တပ်မတော်၏နေရာ
လွှတ်တော်အတွင်း နေရာများတွင် တပ်မတော်သားတို့က ၂၅ ရာခိုင်နှုန်း ရှိနေခြင်းသည် ရွေးကောက်ပွဲ စစ်မှန်မှုကို ထိခိုက်စေသည်ဟု ဥရောပသမဂ္ဂ ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့၏ လေ့လာရေးမှူးချုပ်က ပြောသည်။ ၂ဝဝ၈ အခြေခံဥပဒေအရ လွှတ်တော်အတွင်း သတ်မှတ်ထားသည့်ကိုယ်စားလှယ်နေရာများ၏ ၂၅ ရာခိုင်နှုန်းကို ရွေးကောက်ပွဲမဝင်သည့် တပ်မတော်အရာရှိများအတွက် ဖယ်ထားရမည်ဖြစ်သည်။
“လွှတ်တော်အတွင်း နေရာအားလုံးအတွက် ရာနှုန်းပြည့် ရွေးကောက်တင်မြှောက်ထားတာမျိုး မဟုတ်သရွေ့တော့ နိုင်ငံတကာက နားလည်ထားတဲ့ စစ်မှန်တဲ့ရွေးကောက်ပွဲမျိုး မဟုတ်သေးပါဘူး” ဟု EU ရွေးကောက်ပွဲလေ့လာရေးမှူးချုပ် Lambsdorff က ပြောသည်။
ယခုအချိန်အထိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည့် ရလဒ်များအရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အပြတ်အသတ် အနိုင်ရနေပြီး စစ်တပ်နှင့် ဆက်နွှယ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက နေရာ အနည်းငယ်တွင်သာ အနိုင်ရထားသည်။
ဘီဘီစီ နှင့် ဆက်သွယ်မေးမြန်းခန်းတစ်ခုတွင် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူ့ပါတီအနေဖြင့် ၇၅ ရာခိုင်နှုန်း နိုင်မည်ဟု ယုံကြည်ကြောင်း ပြောသည်။
NLD သည် လွှတ်တော်တွင် သုံးပုံနှစ်ပုံ နေရာ ရရှိပါမှ အစိုးရဖွဲ့နိုင်မည်ဖြစ်သည်။
EU ရွေးကောက်ပွဲလေ့လာရေးမှူးချုပ် Lambsdorff က ပြောဆိုရာတွင် အာဏာရပါတီမှ အထင်ကရများက ၎င်းတို့ ရှုံးနိမ့်ကြောင်း ဝန်ခံပြောဆိုမှုများအတွက် အားတက်မိသည်ဟု ဆိုသည်။
“ရှုံးတဲ့သူတွေ ရလဒ်ကို လက်ခံတယ် ဆိုတာက ရွေးကောက်ပွဲကို ယုံကြည်စိတ်ချမှုတွေ ဖြစ်စေတဲ့၊ ရလဒ်ကိုလည်း တည်တံ့ခိုင်မြဲစေတဲ့သဘောရှိတယ်” ဟု သူက ပြောသည်။
ရခိုင်ပြည်နယ်ရှိ ကိုယ့်ကိုယ်ကိုယ် ရိုဟင်ဂျာဟု ခေါ်ပြီး အစိုးရက ဘင်္ဂါလီဟု သတ်မှတ်ထားသော မွတ်စလင်အရေအတွက် တစ်သန်းကျော်မှာ ရွေးကောက်ပွဲတွင် ပါဝင်နိုင်ခြင်း မရှိပေ။
ယခင်က ၎င်းတို့ထဲမှ အများအပြား ရွေးကောက်ပွဲကျင်းပတိုင်း မဲပေးခွင့် ရကြသော်လည်း ယခုရွေးကောက်ပွဲတွင် ထိုအခွင့်အရေး မရရှိခြင်းမှာ နားလည်ရ ခက်လှသည်ဟု သူက ဆိုသည်။
ဤဖြစ်ရပ်သည် ရွေးကောက်ပွဲပြဿနာသက်သက်သာ မဟုတ်ဟု သူက ဆိုသည်။
ANFREL ၏ ကြေညာချက်ထဲတွင်လည်း ရိုဟင်ဂျာ/ဘင်္ဂါလီတို့အပါအဝင် လူအများအပြား မဲပေးခွင့်မရရှိခြင်းကြောင့် စိတ်ပျက်မိသည်ဟု ဖော်ပြထားပြီး ဤဖြစ်ရပ်မှာ ရွေးကောက်ပွဲဖြစ်စဉ်တွင် သိသိသာသာအဖြစ်ဆုံးသော ကျရှုံးမှုဖြစ်သည်ဟု ဆိုသည်။
“ရွေးကောက်ပွဲမှာ မြန်မာပြည်သူတွေ အားလုံး ဘာလူမျိုးဖြစ်ပါစေ၊ ဘယ်ဘာသာကို ကိုးကွယ်ပါစေ ပါဝင်သင့်ပါတယ်၊ ပါဝင်ရပါမယ်” ဟု ANFREL ၏ လေ့လာရေးအဖွဲ့ အကြီးအကဲ Damaso Magbual က ပြောသည်။
ဥရောပသမဂ္ဂ ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့သည် ဒီဇင်ဘာ ၂ ရက်နေ့အထိ မြန်မာပြည်တွင် ဆက်ရှိနေဦးမည်ဖြစ်ပြီး မဲရေတွက်ခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုကို ဖြေရှင်းခြင်းတို့ကို လေ့လာမည်ဟု သိရသည်။ ရွေးကောက်ပွဲအစီရင်ခံစာ အပြည့်အစုံကိုမူ နောက်ပိုင်းတွင် ဆက်လက် ထုတ်ဝေမည်ဟု သိရသည်။ ။