သတင်း

‘ဇီးပင်ကြီးစစ်တမ်း’ ရေးသူကို 7Day က သူရဲကောင်းဆုချီးမြှင့်

ရန်ကုန် – အထက်မြန်မာပြည်ဗဟိုဝန်ထမ်းတက္ကသိုလ် (ဇီးပင်ကြီး) တွင် လူမျိုးရေး၊ ဘာသာရေး ဝါဒမှိုင်းများ သင်ကြားပို့ချနေကြောင်း လူမှုကွန်ရက် ဖေ့စ်ဘွတ်ပေါ်တွင် ဖွင့်ချရေးသားခဲ့သူ မိုးကုတ်မြို့ပြည်သူ့ဆေးရုံမှ လူငယ် သွားနှင့်ခံတွင်းဆရာဝန်ကို ရန်ကုန်အခြေစိုက် ပြည်တွင်းမီဒီယာဖြစ်သော 7Day သတင်းစာက နှစ်စဉ်ပေးအပ်နေကျ သူရဲကောင်းဆုကို ချီးမြှင့်လိုက်သည်။

ဇီးပင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ် အရာရှိလောင်းသင်တန်းတက်ရောက်ခဲ့စဉ်က သင်တန်းပြဆရာအချို့သည် ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်ဝါဒများ ပို့ချနေကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးမရရှိရခြင်းသည် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ၏ စေတနာချို့တဲ့မှုများကြောင့်ဖြစ်သည်ဟု ပို့ချနေကြောင်း အသက် ၂၆ နှစ်အရွယ် ဒေါက်တာစိုးသူရဇော်က ‘ဇီးပင်ကြီးစစ်တမ်း’ ခေါင်းစဉ်ဖြင့် Facebook ပေါ်တွင် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ဆက်တိုက်ရေးသားခဲ့သည်။

ထိုသို့ ရေးသားခဲ့သည့်နောက်ပိုင်း ပြည်သူလူထုအတွင်းမှာရော၊ အုပ်ချုပ်ရေးလောကပိုင်းမှာပါ များစွာ ဂယက်ရိုက်ခတ်ခဲ့သည်။ အမှန်တရားကို သတ္တိရှိရှိဖွင့်ချခဲ့သည့် အဆိုပါ သွားဆရာဝန်ကို ယနေ့ ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံ၌ ကျင်းပသည့် 7 Day သတင်းမီဒီယာက ချီးမြှင့်သည့် သူရဲကောင်းဆုပေးပွဲတွင် သူရဲကောင်းဆု ချီးမြှင့်ခြင်းဖြစ်သည်။

ဒေါက်တာစိုးသူရဇော်သည် ‘ဇီးပင်ကြီးစစ်တမ်း’ ကို ပြည်သူ့ဝန်ထမ်းတာဝန်ကို ထမ်းဆောင်လျက်နှင့်ပင် ရေးသားခဲ့ခြင်းဖြစ်သည်။ ၎င်းသည် မိုးကုတ်ပြည်သူ့ကျန်းမာရေးဆေးရုံတွင် သွားနှင့်ခံတွင်းကျန်းမာရေးဦးစီးအရာရှိအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။

‘ဇီးပင်ကြီးစစ်တမ်း’ကို ရေးသားပြီး မကြာမီတွင် ဗဟိုဝန်ထမ်းတက္ကသိုလ်က ၎င်းအား ဝန်ထမ်းစည်းမျဉ်းစည်းကမ်းဖောက်ဖျက်မှုဖြင့် အရေးယူရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ အကြောင်းကြားစာပေးပို့ခဲ့သောကြောင့် ဒီဇင်ဘာလတွင် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဒေါက်တာစိုးသူရဇော်အား ဌာနတွင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ထိုကဲ့သို့ပြုလုပ်သည့်အပေါ် ရာပေါင်းများစွာသော ဆရာဝန်များနှင့် မြန်မာပြည်သူများက လူမှုကွန်ရက်ပေါ်တွင် ရှုတ်ချဝေဖန်ခဲ့ကြပြီး ဒေါက်တာစိုးသူရဇော်ရေးသားချက်များ မှန်ကန်ကြောင်းနှင့် ၎င်းတို့ကိုယ်တိုင် သက်သေထွက်ပေးနိုင်ကြောင်း၊ ဝါဒမှိုင်းများ ခေတ်အဆက်ဆက်ဖြန့်ချိနေသည့် ဗဟိုဝန်ထမ်းတက္ကသိုလ်များကို ဖျက်သိမ်းသင့်ပြီဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သင့်ပြီဖြစ်ကြောင်း ရေးသားခဲ့ကြသည်။

