
ILO ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်က “အိမ်အကူလုပ်ငန်းအား တန်ဖိုးထားခြင်း” ဟု အမည်ပေးထားသည့် ဆွေးနွေးပွဲ တစ်ခုကို ကြာသပတေးနေ့က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည်။
ပုံတွင် တွေ့ရသူများမှာ
Three Good Spoons သင်တန်းကျောင်း တည်ထောင်သူ Mrs. Alison Carter ၊ ILO မြန်မာရုံး၏ စီမံကိန်းညှိနှိုင်းရေးမှူး ဒေါ်ဝေနှင်းပို၊
မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ၂ ဦးဝင်းထွန်း၊ Triangle Women Support Group တည်ထောင်သူ ဒေါ်ခင်လေး၊
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်တစ်ဦးဖြစ်သူ ဒေါ်ခင်နွေဦးတို့ ဖြစ်သည်။
အိမ်ဖော်ဟု အများက ခေါ်ဝေါ်သုံးနှုန်းကြသည့် အိမ်အကူ တို့၏ အခွင့်အရေး၊ အလုပ်ရှင်တို့၏ သဘောသဘာဝ၊ အလုပ်သမားဥပဒေ၊ ပြည်ပသို့ အိမ်အကူလုပ်သား စေလွှတ်မှု စသည်တို့မှာ အဓိက ဆွေးနွေးကြသည့် အကြောင်းအရာများထဲတွင် ပါဝင်သည်။
“အိမ်အကူလုပ်ငန်းအား တန်ဖိုးထားခြင်း” ဆွေးနွေးပွဲဖိတ်ကြားလွှာ နိဒါန်းပိုင်းတွင် “သင့်အတွက် ညစာကို မည်သူချက်ပြုတ်ပေးသနည်း။ သင့်အဝတ်အစားများကို မည်သူလျှော်ဖွပ်ပေးပေးသနည်း။ သင့်အိမ်ကို မည်သူသန့်ရှင်းရေးလုပ်ပေးသနည်း။ ဤသို့ လုပ်ဆောင်ပေးသူများအား သင် လုပ်ခလစာ မည်မျှပေးသနည်း” ဟု ဖော်ပြထားသည်။