ထို့ပြင် ပြည်ထောင်စုရာထူးဝန်အဖွဲ့၌ ဖွင့်လှစ်သည့် Master in Public Administration (ပြည်သူ့အုပ်ချုပ်ရေးမဟာဘွဲ့သင်တန်း) များနှင့် ပါရဂူဘွဲ့သင်တန်းများတွင် ရာထူးဝန်အဖွဲ့နှင့် ပူးပေါင်းဖွင့်လှစ်နေသည်ဆိုသော အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီရှိ Akami University နှင့် မလေးရှားနိုင်ငံရှိ EDS Business School တို့သည် လုပ်စားဘွဲ့လက်မှတ်အတုများ ပြုလုပ်ခဲ့သည်ဟု ဝေဖန်သံများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာသည့်နောက် အဆိုပါတက္ကသိုလ်ကျောင်းနှစ်ကျောင်းနှင့် ဇန်နဝါရီလမှစ၍ လက်တွဲဖြုတ်လိုက်ပြီဟု သမ္မတရုံး၏ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ထုတ်ဖော်အသိပေးခဲ့သည်။ ရာထူးဝန်အဖွဲ့သည် ဗဟိုဝန်ထမ်းတက္ကသိုလ်နှစ်ခုကို စီမံကွပ်ကဲနေသည့်အဖွဲ့ဖြစ်သည်။

ထို့နောက်တွင် ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေးဝေဖန်တိုက်ခိုက်ခဲ့သူ ဇီးပင်ကြီးတက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာနမှူး ပါမောက္ခဒေါက်တာထွန်းမင်းကိုလည်း ဌာနပြောင်းရွှေ့ခဲ့သည်။

ဒေါက်တာစိုးသူရဇော်သည် အရေးယူမခံခဲ့ရဘဲ အစိုးရကရော ပြည်သူကပါ ချီးမွမ်းခြင်းကို ခံခဲ့ရသည်။

“ဒီကိစ္စဖြစ်သွားတာ ကျွန်တော့်ရဲ့ကြိုးပမ်းအားထုတ်မှုက နည်းပါတယ်။ အဓိကကတော့ ပြည်သူတွေက သူတို့ဟာသူတို့ ဝေဖန်ပိုင်းခြားပြီး ဒါဟာဖြစ်သင့်တယ်၊ မဖြစ်သင့်ဘူးဆိုပြီး ဆုံးဖြတ်သွားတာပါပဲ။ ကျွန်တော်ရဲ့ ကိုယ်ပိုင်အားထုတ်မှုထက် ပြည်သူတွေရဲ့ အားထုတ်မှုကြောင့် ဒီဆုကိုရတာပဲ။ ဒါ့ကြောင့် ဒီဆုကိုတက်ယူတာကလည်း ပြည်သူတွေကို ကိုယ်စားပြုပြီး တက်ယူခဲ့တာဖြစ်တယ်” ဟု ဒေါက်တာစိုးသူရဇော်က Myanmar Now ကို ပြောသည်။

ဒေါက်တာစိုးသူရဇော်ကို အကြောင်းပြု၍ အစိုးရ၏ ပြည်ထောင်စုရာထူးဝန်အဖွဲ့က စီမံဖွင့်လှစ်ထားသည့် ဇီးပင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်နှင့် အောက်မြန်မာပြည် လှည်းကူးမြို့နယ်ရှိ ဖောင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်တို့အပေါ် ဝေဖန်မှုများပေါ်ထွက်ခဲ့သော်လည်း ကြီးမားသည့်ပြုပြင်ပြောင်းလဲမှုများ ယနေ့တိုင် ဖြစ်ပေါ်လာခြင်းမရှိပေ။

ဒေါက်တာစိုးသူရဇော်ကတော့ ဖြစ်ခဲ့သည့်ဖြစ်စဉ်အတွက် ပြစ်ဒဏ်ပေးခြင်းများထက် မူဝါဒပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဖြစ်ပေါ်ရေးကိုသာ မျှော်လင့်ကြောင်း ဆိုသည်။

လက်ငင်းအကျိုးဆက်အားဖြင့် အစိုးရဌာနဆိုင်ရာများ၌ မတော်မတရားမှုများရှိလာတိုင်း သူ့လိုပင် ဖော်ထုတ်ဝံ့သူအများအပြား ပေါ်ထွက်လာမည်ဟု အခိုင်အမာယုံကြည်ကြောင်း သူက ပြောဆိုသည်။

“ခုလိုပွင့်လင်းမြင်သာလာတဲ့အချိန်မှာ ကျွန်တော့်ကိစ္စက ဖြစ်သွားတယ်ဆိုတော့ အလားတူ ပြောချင်တဲ့သူတွေအတွက် အားတွေအများကြီးဖြစ်သွားမှာပါ။ အရင်ကတော့ မှားရင်ဖြစ်ဖြစ်၊ မှန်ရင်ဖြစ်ဖြစ် ရေငုံနှုတ်ပိတ်နေကြတာပေါ့” ဟု ဒေါက်တာစိုးသူရဇော်က ပြောသည်။

Show More

Related Articles

Back to top button